ခေါင်းဆေးကျွန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မော်လမြိုင်မြို့၊ သံလွင်မြစ်လယ်ရှိ ခေါင်းဆေးကျွန်း

ခေါင်းဆေးကျွန်း[ပြင်ဆင်ရန်]

မုတ္တမနှင့် မော်လမြိုင်အကြား သံလွင်မြစ် နှင့် ဂျိုင်းမြစ်တို့ တွေ့ဆုံရာ၌ ခေါင်းဆေးကျွန်း တည်ရှိလေသည်။ မြစ် ၂ ခု လေးခွဆိုင်၌ တည်ရှိသည်ကို အစွဲပြု၍ ယင်းကျွန်းကို မွန်အမည်ဖြင့် ပွန်ဇလိုင် (တကအ်ပဉ္စလိုင်) ဟု ခေါ်သည်။ ကော့ပွန်လိုင်ဟုလည်း တွင်၏။ မြတ်စွာဘုရားသခင်သည် ခေါင်းဆေးကျွန်းသို့ ကြွရောက်တော်မူခဲ့ဘူးကြောင်း၊ မြတ်စွာ ဘုရားသခင် ပါရမီနုစဉ် ရွှေဟင်္သာမင်းဘဝက မုတ္တမ တောင်ရိုး၌ အိပ်တန်းတက်၍ မုဒုံကန်ကြီးအရပ်သို့ အစာရှာ သွားလေ့ရှိကြောင်းနှင့်၊ သမိုင်းအဆိုရှိသည်။ အခါတစ်ပါး၌ ထိုသို့ အစာရှာဖွေရာမအပြန် နာဂဝီသတောင်၌ နားပြီးလျှင် မြစ်တစ်ဖက်သို့ ကူးလေရာ၊ လေမိုးပြင်းထန်၍ မကူးနိုင်သောကြောင့်၊ ပွန်ဇလိုင်ခေါ် ခေါင်းဆေးကျွန်း၌ တစ်ညနားနေရသည်။ မိုးသောက်မှ မုတ္တမသို့ ပျံသန်းသွားရကြောင်းဟူ၍ နှစ်သစ်ကူးသင်္ကြန်အခါအတွင်း သင်္ကြန်တော်ကြီးခေါ် ခေါင်းဆေး မင်္ဂလာပွဲများ ပြုလုပ်လေ့ရှိသည်။ ထိုအလေ့အထမှာ မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှအစိုးရတို့ သိမ်းပိုက်သည် အထိ ရှိခဲ့သည်။ ထိုသို့ သင်္ကြန်တော်ကြီး ခေါ်သည်ကို အစွဲပြု၍ ခေါင်းဆေးကျွန်းကို သင်္ကြန်ကျွန်း ဟုလည်း ခေါ်ကြသေးသည်။

မွန်ဘုရင် ရာဇာဓိရာဇ်၏ သားတော် ဗောလောကျန်းထော အနိစ္စရောက်ပြီးသော်၊ ပြင်စည်မင်း၊ မင်းဆွေ (နောင်အခါ မင်းခေါင်အမည်ဖြင့် နန်းတက်သည်) ၏ မြောက်သားတော် ရှင်မိနောက်၏ ဝမ်း၌ ပဋိသန္ဓေနေကြောင်း၊ ထိုအခါ ရှင်မိ နောက်သည် မွန်ပြည်ဒလမြို့မှ သရက်သီးနှင့် မုတ္တမမြို့မှ မြေသင်းခဲကို စားလိုခြင်း ပွန်ဇလိုင်အရပ်မှ ရေကို သောက်လိုခြင်းဟူသော ချင်ခြင်းများဖြစ်သဖြင့် မွန်မင်းထံသို့ သံစေလွှတ်၍ တောင်းယူရကြောင်းနှင့် မြန်မာရာဇဝင်များ တွင်လာရှိသည်။ ဤအကြောင်းကို ထောက်ရှုခြင်းအားဖြင့် ရှေးက မွန်မင်းများသည် ပွန်ဇလိုင်ရေကို မည်မျှ အရေးထားကြောင်းကို သိနိုင်သည်။

ထိုကျွန်းသည် မုတ္တမမြို့ထက် မော်လမြိုင်မြို့နှင့် ပို၍ နီးကပ်သည်။ ကျောက်ဆောင်ထူထပ်သည်။ ကျွန်းပေါ်ရှိ အုန်းပင် သစ်ပင်များ ဝိုင်းရံလျက်ရှိသော စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်း ဇရပ် စသည်များမှာ ကျွန်းကလေးအား ရှုချင်စဖွယ်ဖြစ်အောင် တန်ဆာဆင်ထားဘိသကဲ့သို့ ရှိသည်။ ခေါင်းဆေးကျွန်းပေါ်ရှိ စေတီပုထိုးနှင့်သိမ်ရာများကို စစ်ကဲကြီး ဦးထော်လေးက သက္ကရာဇ် ၁၁၉၃ ခုနှစ်ခန့်တွင် မွမ်းမံခုတ်ထွင် ရှင်းလင်းကြောင်းနှင့် ကျိုက်သံလန်ရင်ပြင်ပေါ်ရှိ ဦးထော်လေး ကျောက်စာအရ သိရှိရသည်။

ကျွန်း၏ အချင်းမှာ ပေ ၉ဝဝ ခန့် ရှိသည်။ ညအချိန်တွင် ကျီးငှက်များစွာတို့ ဤကျွန်း၌ အိပ်တန်းတက်လေ့ ရှိသဖြင့် အနောက်နိုင်ငံသားတို့က ခေါင်းဆေးကျွန်းကို ကျီးကျွန်း ဟု ခေါ်ကြသည်။ မုတ္တမမြို့မှ မော်လမြိုင်မြို့သို့ သံလွင်မြစ်ကို သတင်းပို့ကြေးနန်း ဆက်သွယ်ရာ ခေါင်းဆေးကျွန်းမှတစ်ဆင့် ဆက်သွယ်လေသည်။

ကင်းဝန်မင်းကြီး ဦးကောင်း သည် သံအရာရှိကြီးအဖြစ်ဖြင့် ပြင်သစ် ပြည်သို့ သွားရောက်ရာတွင် သက္ကရာဇ် ၁၂၃၅ ခု တန်ခူးလ တွင် မော်လမြိုင်မြို့သို့ ရောက်ရှိသည်။ ထိုအခါ မော်လမြိုင် ရှုမျှော်ခင်းနှင့် ခေါင်းဆေးကျွန်းခေါ် သင်္ကြန်ကျွန်းအကြောင်းကို ဖွဲ့ဆိုခဲ့သော ရကန်တွင် အောက်ပါအတိုင်း တွေ့ရသည်။

'ရှုလေရာပင်၊ နတ်ရွာတစ်ပြိုင်၊ မော်လမြိုင်သို့၊ ရောက်တိုင် ဝင်ဆိုက်၊ တွေ့ကြုံကြိုက်ရသည်။ မျှော်လိုက်တိုင်း လွန်ပျိုနု၏။ ကျတ်ရှင်သုံးလူ့၊ သဗ္ဗညုများနှင့်၊ ကြည့်ရှုဖွယ်ရန်၊ ကျွန်းသင်္ကြန်ကလဲ၊ အလွန်ထူးဆန်း၊ အံ့မခန်း နတ်နန်းနှင့်မျှ ဂုဏ်ရည်တူ၊ ပွန်ဇလိုင်ဝ၊ ကျွန်းယက္ခများလည်း၊ တင့်လှပေဟန်၊ ဆန္ဒန်ဖရုံ၊ အစုံ ဝဲယာ၊ ဂူပေါင်းကာလျက်၊ အံ့အာသရဲ၊ ကဲကဲ လွန်လွန်၊ နတ်လာ၍ဖန်သည့်နှယ်၊ သည်ဟန်မှာ ခေါင်အမူတည့်။'

စသည်ဖြင့် ဖြစ်လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)