မာတိကာသို့ ခုန်သွားရန်

တိဗက်

ဝီကီပီးဒီးယား မှ

တိဗက်ဒေသ (အင်္ဂလိပ်: Tibet) သည် အာရှတိုက်အလယ်ပိုင်းရှိ အလွန်မြင့်မားသော ကုန်းမြေမြင့်ပေါ်၌ တည်ရှိသည်။ တောင်ဘက်၌ ဟိမဝန္တာ တောင်တန်း သည် တိဗက်ပြည်ကို အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှ ပိုင်းခြားထားသည်။ တိဗက်သည် ပျမ်းမျှအမြင့်ပေ ၁၆,၀၀၀ ခန့်ရှိသဖြင့် "ကမ္ဘာ့အမိုး" (Roof of the World) ဟုလည်း လူသိများသည်။

တိဗက်
བོད་ (Bod)
ဒေသ
တိဗက်ဒေသ
လာဆာမြို့ရှိ ပိုတာလာနန်းတော်
လာဆာမြို့ရှိ ပိုတာလာနန်းတော်
တိဗက်၏ အလံတော်
အလံတော်
တိဗက်ဒေသ၏ မြေပုံနှင့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများ
တိဗက်ဒေသ၏ မြေပုံနှင့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများ
နိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံ / တိဗက်အဝေးရောက်အစိုးရ (အငြင်းပွားဆဲ)

ကိုဩဒိနိတ်: 31°N 89°E / 31°N 89°E / 31; 89

Cultural/historical, (highlighted) depicted with various competing territorial claims

              တိဗက်အစိုးရမှ နယ်နမိတ်သတ်ထားသော နေရာများ
  တရုတ်မှစီမံထားသော တိဗက်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နေရာဒေသများ
  တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
တရုတ်မှအုပ်ချုပ်သော်လည်း အိန္ဒိယနိုင်ငံမှ လာတက်၏‌ဒေသဟု သတ်မှတ်သောနေရာ
အိန္ဒိယမှအုပ်ချုပ်သော်လည်း တရုတ်မှ "တောင်တိဗက်" ဟူ၍ သတ်မှတ်သောနေရာ
တိဗက်၏ယဉ်ကျေးမှု လွှမ်းမိုးရာဒေသများ
တိဗက်
"တိဗက်" ကို တိဗက်ဘာသာ (အပေါ်) နှင့် တရုတ်ဘာသာ (အောက်) တို့ဖြင့် ရေးသားပုံ
တရုတ်အမည်
တရုတ်西藏
ဆိုလိုရင်း"အနောက်ပိုင်း ဂန် (Western Tsang)"
တိဘက်အမည်
Tibetanတမ်းပလိတ်:Bo-textonly

တိဗက်ဒေသသည် တောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသဖြင့် ယခင်က နိုင်ငံခြားသားများ အရောက်အပေါက် နည်းပါးခဲ့သည်။ တိဗက်လူမျိုးများ ကိုယ်တိုင်ကလည်း ရှေးထုံးတမ်းစဉ်လာနှင့် ဘာသာရေးယုံကြည်မှုကို စွဲမြဲသူများ ဖြစ်ကြသည့်အားလျော်စွာ နှစ်ပေါင်းများစွာကြာအောင် ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှု ကင်းကွာခဲ့ကြသည်။

တိဗက်၏ နယ်နိမိတ်နှင့် ပတ်သက်၍ သတ်မှတ်ချက် အမျိုးမျိုးရှိသည်။

  • တိဗက်အစိုးရ သတ်မှတ်ချက်: သမိုင်းဝင် တိဗက်နယ်မြေတစ်ခုလုံးကို ဆိုလိုသည်။
  • တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ: လက်ရှိ တရုတ်နိုင်ငံမှ စီမံအုပ်ချုပ်နေသော နယ်မြေဖြစ်သည်။
  • တောင်တိဗက်: အိန္ဒိယမှ အုပ်ချုပ်သော်လည်း တရုတ်မှ ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားသော ဒေသဖြစ်သည်။
  • အက်ဆိုင်ချင် (Aksai Chin): တရုတ်မှ အုပ်ချုပ်သော်လည်း အိန္ဒိယက လာတက် (Ladakh) ဒေသအဖြစ် သတ်မှတ်ထားသည်။

တိဗက်လူမျိုးအများစုသည် ဗုဒ္ဓဘာသာ (တိဗက်ဗုဒ္ဓဘာသာ) ကို ကိုးကွယ်ကြပြီး ဒလိုင်းလားမား (Dalai Lama) သည် ၎င်းတို့၏ အထွတ်အထိပ် ဘာသာရေးခေါင်းဆောင် ဖြစ်သည်။

တိဗက်ကလေးငယ်

ပထဝီဝင်

[ပြင်ဆင်ရန်]

တိဗက်ပြည်သည် အာရှတိုက် အလယ်ပိုင်း၊ ဟိမဝန္တာနှင့် ကွန်းလွန်းတောင်တန်းကြီးများအကြား၊ အနောက်ဘက်ပြည်နယ်မှ အရှေ့ဘက် တရုတ်နိုင်ငံအထိ ရှည်လျားသော ကုန်းမြေမြင့်ပေါ်တွင် တည်ရှိသည်။ တောင်ဘက်တွင် အာသံဘူတန်ဆစ်ကင်နှင့် နီပေါပြည်တို့ရှိ၍၊ မြောက်ဘက်တွင် ဆင်ကျန်နယ်နှင့် အရှေ့ဘက်တွင် တရုတ်ပြည်နယ်များဖြစ်သော ကိုကိုးနော်(ချင်ဟိုင်း)နှင့် ဆီကန်နယ်တို့ ရှိကြသည်။ အကျယ်အဝန်းမှာ ၄၇ဝ,ဝဝဝ စတုရန်းမိုင်ခန့်ဖြစ်၍၊ အရှေ့နှင့်အနောက် မိုင်ပေါင်း ၈ဝဝ၊ တောင်နှင့်မြောက် မိုင်ပေါင်း ၆ဝဝ ရှိလေသည်။ လူဦးရေ ၃ သန်းခန့် ရှိသည်။ မြို့တော်မှာ လာဆာမြို့ ဖြစ်သည်။

ဧဝရက်တောင်၏ မြောက်ဘက်ခြမ်း

တိဗက်ပြည်သည် ပေပေါင်း ၁၆ဝဝဝ ကျော်မြင့်သော လွင်ပြင်များနှင့် ပေပေါင်း ၂ဝဝဝဝ ကျော်မြင့်သော တောင်တန်းများ ဖြတ်သန်းလျက်ရှိသည့် ကုန်းမြေမြင့်ကြီးတစ်ခု ဖြစ်သည်။ ယန်ဇီမြစ်မဲခေါင်မြစ်နှင့် သံလွင်မြစ်ဟူသော အာရှတိုက်ရှိ မြစ်ကြီးများ မြစ်ဖျားခံရာ အရပ်လည်း ဖြစ်သည်။ တိဗက်ပြည်သည် ဆီးနှင်း အစဉ်မပြတ်ကျ၍၊ ခြောက်သွေ့အေးမြသော တိုင်းပြည်ဖြစ်၏။ တိဗက်ပြည် မြောက်ပိုင်းသည် တောင်ပိုင်းထက် အထူးသဖြင့် အေး၍ ခြောက်သွေ့သဖြင့် သစ်ပင်ဝါးပင် ရှားပါး၏။ အတွင်းကျသော ချိုင့်ဝှမ်းများ၌ ဆားငန်အိုင်များစွာရှိသည်။ တောင်ပိုင်းရှိ ချိုင့်ဝှမ်း အရပ်ဒေသများတွင်ကား ထွန်ယက်စိုက်ပျိုးနိုင်သည်။ တိဗက်ပြည်တွင် မကြာခဏလိုပင် နှင်းများသည်း ထန်စွာကျ၍၊ လေပြင်းတိုက်တတ်သည်။ ထိုအခါ နှင်းမုန်တိုင်းသဖွယ် ဖြစ်တတ်၏။ အများအားဖြင့် နွေရာသီတွင် မိုးရွာသွန်း၍၊ တစ်နှစ်လျှင် မိုးရေချိန် ၈ လက်မမှ ၁ဝ လက်မအထိရွာသည်။ မြောက်ပိုင်းတွင် စာမရီနှင့် သိုးဆိတ်တို့ စားသုံးရန်အတွက်ဖြစ်သော မြက်ပင်၊ ချုံဖုတ်များသာ ပေါက်ရောက်သည်။ တောင်ပိုင်းတွင်ကား စာမရီနှင့် သိုးဆိတ်များမွေးမြူခြင်းအပြင် မုယော၊ အုတ်ဂျုံဂျုံစသည်တို့နှင့် ခါးဥဖြူ၊ အာလူး၊ ပဲအမျိုးမျိုး၊ ရာသီဥတုဒဏ်ခံနိုင်သော ဟင်းသီးဟင်းရွက်တို့ကိုလည်း စိုက်ပျိုးကြသည်။ အများအားဖြင့် တိဗက်လူမျိုးတို့သည် နေထိုင်ရာအတည်တကျ ဟူ၍မရှိဘဲ၊ တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်း သွားလာ နေထိုင်သူများဖြစ်ကြသည်။ အုပ်စုအလိုက် စခန်းသာသောနေရာတို့သို့ လှည့်ပတ်သွားလာကာ စာမရီအမွေးများဖြင့် ပြုလုပ်ထားသောတဲများ ထိုး၍ နေထိုင်တတ်ကြ၏။ အစားအသောက်မှာလည်း များသောအားဖြင့် စာမရီမှရသော နို့နှင့် မုယောတို့ဖြစ်၏။ စာမရီ၏ ချေးကို အခြောက်ပြုလုပ်၍၊ ထင်းဆိုက်ကြသည်။

ဟိမဝန္တာတောင်တန်း

တိဗက်လူမျိုးများသည် တစ်နေရာမှ တစ်နေရာသို့ စာမရီများ၊ မြည်းများကုလားအုတ်များဖြင့် လှည့်လည်သွားလာလေ့ရှိကြသည်။ တရုတ်နိုင်ငံဖက်သို့၎င်း၊ အိန္ဒိယနိုင်ငံဖက်သို့ ၎င်း မြင့်မားမတ်စောက်သော တောင်ကြားလမ်းများကိုဖြတ်၍ ကူးသန်းသွားလာကြရ၏။ လမ်းမကြီးများ၊ မီးရထားလမ်းများဟူ၍ မရှိသည့်ပြင် ဘီးတပ်ယာဉ်ဟူ၍လည်း မရှိသလောက်ပင်ဖြစ်၏။ ကုန်တင်လား၊ မြည်း၊ စာမရီနှင့် မြစ်ချောင်းတွင်း၌ ဖောင်များဖြင့်သာ စာပို့ခြင်း၊ ကူးသန်းသွားလာခြင်း ပြုလုပ်နိုင်ကြလေသည်။ လာဆာမြို့တွင်ကား ယခုအခါတွင် လှိုင်းတိုအသံ ဖမ်းစက်ဖြင့် ကာလကျွှားမြို့နှင့် ဆက်သွယ်၍၊ ကြေးနန်းသတင်းများကို ပို့ယူနေကြ၏။

အိုးလုပ်ခြင်း၊ သိုးမွေးထည်နှင့် ကော်ဇော်များ ရက်လုပ် ခြင်းအစရှိသော အိမ်တွင်းလုပ်ငန်းများ ရှိသော်လည်း၊ မပြော ပလောက်ချေ။ သားမွေး၊ ဆား၊ ရွှေ၊ သားရေစိမ်းနှင့် လက်ချား အစရှိသည်တို့ကို အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ၏။ တရုတ်နိုင်ငံမှ လက်ဖက်ခြောက်၊ ချည်ထည်၊ ပိုးချည်နှင့် အိန္ဒိယနိုင်ငံမှ ဆန်၊ ချည်ထည်နှင့် အခြားထုတ်လုပ်ပြီး ကုန်ပစ္စည်းတို့ကို ဝယ်ယူလေသည်။

သမိုင်း

[ပြင်ဆင်ရန်]

ရှေးဦးသမိုင်းကြောင်း

[ပြင်ဆင်ရန်]

တိဗက်ကုန်းပြင်မြင့်ပေါ်တွင် လူသားများ အခြေချနေထိုင်ခဲ့မှုမှာ ကျောက်ခေတ်ဟောင်းကာလ (လွန်ခဲ့သော နှစ်ပေါင်း ၂၀,၀၀၀ ခန့်) ကတည်းက ဖြစ်နိုင်သည်ဟု ရှေးဟောင်းသုတေသန ပညာရှင်များက ခန့်မှန်းကြသော်လည်း အခြေချနေထိုင်မှု အခိုင်အမာကိုမူ ခရစ်မတိုင်မီ ၃,၀၀၀ ခန့်တွင် စတင်တွေ့ရှိရသည်။

ဒဏ္ဍာရီလာ အစပျိုးခြင်း

[ပြင်ဆင်ရန်]

တိဗက်ဒဏ္ဍာရီများအရ တိဗက်လူမျိုးများသည် မြေမျောက်မင်း (Pha Trelgen Changchup Semp) နှင့် ကျောက်ဆောင်ဘီလူးမ (Ma Drag Sinmo) တို့မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။ တိဗက်၏ ပထမဆုံးသော ဘုရင်မှာ နောင်ခရီ (Nyatri Tsenpo) ဖြစ်ပြီး ခရစ်မတိုင်မီ ၁၂၇ ခုနှစ်တွင် ယာလွန်တောင်ကြား (Yarlung Valley) ၌ ယာလွန်မင်းဆက်ကို စတင်တည်ထောင်ခဲ့သည်ဟု ဆိုကြသည်။

ယာလွန်မင်းဆက်နှင့် တိဗက်အင်ပါယာ

[ပြင်ဆင်ရန်]

တိဗက်သမိုင်းတွင် အထင်ရှားဆုံးနှင့် အင်အားအကြီးဆုံးကာလမှာ အေဒီ ၇ ရာစုတွင် ပေါ်ထွန်းခဲ့သော **တိဗက်အင်ပါယာ** (Tibetan Empire) ကာလဖြစ်သည်။

  • ဆွန်ဆန်ဂမ်ပို (Songtsen Gampo): အေဒီ ၆၁၈ မှ ၆၅၀ ခန့်အထိ အုပ်စိုးခဲ့သော မင်းကြီး ဆွန်ဆန်ဂမ်ပိုသည် တိဗက်ပြည်ကို ပထမဆုံးအကြိမ် စည်းလုံးစေခဲ့သူဖြစ်သည်။ ၎င်းသည် လက်ရှိ လာဆာမြို့ ကို တည်ထောင်ခဲ့ပြီး တိဗက်စာပေနှင့် ဗုဒ္ဓဘာသာကို စတင်မိတ်ဆက်ပေးခဲ့သည်။ ၎င်း၏ မိဖုရားများဖြစ်သော တရုတ်မင်းသမီး ဝမ်ချန်း (Wencheng) နှင့် နီပေါမင်းသမီး ဘရီကုတီ (Bhrikuti) တို့သည် တိဗက်သို့ ဗုဒ္ဓရုပ်ပွားတော်များနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ ယူဆောင်လာရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ []
  • အင်ပါယာချဲ့ထွင်ခြင်း: ၈ ရာစုတွင် တိဗက်အင်ပါယာသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး အာရှအလယ်ပိုင်း၊ တရုတ် (တန်မင်းဆက်) နှင့် အိန္ဒိယမြောက်ပိုင်းဒေသများအထိ ဩဇာလွှမ်းမိုးနိုင်ခဲ့သည်။ ၇၆၃ ခုနှစ်တွင် တိဗက်တပ်မတော်သည် တရုတ်၏ မြို့တော် ချန်အန် (Chang'an) ကိုပင် ခေတ္တသိမ်းပိုက်နိုင်ခဲ့သည်။

အင်ပါယာပြိုကွဲခြင်း (အေဒီ ၉ ရာစု - ၁၃ ရာစု)

[ပြင်ဆင်ရန်]

အေဒီ ၈၄၂ ခုနှစ်တွင် နောက်ဆုံးဧကရာဇ် လန်ဒါမာ (Langdarma) လုပ်ကြံခံရပြီးနောက် တိဗက်အင်ပါယာသည် ပြိုကွဲသွားခဲ့သည်။ ၎င်းနောက်ပိုင်းတွင် တိဗက်ပြည်သည် ဒေသန္တရ မင်းငယ်များ၊ ဘုန်းကြီးကျောင်းဂိုဏ်းဂဏများအကြား အကွဲကွဲအပြားပြား ဖြစ်နေခဲ့ပြီး ဗဟိုအစိုးရ မရှိသော ကာလတစ်ခုသို့ ရောက်ရှိခဲ့သည်။ ဤကာလကို တိဗက်သမိုင်းတွင် "အမှောင်ခေတ်" သို့မဟုတ် "အကွဲအပြားခေတ်" (Era of Fragmentation) ဟု ခေါ်ဆိုကြသည်။

ဤကွဲပြားနေသော အခြေအနေသည် ၁၃ ရာစုတွင် မွန်ဂိုတို့ စတင်ဝင်ရောက်လာချိန်အထိ နှစ်ပေါင်း ၄၀၀ ကျော်ကြာမြင့်ခဲ့သည်။ []

၁၃ ရာစုနှစ်ဦးပိုင်းတွင် မွန်ဂိုဘုရင် ဂျင်ဂစ်ခန် က တိဗက်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ သူ၏မြေးတော် တရုတ်နိုင်ငံ၏ ပထမဆုံး မွန်ဂိုဧကရာဇ် ကူဗလိုင်ခန် သည် လာမာဝါဒီ တစ်ဦး ဖြစ်လာခဲ့ပြီး နိုင်ငံရေးအရ တိဗက်ကို သိမ်းသွင်းရန် ရည်ရွယ်ခဲ့သည်။ ခရစ် ၁၂၇၀ ပြည့်နှစ်တွင် ကူဗလိုင်ခန်သည် သကျ အနွယ်ဝင် လာမာဘုရင်ကို လက်အောက်ခံ တိဗက်ဘုရင်အဖြစ် အသိအမှတ်ပြု ခန့်အပ်ခဲ့သည်။ ၁၃၆၀ ပြည့်နှစ်တွင် သကျနွယ်ဝင်များ အဆက်ပြတ်သွားပြီးနောက် သိကျအနွယ်ဝင် လာမာဘုရင်များက နှစ်ပေါင်း ၃၀၀ မျှ ဆက်လက်အုပ်စိုးခဲ့ကြသည်။

ဒလိုင်းလားမားနှင့် ပန်ချင်လားမား

[ပြင်ဆင်ရန်]

၁၅ ရာစုအစတွင် သကျလာမာဘုရင်၏ တူတော်သည် ဒလိုင်းလားမား ဟူသော အမည်ဖြင့် ထင်ရှားလာခဲ့သည်။ ဒလိုင်းလားမားအား အကြံဉာဏ်ပေးရန် တာရှိလာမာ (ယခုအခါ ပန်ချင်လားမားဟု လူသိများသူ) ကို ခန့်အပ်ခဲ့ရာမှ မင်းဆက်နှစ်ခု ပြိုင်တူပေါ်ပေါက်လာခဲ့သည်။

၁၉၂၅ ခုနှစ်တွင် လာမာဂိုဏ်း နှစ်ဂိုဏ်းကွဲသွားရာ တိဗက်ပြည်သူများက ဒလိုင်းလားမားကို နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်အဖြစ်လည်းကောင်း၊ ပန်ချင်လားမားကို သာသနာရေးဆိုင်ရာ အာဏာပိုင်အဖြစ်လည်းကောင်း ခွဲခြားအသိအမှတ်ပြုခဲ့ကြသည်။

လွတ်လပ်ရေးနှင့် တရုတ်တို့၏ လွှမ်းမိုးမှု

[ပြင်ဆင်ရန်]

တိဗက်သည် နောင်အခါတွင် တရုတ်တို့၏ လက်အောက်သို့ ကျရောက်ခဲ့သော်လည်း ၁၉၁၁ ခုနှစ် တရုတ်ပြည်တော်လှန်ရေးတွင် တရုတ်တို့ကို တိုက်ထုတ်နိုင်ခဲ့သဖြင့် ၁၉၁၃ ခုနှစ်မှစ၍ လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်မှစ၍ တရုတ်ကိုယ်စားလှယ်ကို ထားခွင့်ပေးခဲ့ရသည်။ ၁၉၅၀ ပြည့်နှစ် အောက်တိုဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်သည် တိဗက်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် ပီကင်း (ပေကျင်း) စာချုပ်ကို ချုပ်ဆိုခဲ့သည်။ အဆိုပါစာချုပ်အရ တိဗက်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကို တရုတ်အစိုးရက ကြိုးကိုင်ပြီး ပြည်တွင်းရေးတွင်သာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့သည်။

ပညာရေးနှင့် ဘာသာရေး ယုံကြည်မှု

[ပြင်ဆင်ရန်]

တိဗက်ပြည်တွင် ပညာရေးသည် သာသနာရေးနှင့် ခွဲခြားမရအောင် ရှိနေသဖြင့် ကလေးသူငယ်များသည် ရွာဘုန်းကြီးကျောင်းများတွင် စာသင်ကြရသည်။ အစိုးရအရာရှိများအတွက် လာဆာမြို့တွင် ကျောင်းတော်ကြီး နှစ်ကျောင်းရှိသည်။

တိဗက်ဗုဒ္ဓဘာသာ ဘုန်းကြီးများ

တိဗက်လူမျိုးတို့သည် ဒလိုင်းလားမားကို ဘုရားလောင်းဝင်စားသူဟု ယုံကြည်ကြသည်။ ဒလိုင်းလားမား ပျံလွန်တော်မူလျှင် ဝိညာဉ်တော် ပြန်လည်ဝင်စားသည်ဟု ယူဆရသော ကလေးငယ်ကို ရှာဖွေကာ နန်းတင်ကြသည်။ ၁၃ ဆက်မြောက် ဒလိုင်းလားမား ၁၉၃၃ ခုနှစ်တွင် ပျံလွန်ပြီးနောက် ၁၄ ဆက်မြောက် ဒလိုင်းလားမားကို ၁၉၄၀ ပြည့်နှစ်တွင် နန်းတင်ခဲ့ပြီး ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အာဏာလွှဲအပ်ခဲ့သည်။

လက်ရှိအခြေအနေ

[ပြင်ဆင်ရန်]

ယခုအခါ တိဗက်ဒေသသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Tibetan Autonomous Region - TAR) အဖြစ် တည်ရှိနေပြီး တရုတ်ဗဟိုအစိုးရ၏ တိုက်ရိုက်စီမံခန့်ခွဲမှုအောက်တွင် ရှိသည်။

တရုတ်အစိုးရသည် တိဗက်ကုန်းပြင်မြင့်ကို ခေတ်မီလာစေရန် အကြီးစားစီမံကိန်းများကို ဆက်တိုက်အကောင်အထည်ဖော်လျက်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံး ရထားလမ်းဖြစ်သည့် ချင်းဟိုင်း-တိဗက် ရထားလမ်း (Qinghai–Tibet railway) သည် လာဆာမြို့ကို တရုတ်ပြည်မကြီးနှင့် ချိတ်ဆက်ပေးထားပြီး၊ ယခုအခါ လာဆာ-ညီယန်ချီ (Nyingchi) ကျည်ဆန်ရထားလမ်းကိုပါ တိုးချဲ့ဖောက်လုပ်ထားပြီးဖြစ်သည်။ လာဆာ ဂုံဂါလေဆိပ်အပါအဝင် ခေတ်မီလေဆိပ် ၅ ခုထက်မနည်း လည်ပတ်လျက်ရှိသည်။ယန်ဇီမြစ်နှင့် မဲခေါင်မြစ်တို့၏ မြစ်ဖျားခံရာဒေသများတွင် အကြီးစား ရေအားလျှပ်စစ်ဆည်များ တည်ဆောက်ထားပြီး ဒေသတွင်း လျှပ်စစ်မီးဖူလုံစေရန် ဆောင်ရွက်ထားသည်။

စီးပွားရေးနှင့် အခြေခံအဆောက်အအုံများ တိုးတက်လာသော်လည်း နိုင်ငံတကာတွင် ဝေဖန်မှုများနှင့် အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။တရုတ်ပြည်မကြီးမှ ဟန်တရုတ်လူမျိုး များ တိဗက်သို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာခြင်းကြောင့် တိဗက်ရိုးရာယဉ်ကျေးမှုနှင့် လူဦးရေအချိုးအစား ပျက်ယွင်းလာမည်ကို တိဗက်တက်ကြွလှုပ်ရှားသူများက စိုးရိမ်လျက်ရှိသည်။ဘုန်းကြီးကျောင်းများနှင့် ဘာသာရေးအခမ်းအနားများအပေါ် တရုတ်အစိုးရ၏ တင်းကျပ်သော ကန့်သတ်ချက်များရှိနေပြီး၊ ဒလိုင်းလားမား ၏ ဓာတ်ပုံများကို ကိုင်ဆောင်ခြင်းကိုလည်း တားမြစ်ထားဆဲဖြစ်သည်။၁၄ ဆက်မြောက် ဒလိုင်းလားမားနှင့် တိဗက်ဒုက္ခသည်များသည် အိန္ဒိယနိုင်ငံ၊ ဓရမ်ဆလာမြို့ တွင် တိဗက်အဝေးရောက်အစိုးရ' (Central Tibetan Administration) ကို တည်ထောင်ကာ တိဗက်ပြည်လွတ်မြောက်ရေး သို့မဟုတ် အမှန်တကယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် နိုင်ငံတကာတွင် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။

မှတ်ချက်

[ပြင်ဆင်ရန်]

အထက်ဖော်ပြပါ အချက်အလက်များသည် ထပ်မံဖြည့်စွက်ရန်၊ ဆန်းစစ်ရန် လိုအပ်နိုင်သည်။ ပြည့်စုံသည်ဟု မဆိုနိုင်ပါ။

ကိုးကား

[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)

  1. Atwood၊ Christopher P. (2004)။ Encyclopedia of Mongolia and the Mongol Empire
  2. မြန်မာ့စွယ်စုံကျမ်း