သံဖြူဇရပ်မြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သံဖြူဇရပ်မြို့
မြို့
မြို့အဝင်ရှိ သံဖြူဇရပ်လေးအား တွေ့ရစဉ်
မြို့အဝင်ရှိ သံဖြူဇရပ်လေးအား တွေ့ရစဉ်
သံဖြူဇရပ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သံဖြူဇရပ်မြို့
သံဖြူဇရပ်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 15°58′N 97°44′E / 15.967°N 97.733°E / 15.967; 97.733
နိုင်ငံအမည်  မြန်မာ
ပြည်နယ် Flag of Mon State (old).svg မွန်
ခရိုင် မော်လမြိုင်
လတ္တီကျု (၁၅)ဒီဂရီ၊ (၅၈)မိနစ်
လောင်ဂျီကျု (၉၇)ဒီဂရီ၊ (၄၄)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ သံဖြူဇရပ်မြို့
လူဦးရေ (၂၀၁၄) ၁၇၀,၄၈၀ [၁]
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

အောက်မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ ယခင်မော်လမြိုင်အတွင်းရှိ သံဖြူဇရပ်မြို့သည် မော်လမြိုင်-ရေး မီးရထားလမ်း၊ မော်လမြိုင်-ကျိုက္ခမီ မော်တော်ကားလမ်း၊ မော်လမြိုင်-ရေး မော်တော်ကားလမ်းတို့ ဆုံရာ၌ တည်ရှိသည်။ မော်တော်ကားလမ်းအားဖြင့် မော်လမြိုင်မြို့သို့ မိုင် ၄ဝ၊ ကျိုက္ခမီမြို့သို့ ၁၅ မိုင်၊ ရေးမြို့သို့ ၅၇ မိုင်၊ ထားဝယ်မြို့သို့ ၁၅၇ မိုင်၊ မြိတ်မြို့သို့ ၃၁၂ မိုင်အသီးသီးဝေးကွာသည်။ သံဖြူဇရပ်မြို့သည် ယခင်က ကျိုက္ခမီမြို့နယ်အတွင်းရှိ လူနေအိမ်ခြေစည်ကားသော ရွာကြီးတစ်ရွာမျှသာ ဖြစ်သော်လည်း ဒုတိယကမ္ဘာစစ်အတွင်းမှစ၍ ထင်ရှားလာပြီးလျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် နယ်ပိုင်ရုံးစိုက် မြို့တစ်မြို့ဖြစ်လာခဲ့သည်။

ယင်းသည် ကျိုက္ခမီနှင့်နှိုင်းစာလျှင် လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျသဖြင့် အုပ်ချုပ်ရေးအတွက် ပို၍အဆင်ပြေမည် ဖြစ်သောကြောင့် ယင်းသို့ သံဖြူဇရပ်ကို နယ်ပိုင်ရုံးစိုက်မြို့အဖြစ် တိုးမြှင့်ခဲ့ခြင်း ဖြစ်လေသည်။ ယခုအခါတွင်မူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ရုံး စိုက်မြို့ဖြစ်၏။

သံဖြူဇရပ်မြို့သည် ကုန်းပြင်မြင့်ပေါ်တွင် မြို့တည်ထား၍ မြို့ပတ်လည်၏ အရပ်လေးမျက်နှာသည် ရော်ဘာခြံများရှိသည်။ မြို့၏အလားလေးရပ်မှာ အရှေ့ဘက်၌ အင်ကြင်းတောင်၊ အနောက်ဘက်တွင် ကျိုက္ခမီသွားကားလမ်း၊ မြောက်ဘက်တွင် ဖောင်စိန်ရွာတို့ရှိပြီးလျှင် တောင်ဘက်တွင် ရေးသွားမီးရထားလမ်းနှင့် ယင်းမှခွဲထွက်ကာ ဂျပန်ခေတ်တွင် ဆောက်လုပ်ခဲ့သော ယိုးဒယား-မြန်မာနယ်စပ် မီးရထားလမ်းဟောင်း တို့တည်ရှိလေသည်။

သံဖြူဇရပ်မြို့နယ်ကို အရှေ့ဘက်၌ ကြာအင်းဆိပ်ကြီးမြို့နယ်က၎င်း၊ အနောက်ဘက်၌ ကျိုက္ခမီမြို့နယ်က၎င်း၊ မြောက်ဘက်၌ မုဒုံမြို့နယ်က၎င်း၊ တောင်ဘက်၌ ရေးမြို့နယ်က၎င်း အသီးအသီး ဝန်းရံထားလျက်ရှိသည်။ ယင်းမြို့နယ်၏ အကျယ်အဝန်းသည် ၃၂၇ စတုရန်းမိုင်ကျော်ကျော်ရှိ၍ ကျေးရွာအုပ်စုပေါင်း ၂၁ ရွာပါဝင်သည်။ မြို့နယ်တစ်ခုလုံးတွင် လူဦးရေသည် ၁၇၀,၄၈၀ ယောက် (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း) ရှိသည်။ မြို့၏ဧရိယာအဖြစ် သတ်မှတ်ထားသော အကျယ်အဝန်းမှာ ၁၃၉ စတုရန်းမိုင် (ဧက ၈၉ဝခန့်) ဖြစ်သည်။ မွန်ဒေသဖြစ်သည့် အားလျော်စွာ မွန်လူမျိုးဦးရေသည် အများဆုံးဖြစ်သည်။ မြို့ပေါ်တွင် ကြံ့ခိုင်ရေးရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ စက်သစ်ပိုင်းရပ်ကွက်၊ ကိုးနဝင်းရပ်ကွက်၊ ကျောင်းပိုင်းရပ်ကွက်၊ အနော်ရထာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ကြာကန်ရပ်ကွက် စသည်ဖြင့် ရပ်ကွက်များပိုင်းခြား၍ အကွက်ရိုက်ကာ မြို့တည်ထားလေသည်။ မြို့ပေါ်တွင် နယ်ပိုင်ဝန်ထောက်ရုံး၊ နယ်စီးရဲဝန်ထောက်ရုံး၊ ရဲဌာန၊ မြေစာရင်းဌာနရုံး၊ သစ်တောရုံး၊ ဆားခွန်တော်ရုံး၊ ပညာအုပ်ရုံး၊ ယစ်မျိုးရုံး၊ သမဝါယမရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး စသည်တို့ဖြင့် သိုက်မြိုက် စည်ကားစွာရှိသည်။ အစိုးရအထက်တန်းကျောင်းတကျောင်းနှင့် မူလတန်းကျောင်း ငါးကျောင်းရှိသည်။ သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံကို ၁၉၆၃ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့လေသည်။

မြို့ပေါ်နှင့် ဆင်ခြေဖုံးတွင် ရွာလယ်ကျောင်းစေတီ၊ အင်ကြင်းတောင်စေတီ၊ ကင်မွန်းဘုန်းကြီးကျောင်း၊ ကြာကန်ဘုန်းကြီးကျောင်း၊ ရွှေကျင်တောရစသော သာသနိကအဆောက်အအုံများဖြင့် သိုက်မြိုက်စွာရှိသဖြင့် သာသနာ့ရောင်ဝါထွန်းလင်းသော မြို့တစ်မြို့ဖြစ်ကြောင်း သိသာပေသည်။ မြို့၏ အနောက်မြောက်ပိုင်း၌ရှိသော ကြာကန်အင်းကြီးသည် ၃၈ ဧကကျော်ရှိသည်။ မြို့တွင်းနှင့်ဆင်ခြေဖုံးတွင်ဆန်စက်၊ ဆီစက်၊ ရော်ဘာစက်များရှိ၍ အရောင်းအဝယ် လုပ်ငန်းကိုင်ငန်းဖြင့် စည်ကားသော မြို့တစ်မြို့ဖြစ်သည်။

သံဖြူဇရပ်ဟူ၍ ခေါ်တွင်ခြင်းမှာ ထိုအရပ်၌ အိမ်ခြေရွာခြေ စတင်တည်ထောင်သော ခရစ်နှစ် ၁၉ဝဝ ကျော်ခန့်က မော်လမြိုင်-ထားဝယ် ကြေးနန်းလမ်းဘေး၊ ယခု ဈေးတန်းတည်ဆောက်ထားသောနေရာ လမ်းဘေးတွင် အရပ်ရှစ်မျက်နှာအလိုက် ထောင့်ရှစ်ထောင့်ရှိ၍ အောက်ခံအုတ်ခင်း အင်္ဂတေကိုင်ထားပြီးလျှင် သွပ်မိုးထားသောဇရပ် (စရပ်) တစ်ဆောင်ရှိခဲ့သည်။ ထိုသွပ်မိုးဇရပ်ကိုအစွဲပြု၍ ခေါ်တွင်ခဲ့ခြင်း ဖြစ်လေသည်။ သံဖြူဇရပ်၏အမည်သည် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတစ်ဝှမ်း၌ လူပြောများခဲ့သော အမည်တစ်ရပ်ဖြစ်ခဲ့ရလေသည်။

ဂျပန်တို့သည် အာရှတိုက်ကို စိုးမိုးရေးအတွက် အထောက်အကူပြုနိုင်မည့် ယိုးဒယား-မြန်မာနယ်စပ်ကို ဆက်သွယ်နိုင်ရန် သံဖြူဇရပ်မှ ဘုရားသုံးဆူ တောင်ကြားလမ်းအထိ မိုင် ၁၈ဝ ရှည်လျားသော မီးရထားလမ်းကို တရကြမ်းဆောက်လုပ်ခဲ့ရာ၊ ထိုရထားလမ်းဖောက်လုပ်ရေးတွင် သံဖြူဇရပ်သည် အရေးပါသော စခန်းဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်မှ လူပေါင်းများစွာကို ချွေးတပ်သားများအဖြစ် ဆင့်ခေါ်၍ စေခိုင်းခဲ့ရာ တောအထပ်ထပ်တောင်အထွေထွေကို ဖောက်ထွင်းဆောက်လုပ်ရသော မီးရထားလမ်းဖြစ်၍ တောကြီးမျက်မည်းအတွင်းဖြစ်သဖြင့် ၊ ငှက်ဖျားထူပြောလှခြင်း၊ ချွေးတပ်သားတို့သည် လူလိုသူလို မနေထိုင်ခဲ့ရခြင်း၊ စားနပ်ရိက္ခာမလုံလောက်ခြင်းတို့ကြောင့် ငှက်ဖျား၊ ယားနာ၊ ဝဲနာစ သောရောဂါမျိုးတို့ကြောင့်၎င်း၊ ပင်ပန်းလွန်းလှသော ကြောင့်၎င်း၊ ချွေးတပ်သားမြောက်မြားစွာ ပျက်စီးသေဆုံးခဲ့ကြရသည်။ ယင်းသို့ အသက်ပေါင်းများစွာ အသေခံ၍ ဆောက်လုပ်ခဲ့ရသဖြင့် ထိုရထားလမ်းကို သေမင်းတမန် ရထားလမ်းကြီးဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

သံဖြူဇရပ်သည် ထိုမီးရထားလမ်းနှင့် စပ်လျဉ်း၍ ထိုအချိန်အခါမှစပြီးလျှင် လူနေများပြား စည်ကားလာခဲ့လေသည်။ ထိုမီးရထားလမ်းကိုမူ တော်လှန်ရေး အစိုးရလက်ထက်တွင် သံလမ်းများကို ရဲဘော်ဟောင်းများအကူအညီဖြင့် ဖြုတ်ယူ၍ ထိုသံလမ်းများကို မီးရထားလမ်းများ၌ အသုံးပြုရန် မီးရထားဌာနက စီစဉ်ဆောင်ရွက်လျက်ရှိလေသည်။

သံဖြူဇရပ်မှ ကျိုက္ခမီသွား ကားလမ်းတောင်ဘက်တွင် အင်္ဂလိပ်စစ်သင်္ချိုင်းတစ်ခုရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ မြန်မာနိုင်ငံ စစ်မျက်နှာ၌ ကျဆုံးခဲ့သော မဟာမိတ်တပ်သားအချို့ကို မြုပ်နှံရာသင်္ချိုင်းဖြစ်၍ ဧရိယာ ၂၅ ဧကကျော်ရှိ၏။ ထိုသင်္ချိုင်း၏မြောက်ဘက်တွင် ဧရိယာငါးဧကကျော်သော မြန်မာစစ်သင်္ချိုင်း ရှိလေသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မြို့နယ်အတွင်း နေထိုင်ကြသူများသည် ဆန်စပါးကို အဓိကစိုက်ပျိုးကြသည်။ ရော်ဘာခေါ် ကြက်ပေါင်စေးခြံများကိုလည်း အများအပြား စိုက်ပျိုးလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းမှလွဲလျှင် ဆားချက်လုပ်ငန်း၊ ရော်ဘာစေးလုပ်ငန်း၊ ထင်းလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတို့သည် သံဖြူဇရပ်မြို့နယ်လူထု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖြစ်လေသည်။ မြို့နယ်အတွင်း မီးရထားလမ်းနှင့် မော်တော်ကားလမ်းတို့သည် သယ်ယူပို့ဆောင်ရေးနှင့် ကူးသန်း သွားလာရေးအတွက် အဓိကလမ်းကြောင်းများ ဖြစ်ကြသည်။ မော်လမြိုင်-ကျိုက္ခမီ မော်တော်ကားလမ်း (အောင်ဆန်းလမ်း)သည်၎င်း၊ ပငသွား မော်တော်ကားလမ်းသည်၎င်း၊ မော်လမြိုင်-ရေးမီးရထားလမ်း သည်၎င်း၊ သံဖြူဇရပ်မြို့တွင်းကို ဖြတ်သွားကြလေသည်။

သံဖြူဇရပ်သည် မော်လမြိုင်(ယခင်ကျိုက္ခမီခရိုင်)၊ သံဖြူဇရပ်ခရိုင်ခွဲ၏မြို့နယ်တစ်ခုဖြစ်ခဲ့၍ ထိုသံဖြူဇရပ်ခရိုင်ခွဲတွင် ပါဝင်ခဲ့သော အခြားမြို့နယ်တို့မှာ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့ ဖြစ်ကြလေသည်။[၂]

အခြားကြည့်ရန်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL, ပြည်သူ့အင်အားဦးစီးဌာန, 26 August 2014, p. ၂၉, retrieved February 26, 2015 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)