ရေးမြို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရေးမြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of ရေးမြို့
ရေးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရေးမြို့
ရေးမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 15°14′48″N 97°51′20″E / 15.24667°N 97.85556°E / 15.24667; 97.85556ကိုဩဒိနိတ်: 15°14′48″N 97°51′20″E / 15.24667°N 97.85556°E / 15.24667; 97.85556
နိုင်ငံအမည် မြန်မာ
ပြည်နယ်Flag of Mon State (old).svg မွန်
ခရိုင်မော်လမြိုင်
မြို့နယ်ရေးမြို့နယ်
မြို့နယ်ရုံးစိုက်ရာမြို့ရေးမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ရေးမြို့သည် မြန်မာနိုင်ငံတောင်ဘက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ တောင်ဘက်အစွန်းဆုံး မြို့တစ်မြို့ဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

ရေးမြို့သည် မြို့ရွာဖွဲ့စည်းမှုအရ မွန်ပြည်နယ်မော်လမြိုင်ခရိုင်ရေးမြို့နယ်တွင် တည်ရှိသည်။ ရေးမြို့သည် ရန်ကုန်မြို့မှ ကားလမ်းခရီးမိုင် ၂၈၄ မိုင်၊ မော်လမြိုင်မြို့မှ မိုင် ၉၈ ခန့်၊ထားဝယ်မြို့မှ မိုင် ၁၀၀ အကွာရှိ မွန်ပြည်နယ်၏ တောင်ဘက်အကျဆုံး မြို့ ဖြစ်သည်။ ရှေးယခင်က မီးရထားလမ်းဆုံးမြို့ဟု လူသိများကြသည်။ ရေးမြို့နယ် သည် မွန်ပြည်နယ်တွင် အကျယ်ဝန်းဆုံးသောမြို့နယ်ဖြစ်သည်။ မြောက်ဘက်တွင် သံဖြူဇရပ်မြို့နယ် တောင်ဘက်တွင် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အနောက်ဘက်တွင် အက်ဒမန် ပင်လယ်၊ အရှေ့ဘက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်တို့တည်ရှိသည်။ ရေးမြို့မှ ထားဝယ်မြို့အထိ ရထားလမ်းရှိပြီး ကားလမ်းလည်းရှိသည်။ ထို့အပြင် ရန်ကုန်သို့ တိုက်ရိုက်ရထားဖြင့်သွားနိုင်ပြီး ပုဂ္ဂလိကကားလိုင်းများဖြင့် ခရီးသွားလာနိုင်ပြီး ဖြစ်သည်။ ‌

ယခင်က လေယာဉ်ကွင်းရှိခဲ့သော်လဲ ၁၉၈၈ ခုနှစ်မှစတင်၍ လေယာဉ်ကွင်းအားအသုံးမပြုတော့ပေ။

ရာသီဥတု[ပြင်ဆင်ရန်]

ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၇ဝ ရှိပြီး မြို့၏ ပတ်ဝန်းကျင်တွင် ပျမ်းမျှ ပေ ၅၀၀ ကျော်မှ ပေ ၃၀၀ဝ အတွင်း တောင်တန်းကြီးများလည်း တည်ရှိသည်။ မိုးရာသီတွင် မိုးရေချိန်လက်မ များစွာ ရွာသွန်းပြီး ရာသီဥတုမှာလည်းမျှတမှုရှိသော မြို့ဖြစ်သည်။ ရေးမြို့၏ အဓိက ရေဆင်းမှာ ရေးမြစ်ဖြစ်သည်။ မိုင် ၄ဝ ခန့်ရှည်လျားပြီး မြစ်ပြင်ကျယ်မှာ ပျှမ်းမျှ ပေ ၁၀၀မှ ၃၀ဝ ခန့်အထိ ကျယ်ဝန်းသည်။ ရေးမြစ်သည် ရေးမြို့၏ အရှေ့ဘက် ထိုင်း မြန်မာ နယ်စပ်ရှိ တနင်္သာရီရိုးမတောင်ကြောမှ မြစ်ဖြားခံပြီး ရေးမြို့အနီးမှ စီးဆင်းကာ အနောက်ဘက် ပင်လယ်အနီးသို့ စီးဝင်သွားသည်။ ရေးမြစ်သည် နွေရာသီတွင် ရေအနက် ပေ ၁၈ ပေခန့်အထိသာ ရှိပြီး စက်လှေများ သွားလာနိုင်သည်။ ရေးမြို့နယ်အတွင်း အမြင့်မားဆုံးသောတောင်ထွဋ်မှာ ရေးမြို့မှ အရှေ့ဘက် ၂၅ မိုင်ခန့်အကွာ ထိုင်း မြန်မာနယ်စပ်အနီးရှိ ဆေးတောင်(အမြင့် ၄၂၅၂ပေ) ဖြစ်သည်။ ရေးမြို့ကို အရှေ့ဘက်၊ အရှေ့တောင်ဘက် တောင်ဘက် အနောက်ဘက်နှင့် အနောက်မြောက်ဘက် အရှေ့မြောက်ဘက်တို့တွင် တောင်တန်းများဖြင့် ဝန်းရံနေသည်။

ရေးမြို့ အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 31.7
(89.1)
33.0
(91.4)
33.8
(92.8)
34.6
(94.3)
30.0
(86)
29.2
(84.6)
28.5
(83.3)
28.4
(83.1)
29.5
(85.1)
30.5
(86.9)
31.5
(88.7)
31.8
(89.2)
31.04
(87.88)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) 16.9
(62.4)
17.3
(63.1)
19.0
(66.2)
21.5
(70.7)
22.3
(72.1)
22.0
(71.6)
21.6
(70.9)
21.8
(71.2)
21.9
(71.4)
21.4
(70.5)
20.4
(68.7)
17.9
(64.2)
20.33
(68.58)
ပျမ်းမျှ ရွာကျခြင်း mm (inches) 5
(0.2)
3
(0.12)
11
(0.43)
57
(2.24)
476
(18.74)
၁၀၇၆
(၄၂.၃၆)
692
(27.24)
၁၂၆၁
(၄၉.၆၅)
733
(28.86)
259
(10.2)
57
(2.24)
11
(0.43)
၄၆၄၁
(၁၈၂.၇၁)
Source: NOAA (1961-1990) [၁]

သမိုင်း[ပြင်ဆင်ရန်]

ရေးမြို့နှင့် ပတ်ဝန်းကျင်ဒေသကို ရှေးပဝေသဏီက ဒေးချိုင်း ဟူသော ဒေသဟု ခေါ်တွင်ကြောင်း ရေးမြို့ဟောင်းသုသေတနစာတမ်း၌ ဖော်ပြထားသည်။ ကောဇာသက္ကရာဇ် ၇၄ ခုနှစ်တွင် ဟံသာဝတီနေပြည်တော်မှ ဓမ္မဒိန္ဒိမဟာရာဇာမင်း(ဓမ္မရာဇာမင်း)နှင့် မိဖုရား ခေမာဒေဝီတို့သည် တနင်္သာရီဒေသသို့ ရောက်ရှိလာပြီး ဝတီရွာတွင် မြို့သစ်တည်၍ ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူသည်။ မင်းနှင့် မိဖုရား နတ်ရွာစံပြီးနောက် သမီးတော် မာရဒေဝီမင်းသမီး နန်းတက်တော်မူရာ ထိုအရပ်၌ နန်းစိုက်နေထိုင်ခြင်းကို ပျော်မွေ့ခြင်းမရှိသဖြင့် မှူးကြီးမတ်ရာ၊ သေနာပတိ၊ ပုဏ္ဏားတော်များနှင့် လေ့လာတိုင်ပင်ဆွေးနွေး၍ ရေးမြို့နေရာသို့ ပြောင်းရွှေ့နန်းစိုက်ခဲ့၍ အဝိဇ္ဇာဇေယျပူရမြို့ဟူ၍ သမုတ်ခဲ့သည်။ မာရဒေဝီမင်းသမီး နန်းသက် ၃၅ နှစ် စိုးစံပြီး ကောဇာသက္ကရာဇ် ၁၂၉ ခုနှစ်တွင် နတ်ရွာစံခဲ့ရာ အမတ်ကြီးတိက္ခက ထီးနန်းဆက်ခံ၍ အမတ်ငယ်တစ်ဦး ထပ်မံထီးနန်းဆက်ခံပြီးနောက် ကောဇာသက္ကရာဇ် ၁၅၁ ခုနှစ် မင်းဆက်ပြတ်ပြီး မြို့လည်းပျက်သုဉ်းခဲ့သည်။ ကောဇာသက္ကရာဇ် ၈၀၀ ပြည့်နှစ်တွင် ထားဝယ်၊ မြိတ်၊ တနင်္သာရီကို ကျူးကျော်ဝင်ရောက်လာသည့် တိုင်းတစ်ပါးတပ်များကို ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းကသွားရောက် တိုက်ထုတ်ရာမှ အပြန်ခရီးတွင် ပျက်စီးဆိတ်သုဉ်းနေသော အဝိဇ္ဇာဇေယျပူရမြိုဟောင်း(ရေးမြို့ဟောင်း)ကို တွေ့ရှိသဖြင့် ရာဇသီဟဇေယျပူရမြို့အဖြစ် မြိုသစ်တည်တော်မူခဲ့သည်။ ကောဇာသက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် အင်းဝနေပြည်တော်မှ ရဲစက်ကျော်ခေါင်အား ရေးမြို့သို့ မြို့ဝန်အဖြစ် စေလွှတ်အုပ်ချုပ်ခဲ့ပြီး ၁၁၈၆ ခုနှစ်တွင် ဗြိတိသျှတို့၏ နယ်ချဲ့မှုကြောင့် ရေးမြို့ကို မြန်မာမင်းအုပ်ချုပ်မှုအောက်မှ စွန့်ခွာပေးခဲ့ရသည်။ ၁၃ ရာစုနှင့် ၁၄ ရာစုဟန် ရှေးဟောင်းဘုရားများကို တွေ့ရှိရသည့်အပြင် ခိုင်လုံသော သမိုင်းအထောက်အထားများကြောင့် ရှေးဟောင်း မွန်မြို့တော်အဖြစ် ယုံကြည်ကြသည်။ ရေးမြို့တွင် တည်ရှိသော ရှေးဟောင်းစေတီအချို့မှာလည်း ရှမ်းကြီး(ထိုင်း)လူမျိုးတို့၏ဟန် မကင်းသော ရှေးမွန်တို့၏လက်ရာ တည်ထားဟန်ကိုလည်း တွေ့မြင်ရသည်။ ထို့အပြင် ရှေးဟောင်း မြို့ရိုးများကလည်း သက်သေခံနေပြီး ရှေးဟောင်း ကျုံးတော်ကြီးကလည်း အထင်အရှားရှိနေချေသည်။ ယခုကျန်ရှိနေသော ကျုံးတော်ကြီး၏အစိတ်အပိုင်းကို ၁၉၈၆ ခုနှစ်၊ ၂၀၁ဝ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အတွင်းတွင် ပြန်လည်တူးဖော် ပြင်ဆင်မွမ်းမံခဲ့ကြသည်။ ရေးမြို့ကို မွန်ဘာသာဖြင့် “ဍုင်ရေဝ်”(မြန်မာအသံထွက် ဒိန်းရီ )ဟုခေါ်ဆိုခဲ့ကြသည်မှာ ယခုထက်တိုင်အောင်ပင် ဖြစ်သည်။ မြန်မာဘာသာဖြင့်ပြန်ဆိုသော် အနက်ကား “စကားမြို့" ဖြစ်သည်။ ရှေးယခင် မွန်ဘုရင် မြန်မာဘုရင် လက်ထက်တွင် နန်းတွင်းမှ စေလွှတ်လိုက်သော မင်းညီမင်သားများ၊ စစ်သူကြီးများ၊ ဝန်မင်း၊အမတ်မင်းများနှင့် တနင်္သာရီနှင့် မွန် တောင်ပိုင်း လက်အောက်ခံဒေသမှ မြို့စား၊ နယ်စားများအရာရှိများကို စုံညီစွာအစည်းအဝေးပြုလုပ်ပြီး အမိန့်တော်များ ပြန်တမ်းများ ထုတ်ပြန်ကာ တိုင်းရေး ပြည်ရေး အရေးကြီးသောကိစ္စများ တိုင်ပင်ညှိနှိုင်း စကားပြောဆိုကြရာမြို့ဖြစ်သောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြဟန် ဖြစ်သည်။ အနောက်ဘက်လွန်မင်းလက်ထက်တွင်လည်း စစ်ရေးစစ်ရာအချက်အချာကျသည့် မြို့တစ်မြို့အဖြစ် သမိုင်းကြောင်းတွင် ထင်ရှားသည်။ ရှေးဟောင်းရေးမြို့သည် သာသနာတော်စည်ပင်ထွန်းကားခဲ့ပြီး ရေးမြို့သူ မြို့သားများသည် ဘာသာတရားကိုင်းရှိုင်း လေးစားခဲ့ကြဟန်ရှိသည်။ စေတီဘုရား၊ ကျောင်းကန်များကိုလည်း အမြောက်အမြား တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ ရေးမြို့တွင် စေတီပုထိုးများစွာတည်ရှိနေပေသည်။

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ စာရင်းအရ ရေးမြို့တွင် အိမ်ခြေပေါင်း ၈၄၁၆ ခု၊ အိမ်ထောင်စုပေါင်း ၉၂၄၇ စု၊ လူဦးရေ ၅၄၅၄၄ ဦး နေထိုင်ကာ ရေးမြို့နယ်တစ်ဝှမ်းလုံးတွင်မူ ကျေးရွာအုပ်စုပေါင်း ၃၀ အုပ်စု၊ ကျေးရွာပေါင်း ၁၃၉ ရွာ၊ မြို့ပေါ်ရပ်ကွက်ပေါင်း ၁၄ ခု (လမိုင်းမြို့နှင့် ခေါဇာမြို့များအပါအဝင်) အဆင့်ဆင့်ဖွဲ့စည်းထားရှိကာ အိမ်ခြေ ၄၄၄၇၄ ခု၊ အိမ်ထောင်စု ၅၁၇၁၃ စု၊ မြို့နယ်ချုပ်လူဦးရေးစာရင်းမှာ ၂၇၄၆၇၃ ဦး ဖြစ်ကြောင်း သိရှိရသည်။ ဗမာနှင့်မွန်လူမျိုးများအများဆုံးနေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ မူစလင်၊ ခရစ်ယာန်နှင့် ဟိန္ဒူ ဘာသာဝင် အနည်းငယ် ရှိသည်။ ရေးမြို့တွင် ရပ်ကွက် အားဖြင့် ၁ဝ ရပ်ကွက်ရှိပြီး ထင်ရှားပြီး လူစည်ကားရာ ရပ်ကွက်များမှာရန်ကြီးအောင်ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့ ဖြစ်သည်။ ၁၉၆၉၊ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ရေးမြို့တစ်မြို့လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အားလုံးပြာပုံအတိဖြစ်ခဲ့ရသည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် မြို့ကိုမူလအနေအထားအကျယ်အဝန်းထက် ၅ဆပိုတိုးချဲ့ခဲ့ပြီး စနစ်တကျပြန်လည် တည်ထောင်ခဲ့သည်။ ရေးမြို့သည် မြို့နယ်အဆင့် ရုံးစိုက်ရာမြို့ဖြစ်ပြီး ‌မြို့အနီး‌၆-မိုင် ခန့်အကွာ ဘုရားတောင်ပင်လယ်ဝအပန်းဖြေစခန်း၊ ရေးမြို့မှ မိုင် ၂၀ ခန့်အကွာ ကဗျာဝ ကမ်းခြေအပန်ဖြေစခန်း၊ လမိုင်းမြို့အနီး ကော့ဒွပ် ပင်လယ်ဝအပန်းဖြေစခန်း၊ (ကျိုက်ဒေးတမော့ဗရတ်)သာသနာပြုစခန်းတို့မှာ ထင်ရှားသည်။

ရေးမြို့၏ အရှေ့ဘက်တွင် တောင်ညိုတောင်တန်းနှင့် တနင်္သာရီရိုးမ၊ အနောက်ဘက်တွင် ဖာလိန်တောင်တန်းတို့ တည်ရှိသဖြင့် လေကြမ်းတိုက်ခတ်မှု၊ မုန်တိုင်းတိုက်ခတ်မှုဒဏ်မှ သဘာဝအားဖြင့် အထိုက်အလျောက် ကာကွယ်ခုခံမှုကို ရရှိသည်။ သို့သော် ရေးမြို့၏တောင်ဘက်မှ စီးဆင်းသော ရေးမြစ်၏ နှစ်စဉ် (မိုးရာသီ၊ ဩဂုတ်လဝန်းကျင်၌) မြစ်ရေကြီးမှုကို အနိမ့်ပိုင်းရပ်ကွက်များအနေဖြင့် ကြုံတွေ့ရလေ့ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ရေးမြို့၏သမိုင်းတလျှောက် မြစ်ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရပြီး ရေးမြစ်မှ မြစ်ရေသည် မြစ်ကမ်းပါးမှ မီတာ ၄၀၀ ခန့်အကွာအဝေးရှိသော ရွှေဆံတော်စေတီတော်၏ ခြေရင်းတိုင်အောင်သို့ ရောက်ရှိခဲ့သည်။

စီးပွားရေး[ပြင်ဆင်ရန်]

ရေးမြို့တွင် ရာဘာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်းနှင့်ရေလုပ်ငန်း၊ ကွမ်းသီးခြံလုပ်ငန်း၊အခြားစားဖွယ် သီးနှံ စိုက်ပျိုးရေး၊ ဆားလုပ်ငန်းတို့မှာ နာမည်ကျော် အောင်မြင်သောလုပ်ငန်းများဖြစ်ကာ အခြားစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ ဆားလုပ်ငန်းမှာ အခုအခါ ဆားဈေးမကောင်းသောကြောင့် တောင်သူများခေတ္တရပ်နားထားကြသည်။ ရေးမြို့မှထွက်သော ဒူးရင်းသီး၊ ဒူးရင်းယို မင်းဂွတ်သီး၊ သံပုရာသီးတို့မှာ နာမည်ကြီးလှပေသည်။ နယ်စပ်ဒေသနှင့်နီးကပ်ကာ ဒေသထွက် သီးနှံများ အခြားသောကုန်များလည်းရောင်းဝယ်ဖောက်ကားမှု အချက်အချာကျရာ ဒေသ ဖြစ်ပြီး မြို့ပတ်ဝန်းကျင်တွင် စိမ်းစိုအုပ်မှိုင်းလျက်ရှိသည့် ဥယျာဉ်ခြံများ ဝန်းရံလျက်ရှိသည်။ အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့တွင် ရေလုပ်ငန်းများ ထွန်းကားသည်။ ၂၀၀၅ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်သောအစီအရင်ခံစာတွင် မြန်မာနိုင်ငံတွင်းရှိ တစ်ဦးချင်းဝင်ငွေအကောင်းဆုံးမြို့ဟု သတ်မှတ်ဖော်ပြခဲ့သည်။ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ရေးမြို့နယ်၏ တစ်ဦးချင်းဝင်ငွေမှာ ၂၃၇၉၉၂၆ ကျပ်ဖြစ်ကြောင်း သိရှိရသည်။ ရောင်းဝယ်ဖောက်ကားရာ မြသီတာဈေးမှာ အဓိကစည်းကားပြီး ယခင်ရွာကလေးဈေး (ယခုအောင်မင်္ဂလာရပ်ရှိ အောင်သီတာဈေး)နှင့် ဖာလဇေတဝန်ဘုန်းတော်ကြီးကျောင်းအနီးတွင်ရှိသောကြောင့် ဖာလဈေးဟုခေါ်သော ဗိုလ်ချုပ်ဈေးတို့လည်း တည်ရှိသည်။ ထို့အပြင် ရေးမြို့ရှိ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များမှ စုပေါင်းတည်ထောင်ထားသော ဝင်းသုခ ရွှေဈေးကြီးသည်လည်း ကမ်းနားလမ်း(ဘုရင့်နောင်လမ်း)တွင် တည်ရှိသည်။

ရေးမြို့တွင် အစိုးရဘဏ်များအပြင် ပုဂ္ဂလိကစီးပွားရေးဘဏ်များလည်းရှိသည်။ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀)ရှိပြီး ပုဂ္ဂလိကဆေးရုံ ၂ ရုံရှိသည်။ မြို့ပေါ်တွင် အထက်တန်းကျောင်း ၃ ကျောင်း ရှိပြီး အလယ်တန်းကျောင်း ၂ ကျောင်းနှင့် မူလတန်း/မူလတန်းလွန်ကျောင်း ၉ ကျောင်း ရှိသည်။

ထင်ရှားသော စေတီဘုရား၊ ကျောင်းကန်များ[ပြင်ဆင်ရန်]

ရေးမြို့ရှိ ထင်ရှားသော စေတီဘုရားများမှာ-


ရေးမြို့မှ ထင်ရှားသော‌ဘုန်းတော်ကြီးကျောင်းများနှင့် ဆရာတော်သံဃာတော်များ
ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ရပ်ကွက်
နေလကမ္ဘာကျောင်းတိုက် ဘဒ္ဒန္တဥဂ္ဂါသေန သီရိဇေယျာရပ်ကွက်
ရွှေကျောင်းတိုက် ဘဒ္ဒန္တမာဃိန္ဒ သီရိနန္ဒာရပ်ကွက်
ပစ္ဆိမာရုံကျောင်းတိုက် ဘဒ္ဒန္တသီဟ ရန်ကြီးအောင်ရပ်ကွက်
သာသနာ့ပါလရန်ကင်းကျောင်းတိုက် ဘဒ္ဒန္တခေမာစာရ ရန်ကြီးအောင်ရပ်ကွက်
စကားတောင်ကျောင်းတိုက် ဘဒ္ဒန္တသုမန ရန်ကြီးအောင်ရပ်ကွက်
ဖာလဇေတဝန်ကျောင်းတိုက် ဘဒ္ဒန္တစန္ဒ သီရိနန္ဒာရပ်ကွက်
မရမ်းကျောင်းတိုက် ဘဒ္ဒန္တပညာဇောတ ရန်မျိုးအောင်ရပ်ကွက်
ဂေါခေတ္တာကျောင်းတိုက် ဘဒ္ဒန္တပုပ္ပရမ္မ အောင်သုခရပ်ကွက်
သီရိရတနာကျောင်းတိုက် ဘဒ္ဒန္တတေဇောဘာသ သီရိဇေယျာရပ်ကွက်
ဖားဂလဲ့တောရ(ဘာသုခကာရီ) ဘဒ္ဒန္တဇာဂရဗုဒ္ဓိ -
ဝေဘူကမ္မဌာန်းရိပ်သာ ဘဒ္ဒန္တစန္ဒိမာ -

ရှေးဟောင်းကျုံးတော်ကြီး ရေးမြို့သည် ပ​ဒေသရာဇ်နန်းစိုက်ရာ ရှေးဟောင်မြို့ဖြစ်သဖြင့် မြို့အင်္ဂါရပ်နှင့်အညီ တည်ထားသော မြို့ဖြစ်ကြောင်း တွေ့ရှိရသည်။ မာရဒေဝီမင်းသမီး၏ နန်းတော်တည်ရှိရာနေရာကို ယခုတိုင် ဘုရင်မကုန်းဟူ၍ ခေါ်ဝေါ်နေကြသော်လည်း ယခုအချိန်တွင်မူ နန်းတော်ရာနှင့်ပတ်သက်သည့် သမိုင်းသုတေသနအထောက်အထား တစ်စုံတစ်ရာ မတွေ့ရတော့ချေ။ သို့သော် ရှေးဟောင်းရေးမြို့၏ မြို့ရိုးများ၊ မြို့ဝင်တံခါးဟောင်းနေရာများကိုမူ ရန်ကြီးအောင်ရပ်ကွက်နှင့် ရန်မျိုးအောင်ရပ်ကွက်တို့တွင် သိသိသာသာ တွေ့မြင်နိုင်ပါသေးသည်။ ရှေးဟောင်းမြို့၏ ကြွင်းကျန်သော အထင်ရှားဆုံပြယုဂ်မှာ ရန်ကြီးအောင်ရပ်ကွက်နှင့် ရန်မျိုးအောင်ရပ်ကွက်ရှိ ကျုံးဖြစ်သည်။ ကျုံး၏တည်ရှိဟန်ကား မန္တလေးမြို့အပါအဝင် ရှေးမင်းနေပြည်တော်များကဲ့သို့ မြို့ကိုပတ်လည်ဝိုင်းရံ၍ ဖောက်လုပ်ထားသော ရေပြင်သဏ္ဌာန် တည်ထားခဲ့ခြင်းမဟုတ်ဘဲ စစ်မက်အန္တရာယ်ကာကွယ်ရေးအတွက် မြို့၏ တောင်ဘက်ရှိ ရေးမြစ်ကို သဘာဝအတားအဆီးအဖြစ် အသုံးချခဲ့ပြီး ရေးမြစ်မှ ရေကို ချောင်းငယ်များဖောက်ကာ မြို့ဟောင်း၏ မြောက်ဘက်တွင် ကျံးရေကန်တူးဖော်ကာ​ စီးဝ​င်စီးထွက်စေခဲ့သည့်ဟန်ဖြင့် တည်ထားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ သဘာဝကို အသုံးချသည့် ရေသွင်းရေထုတ်နည်းပညာကို လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကပင် မြန်မာဘိုးဘွားဘီဘင်တို့ ကျွမ်းကျင်ခဲ့ကြောင်းမှာ သာဓကပင် ဖြစ်သည်။ ပါတီကောင်စီအစိုးရလက်ထက်တွင် ရှေးဟောင်းကျုံးကို မြကန်သာဟူ၍ အမည်ပေးခေါ်ဝေါ်ခဲ့ကြသည်။ ယခုအခါ ရှေးဟောင်းကျုံးကြီး တည်တံ့ခိုင်ခန့်ရေးအတွက် အနက်ပေမြှင့်တင်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Ye Climate Normals 1961-1990။ National Oceanic and Atmospheric Administration။ January 12, 2013 တွင် ပြန်စစ်ပြီး။