ခင်ကြည်၊ ဒေါ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဒေါ်ခင်ကြည် (၁၉၁၂ − ၁၉၈၈) သည် မြန်မာနိုင်ငံသား မူလတန်းပြဆရာမ၊ သူနာပြု၊ လွှတ်တော်အမတ် ဖြစ်ပြီး ၁၉၅၃ မှ ၁၉၆၀ထိ လူမှုဝန်ထမ်းဝန်ကြီးဌာနဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။သူမသည် ၁၉၆၀ မှ ၁၉၆၇ထိ သံအမတ်ကြီး ဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ သူမသည် မြန်မာနိုင်ငံ၏ပထမဆုံး မြန်မာအမျိုးသမီး သံအမတ်ကြီးလည်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးလည်းဖြစ်သည်။

မဟာသီရိသုဓမ္မ
ဒေါ်ခင်ကြည်
၁၆ ဧပြီ ၁၉၁၂ - ၂၇ ဒီဇင်ဘာ ၁၉၈၈
ခင်ကြည်
ကိုယ်ရေး အချက်အလက်
အမည်ရင်း မခင်ကြည်
မွေးရက် ၁၆ ဧပြီ ၁၉၁၂
မိဘများ ဦးဖိုးညှင်း နှင့် ဒေါ်ဖွားစု
မွေးရပ်ဇာတိ မြောင်းမြမြို့၊ ဗြိတိသျှဘားမား
အလုပ်အကိုင် လွှတ်တော်အမတ်၊ ဝန်ကြီး၊ သံအမတ်ကြီး
ကြင်ဖော် ဗိုလ်ချုပ်အောင်ဆန်း
သားသမီး အောင်ဆန်းဦး၊ အောင်ဆန်းလင်း ၊ အောင်ဆန်းစုကြည်
ကွယ်လွန်ရက် ၂၇ ဒီဇင်ဘာ ၁၉၈၈
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့

ငယ်ဘဝ[ပြင်ဆင်ရန်]

ဒေါ်ခင်ကြည်ကိုဧရာဝတီတိုင်းမြောင်းမြမြို့၌ လမ်းဗိုလ် ဦးဘိုးငြိမ်း၊ ဒေါ်ဖွားနုတို့မှ ၁၉၁၂ ခု၊ ဧပြီလ ၁၆ ရက် အင်္ဂါနေ့တွင် ဖွားသည်။ [၁] မွေးချင်းများမှာ ဦးဘလွင်၊ ဒေါ် ခင်သောင်း၊ ဦး မောင် (ငယ်စဉ်က လွန်)၊ ဦးဘကျော်၊ ဒေါ်ခင်ကြီး (နောင်တွင် သခင်သန်းထွန်း၏ ဇနီး)၊ ဒေါ်ခင်တင့် (ဦးသိန်းလှ ဇနီး)၊ ဒေါ်ခင်ကြည်၊ ဦးသိန်း၊ ဒေါ်မမကြီး (ခေါ်) ဒေါ် အမာ (ကောက်ပဲသီးနှံမင်းကြီး ဦးတင်အောင် (ခေါ်) ဦးဂျော်နီ၏ ဇနီး)တို့ ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ငယ်စဉ်က မြောင်းမြမြို့တွင် (၆) တန်းအထိ ပညာသင်ခဲ့သည်။ ရန်ကုန်မြို့၊ ကြည့်မြင်တိုင် အေဘီအမ် မိန်းကလေးကျောင်းမှ (ယခု အထက (၁) ကြည့်မြင်တိုင်) မှ (၇) တန်းနှင့် (၈) တန်း အောင်သည်။ (၉) တန်းကို မြောင်းမြ အစိုးရအထက်တန်းကျောင်း၌ ပြန်နေသည်။ ထို့နောက် မော်လမြိုင်မြို့ရှိ စကော့လူမျိုး အမျိုးသမီးများအုပ်ချုပ်သော အေဘီအမ်ကျောင်း (မော်တင်လိန်း ဆရာဖြစ်သင်တန်းကျောင်း) မှ မူလတန်းဆရာဖြစ်လက်မှတ် ရသည်။[၂]

မူလတန်းပြဆရာမ၊ သူနာပြု[ပြင်ဆင်ရန်]

မြောင်းမြ အမျိုးသားအထက်တန်းကျောင်း၌ စေတနာဝန်ထမ်းအဖြစ် ဦးဘထွန်းလှိုက်လက်အောက်တွင် နှစ်အတန်ကြာ လုပ်ခဲ့သည်။ ထို့နောက် သူနာပြုအလုပ်ကို လုပ်ကိုင်ရန် ရန်ကုန် ဒပ်ဖရင်ဆေးရုံ၌ ဝမ်းဆွဲသင်တန်း၊ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုသင်တန်းများကို တနှစ်ကြာ တက်ရောက်ခဲ့သည်။ စစ်မဖြစ်မီ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုအဖြစ် နှစ်အနည်းငယ် ထမ်းရွက်သည်။ ၁၉၄၁ ခု၊ ဒီဇင်ဘာလ (၂၃) ရက်တွင် ရန်ကုန်မြို့ဗုံးချခံရပြီး ဒဏ်ရာရလူနာများ ကာလကတ္တားသို့ပို့ ဆောင်ရေးတွင် သူနာပြုအဖြစ် စေတနာဝန်ထမ်း ဆောင်ရွက်ခဲ့သည်။ ယင်းနောက် အိန္ဒိယမှမြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့်သင်္ဘောနှင့် ပြန်လာသည်။

ဒေါ်ခင်ကြည် ငယ်ရွယ်စဉ်က တွေ့ရစဉ်

၁၉၄၂ တွင် ရန်ကုန်မြို့ ဂေါ်ရာကုန်းမြေ ဒိုင်အိုစီဇင်မိန်းကလေးကျောင်း၌ ဒေါက်တာဘသန်း (နောင်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ယောက္ခမ) ဦးဆောင်၍ ဆေးရုံ ဖွင့်လှစ်သည်။ ထိုဘီဒီအေဆေးရုံတွင် အစ်မဖြစ်သူဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံးဆောင်ရွက်ခဲ့သည်။ ဒေါ်ခင်ကြီးမှာ စစ်မဖြစ်မီ သူနာပြု ၂၄၆ သင်တန်းဆင်းဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးကိုဂျပန်တပ်များတပ်ခွဲထားရာ ဘီဒီအေဆေးရုံသည် နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်၏ အုပ်ချုပ်ရေးခေတ်တွင် ရန်ကုန်ဆေးရုံကြီး ဖြစ်လာသည်။ ဒေါက်တာဘသန်း၏ ဦးဆောင်မှုအောက်တွင် ဒေါက်တာလှရွေ (ရဲဘော်သုံးကျိပ် ဗိုလ်လက်ျာ၏ညီ၊ ၁၉၃၈ကျောင်းသားခေါင်းဆောင်) ဒေါက်တာကြည်ပေါ၊ ဒေါက်တာဦးအေး၊ ဒေါက်တာမြင့်ဆွေ၊ ဒေါက်တာဒေါ်ရင်မေ၊ သူနာပြု ကယ်လီ၊ မတင်ထွေး (ဒေါက်တာမြင့်ဆွေ၏ဇနီး) တို့နှင့်အတူ သူနာပြုချုပ်အဖြစ် အမှုထမ်းသည်။

ဗိုလ်ချုပ်ကတော်[ပြင်ဆင်ရန်]

လက်ထပ်ထိမ်းမြားစဉ်

ဘီဒီအေ စစ်သေနာပတိ ဗိုလ်ချုပ် ဗိုလ်တေဇ ဆေးရုံလာတက်ရာ မေတ္တာမျှသည်။ ၁၉၄၂ ခု၊ စက်တင်ဘာ ၆ တနင်္ဂေနွနေ့တွင် ဂျပန်ခေတ် ပြည်သူ့ဆေးရုံကြီးအရှေ့ဘက် အစွန်ဆုံး ခန်းမဆောင်တွင် လက်ထပ်ထိမ်းမြားခဲ့သည်။ သားကြီး အောင်ဆန်းဦးနှင့် အောင်ဆန်းလင်းတို့ကို (၆) မိုင်ခွဲအိမ်၌ လည်းကောင်း၊ သမီး အောင်ဆန်းစုကြည်ကို ကန်တော်ကြီးစောင်း နေအိမ်၌ လည်းကောင်း မွေးသည်။ အထွေးဆုံးကလေးကို ၁၉၄၆ ခု၊ စက်တင်ဘာလ ၂၂ ရက်တွင် တာဝါလိန်းအိမ် (ယခု ဗိုလ်ချုပ်ပြတိုက်) ၌ ထွန်းကားသော်လည်း အဖတ်မတင်ဘဲ ၅ ရက်အကြာတွင် တိမ်းပါးသွားသည်။ သားလတ် အောင်ဆန်းလင်းမှာလည်း တာဝါလိန်းအိမ်ရှိ ရေကန်တွင် ၁၉၅၃ ခု၊ ဇန်နဝါရီလ ၁၆ ရက်တွင် ရေနစ်သေဆုံးသွားခဲ့သည်။

ဒေါ်ခင်ကြည်သည် ၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀း ၃၅ နာရီတွင် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ဖော်ကိုင်ဖက် အခြား ဝန်ကြီးများနှင့်အတူ ကျဆုံးခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူချမှတ်ခဲ့သော တိုင်းပြုပြည်ပြုလုပ်ငန်းများကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ခဲ့သည်။

၁၉၄၇ ဩဂုတ်၂ တွင် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်သည် အဓိဋ္ဌန်ပြုချက်နဲ့အတူ လူထုပန်ကြားလွှာကိုထုတ်ပြန်၍ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းပေးတာဝန်ကို ထမ်းဆောင် ခဲ့သည်။ ဒေါ်ခင်ကြည်၏ပန်ကြားလွှာတွင် ...

"ကျမရဲ့ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နှင့်လူမျိုးအတွက်ကြိုးပမ်းရင်း လမ်းခုလပ်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူကွယ်လွန်သွားတော့ သူ့ကိုပြုစုရမဲ့အစား သူချခဲ့တဲ့လမ်းစဉ်တွင်ပါဝင်နိုင်တဲ့ဘက်တွင်ပါဝင်ပြီး သူချန်ခဲ့တဲ့ သူသွေး သူ့သား မိမိရဲ့ရင် သွေးကလေးတွေကို အဖေသားပီပီ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့ မယ်လို့ဆုံးဖြတ်ပါတယ်။လူထုကို ကျမပြောလိုတာက တော့မိမိတို့အားကိုး ယုံကြည်လေးစားသောခေါင်းဆောင်ကြီးကို ရက်စက်စွာလုပ်ကြံမှုကြောင့် ဒေါသထွက်စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင်မှုကိုရှောင်ကြဉ်၍ သူချခဲ့သောလမ်းစဉ်အတိုင်း တသေဝမတိမ်း လိုက်နာကျင့်ဆောင်ကြပါ။ သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကို ဆထက်တပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့သော လွတ်လပ်ရေးကို မရမ‌ေနကြိုးပမ်းကြပါ"ဟု တိုင်းပြည်ကို တိုက်တွန်းခဲ့လေသည်။

ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုံးခဲ့ရသော အာဇာနည်ကိုးဦးအား အသက် လျော်ကြေးပေးရန် ၎င်းပိုင် လက်ဝတ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွဲ‌ေဝပေးရန် ဇနီးဖြစ်သူဒေါ်သန်းခင်အား ထောင်တွင်းမှ မှာကြားခဲ့သည်။ ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအား လိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်းပြောပြီး အသက်လျော်ကြေးပေးရသောအခါ ဒေါ်ခင်ကြည်က "ရှင့်ယောကျာ်း ကျမယောက်ျားကိုလုပ်ကြံလို့ ကျမမုဆိုးမဘဝရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘဝတူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘဝကူးကောင်းအောင် ကုသိုလ်ဒါန တစ်ခုခုပြုလုပ်ပေးပါ" ဟုပြောကြားခဲ့ကြောင်း သိရပေသည်။

နိုင်ငံ့တာဝန်ထမ်းရွက်မှု[ပြင်ဆင်ရန်]

ဒေါ်ခင်ကြည်သည် သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏ ဩဇာအကြီးဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ဖဆပလ၏တာဝန်ပေးခြင်းအရ လမ်းမတော်အလယ်ပိုင်း မဲဆန္ဒနယ်တွင် အရွေးခံရာ ၁၉၄၇ မှ ၁၉၅၁ အထိ အမတ်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ ဒေါ်ခင်ကြည်သည် ၁၉၄၇ - ၅၃ တွင် မြန်မာအမျိုးသမီးများအသင်း ညွှန်ကြားရေးဝန်၊ ၁၉၅၃ - ၅၈တွင် လူမှုဝန်ထမ်းစီမံကိန်းကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုသို့တာဝန်ယူဆောင်ရွက်နေစဉ် ပြည်ထောင်စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီဥက္ကဋ္ဌ၊ မိခင်နဲ့ ကလေးစောင့်ရှောင့်ရေးဥက္ကဋ္ဌ၊ ကလေးသူငယ်စောင့်ရှောက်ရေးကောင်စီဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသမီး အသင်းများကောင်စီဥက္ကဋ္ဌ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန်ပွားရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံ သူနာပြုတင် ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ရာမာခရစ်ရှ်နာ သာသနာပြု ဆေးရုံနှင့် စာကြည့်တိုက် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်ခံရသည်။ ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံတွင် သူနာပြုလုပ်ငန်းများကို မွန်မြတ် သောပရဟိတလုပ်ငန်းအဖြစ် အများကစိတ်ဝင်စားစွာ ခံယူလုပ်ဆောင်စေရန် ရှေးဦးစွာစည်းရုံးခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ၊ ဗဟန်း

ဒေါ်ခင်ကြည်သည် နိုင်ငံကို ကိုယ်စားပြု၍ ပြည်ပနိုင်ငံများသို့ လှည့်လည် သွားရောက်ခဲ့ရသည်။ ဒေါ်ခင်ကြည်သည် ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများထမ်းဆောင်နေစဉ် ၁၉၄၉ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာညီလာခံ၊ ၁၉၅၀ တွင် ကိုလံဘိုကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာညီလာခံများကို မြန်မာကိုယ်စားလှယ် အဖွဲ့ကိုဦးဆောင်၍ တက်ရောက်ခဲ့သည်။ ၁၉၅ဝ၊ ၁၉၅၁ နှင့် ၁၉၅၂ ခုနှစ်တို့တွင် ဂျီနီဗာမြို့၌ ကျင်းပသော ကမ္ဘာ့ကျန်းမာရေးညီလာခံများသို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့ရပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ကျင်းပသော ညီလာခံတွင် သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ထို့အပြင် အနောက်ဥရောပ၊ အမေရိကန် ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်စသောနိုင်ငံများသို့ နိုင်ငံတာဝန်နှင့် ခရီးလှည့်လည်ခဲ့သည်။

၁၉၅၉ - ၆၀ နှစ်များတွင် ဦးနုဦးဆောင်သော ပြည်ထောင်စုပါတီ (ပထစ) အတွက် စည်းရုံးရေးတာဝန်များကို ဖိဖိစီးစီး တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။ သို့အတွက် ဦးနုဦးဆောင်သော သန့်ရှင်း ဖဆပလတဖြစ်လည်း ပြည်ထောင်စုပါတီသည် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည်။ ဒေါ်ခင်ကြည်သည် ပထစပါတီအား မဲဆွယ်စည်း ရုံးပေးခဲ့သော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးမခံခဲ့ချေ။

မြန်မာသံအမတ်ကြီး[ပြင်ဆင်ရန်]

ဝန်ကြီးချူပ်ဦးနု ဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား ၁၉၆၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့် ယနေ့အချိန်အထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီး သံအမတ်ကြီးအဖြစ် မော်ကွန်း တင်ခံရသည်။ အိန္ဒိယနိင်ငံ၊ နယူးဒေလီမြို့တွင် ရုံးထိုင်၍ သံအမတ်ကြီးအဖြစ် ၇ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၇ ဇွန်လ တွင် အငြိမ်းစားယူခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

အငြိမ်းစားယူပြီးနောက် ရန်ကန်မြို့ တက္ကသိုလ်ရိပ်သာလိမ်းအမှတ် (၅၄-၅၆) နေအိမ်၌ ရိုးရိုးကုတ်ကုတ် နေထိုင်ခဲ့သည်။ ဝန်ကြီးလုပ်သက်၊ သံအမတ်ပင်စင်များကိုမယူပဲ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဇနီးထောက်ပံ့ငွေ ကိုသာ ခံစားခဲ့သည်။

ဤသို့ ဒေါ်ခင်ကြည်သည် နေအိမ်ခြံအတွင်း ပန်းမာလ်ပင်များစိုက်ပျိုးပြုပြင်လျက် ဘဝကိုအေးချမ်းစွာကုန်ဆုံးနေစဉ်အတွင်း ၁၉၈၇၊ ဧပြီလတွင် နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် အင်္ဂလန်ပြည်တွင် မျက်စိခွဲစိတ်ကုသခဲ့သည်။ လန်ဒန်မြို့တွင်၂ လကြာကုသခဲ့ပြီးနောက် ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာခဲ့သည်။ ယင်းနောက် ၁၀ အကြာ ၁၉၈၈ မတ်လ အကုန်ပိုင်းတွင် ပြင်းထန်သော လေဖြတ်ရောဂါ ဖြစ်ပွားခဲ့သည်။ သူမသည် ဒုတိယအကြိမ် လေဖြတ်ခြင်း ဝေဒနာကို ခံစားရပြီးနောက်၊ ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နံနက် ၇ နာရီ ၁၇ မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏လက်ပေါ်၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ် အရွယ်ရှိပြီ ဖြစ်သည်။ [၁] ကွယ်လွန်ချိန်တွင် သားဖြစ်သူ ဦးအောင်ဆန်းဦးနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) တို့ကျန်ရစ်သည်။[၃]

ဂူဗိမာန်[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ၂ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ကြွင်းကျန် သောရုပ်ကလာပ်ကို ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး ရွှေတိဂုံဘုရားလမ်းရှိ ငြိမ်းချမ်းရေနှင့် မျိုးချစ်စာဆိုဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်နှင့် သီပေါမင်း၏ မိဘုရားခေါင်ကြီး ကုန်းဘောင်ခေတ်၏ နောက်ဆုံး အဂ္ဂမဟေသီ စုဘုရားလတ် ဂူဗိမာန်တို့အကြား မြေကွက်လပ်၌ ဂူဗိမာန်တည်ဆောက် သဂြိုဟ်ခဲ့လေသည်။ ထိုနေရာတွင်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဦးသန့် ၊ စုဖုရားလတ်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့၏ အုတ်ဂူများလည်း တည်ရှိသည်။

ဂုဏ်ပြုချီးကျူးခံရခြင်း[ပြင်ဆင်ရန်]

ဒေါ်ခင်ကြည်သည် ဘဝတစ်လျှောက်လုံး တိုင်းကျိုးပြည်ပြု စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုကြောင့် ၁၉၅၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ပေးအပ်ချီးမြှင့်သော မြန်မာမိခင်ဘွဲ့တံဆိပ် ၁၉၅၁ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရကချီးမြှင့်သော မဟာသီရိသုဓမ္မဘွဲ့၊ ၁၉၅၅ ခုနှစ် တွင် ယူဂိုစလားဗီးယားနိုင်ငံမှချီးမြင့်သော မာရှယ်တီးတိုးယူဂိုဆလပ်ကြယ် (ဒုတိယဆင့်) နှင့် ထိုင်းနိုင်ငံ၏ နိုဘယ်အော်ဒါဘွဲ့(ဝါ) ဘုရင့်မြင့်မြတ်သော ဆုတံဆိပ်တို့ကို ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "ဖဆပလ သတင်းစဉ်"၊ အတွဲ (၁) အမှတ် (၃၇)။ ၁၉၄၇ ခု၊ ဩဂုတ် ၂၃။
  2. https://web.archive.org/web/20120502091420/http://mainichi.jp/english/english/features/news/20120427p2a00m0na020000c.html
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)