ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြစ်တွင်း၌ မြင်ရသည့် ကုမ္ပဏီမှ သင်္ဘောတစ်စီး

ဧရာဝတီ ဖလောတီလာ ကုမ္ပဏီ (အင်္ဂလိပ်: Irrawaddy Flotilla Company) သည် မြစ်တွင်းသွား ရေကြောင်းလိုင်းတစ်ခု ဖြစ်ပြီး ဧရာဝတီမြစ်တွင်း၌ လည်ပတ်သည်။ ၁၉၂၀ ပြည့်နှစ်များတွင် ကမ္ဘာပေါ်ရှိ မြစ်တွင်းသွားသင်္ဘောအများဆုံးရှိသည့် လှေအုပ်ဖြစ်ပြီး အစီး ၆၀၀ ကျော် ရှိခဲ့သည်။[၁][၂]

စတင် လည်ပတ်ပုံ[ပြင်ဆင်ရန်]

၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ဗြိတိသျှတပ်စုများအား ပို့ဆောင်နိုင်ရန် ဘုရင်ခံချုပ် လော့ ဒါလဟိုဇီက အရှေ့အိန္ဒိယကုမ္ပဏီပိုင် မီးသင်္ဘော ၄ စီးကို ကလကတ္တားမှ ရန်ကုန်သို့ ယူလာသည်။ စစ်ပြီးသောခါ မီးသင်္ဘော ၇ စီးအထိ ရှိနေပြီး စာနှင့် အခြားသယ်ပို့မှုများလုပ်ဆောင်ရန် ဆက်လက်ထားရှိခဲ့သည်။

၁၈၆၃ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးသို့ တပ်စုများ၊ ကုန်နှင့်စာများအား ၅ နှစ် သယ်ပို့ခွင့် စာချုပ်နှင့်အတူ ထိုရေယာဉ်အုပ်အား လေလံတင်သည်။ ဂလက်စဂိုမှ တော့ဒ်နှင့် ဖင်ဒလေ ကုမ္ပဏီ (Todd, Findley & Co.) က တစ်သိန်းခွဲနှင့်လေလံအောင်ကာ ၁၈၆၅ ခုနှစ်တွင် စာချုပ်ချုပ်ပြီး ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီနှင့် ဘားမိ အက်စ်အန် ကုမ္ပဏီ (Irrawaddy Flotilla Company & Burmese SN Co. Ltd.) ဟူ၍ ဖြစ်လာသည်။ အင်္ဂလန်မှ အခြားလုပ်ငန်းရှင်များက အစုစပ်ပါဝင်ကြကာ ရုံးချုပ်ကို ဂလပ်စဂိုးတွင် ထားသည်။ မြန်မာနိုင်ငံ၏ ရုံးချုပ်မှာ ရန်ကုန်မြို့၊ ပန်းဆိုးတန်းမြို့နယ်တွင် ရှိသည်။ မန်နေဂျာချုပ်မှာ ပက်ဒီ ဟန်ဒါဆန် (Paddy Henderson) ဖြစ်သည်။ ထိပ်ပိုင်းအရာရှိများမှာလည်း အင်္ဂလိပ်များဖြစ်ပြီး စာရေးစာချီနှင့် အနိမ့်ပိုင်းရာထူးများကို မြန်မာနှင့် အိန္ဒိယလူမျိုးများအား ခန့်အပ်သည်။[၃]

အစောပိုင်းတွင် ရန်ကုန်မှ အောင်လံအထိ သွားလာသည်။ ၁၉၆၈ ခုနှစ်တွင် စာချုပ်ပြန်ပြင်ရာ မြစ်ဝကျွန်းပေါ်မှသည် ဗန်းမော်အထိ သယ်ပို့ခွင့် ရှိလာသည်။ လုပ်ငန်းကျယ်ပြန့်လာသည်နှင့်အထိ သင်္ဘောအစင်းရေတိုးမြှင့်ရာ ပထမဆုံးတစ်စီးအား ဗန်းမော်အထိသွားနိုင်ရန် မင်းတုန်းမင်းနှင့် သွားရောက်ညှိနှိုင်းခဲ့သည့် ကော်မရှင်နာ ကာနယ် ဖရေးအား ဂုဏ်ပြုသောအားဖြင့် ကာနယ်ဖရေး မီးသင်္ဘော (P.S. Colonel Phayre) ဟု အမည်ပေးခဲ့သည်။ သင်္ဘောများကို စကော့တလန်ပြည်၊ ကလိုက် (Clyde) မြို့၌ တည်ဆောက်ပြီး ပြန်လည်ဖြုတ်ယူကာ မန္တလေးတွင် ပြန်ဆင်သည်။ ပြန်လည်တည်ဆောက်ရာ၌ စကော့လူမျိုးများက ကြီ:ကြပ်ပြီ: စစ်တကောင်းကုလားများက တပ်ဆင်ကြသည်။

၁၈၆၉ ခုနှစ် ဆူးအက်တူးမြောင်း ဖွင့်လှစ်ပြီးနောက် ကုန်သွယ်မှု ဖွံ့ဖြိုးလာပြီး လုပ်ငန်းချဲ့ထွင်ရန် လိုအပ်လာသောကြောင့် လုပ်ငန်းအမျိုးအစားပြောင်းလဲကာ ၁၈၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီဟု အမည်တပ်ကာ ယက်တပ် မီးသင်္ဘော ၁၃ စီး၊ ဇက် ၂၉ စီးနှင့် ပြန်လည် ဖွဲ့စည်းသည်။

၁၈၈၅ ခုနှစ်တွင် မီးသင်္ဘော ၂၄ စီးနှင့် ဇက် ၂၃ စီးအထိ ရှိလာသည်။ သင်္ဘောသစ်များကို ဒန်ဘာတန် (Dumbarton) ရှိ ဒန်နီသင်္ဘောကျင်း (Denny's Dockyard) တွင် တည်ဆောက်သည်။ ပုံစံထုတ်သူမှာ မန်နေဂျာ ကန်နဒီ ဖြစ်သည်။

တတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲကာလ[ပြင်ဆင်ရန်]

၁၈၈၅ ခုနှစ်၊ အောက်တိုဘာတွင် အက်ရှလေအီဒန် မီ:သင်္ဘော (P.S. Ashley Eden) ဖြင့် ကပ္ပတိန် ဂျေ ဂျေ ကူးပါးက အင်္ဂလိပ်တို့၏ ရာဇသံကို သီပေါမင်းအား ပေးရာ အထိန်းသိမ်းခံရသည်။။ ရာဇသံပေးထားသည့် နိုဝင်ဘာလ ၅ ရက်ရောက်သည်အထိ ထူးခြားမှုတစုံတရာ မရှိခဲ့။ နိုဝင်ဘာ ၉ ရက်တွင် ကင်းဝန်မင်းကြီးက ပြန်စာနှင့်အတူ ကူးပါးအား လွှတ်ပေးခဲ့သည်။ အရပ်သားဖြစ်သော်လည်း စွမ်းစွမ်းတမံစွမ်းဆောင်မှုအတွက် အင်္ဂလိပ်အစိုးရက ကူးပါးကို ရွှေနာရီတစ်လုံး ပေးသည်။

၁၈၈၅ ခုနှစ်၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားသောအခါ အင်္ဂလိပ်အစိုးရက သင်္ဘောများကို သိမ်းယူပြီး မင်းလှမြို့ အထက်နှင့်အောက်ကို တပ်စွဲရာ ၂ မိုင်ခန့်ရှည်သည့် သင်္ဘောအုပ် ဖြစ်ခဲ့သည်။ စစ်သား ၉၅၀၀၀၊ နောက်ပါ ၇၀၀၀၊ သေနတ် ၇၇ လက်နှင့်၊ စားနပ်ရိက္ခာအဖြစ် တိရိစ္ဆာန်များကိုပါ တင်ဆောင်ထားသည့် ၎င်းရေတပ်အား ကြီ:ကြပ်သူမှာ ဗိုလ်ချုပ် ပရင်ဒါဂတ် (General Prendergast) ဖြစ်သည်။ ကပ္ပတိန် ဘက်ကတ် (Beckett) ဦ:စီ:သည့် ပဲလိုးမီးသင်္ဘော (P.S. Paelow) က သင်္ဘောအုပ်ကို ဦးဆောင်ကာ နိုဝင်ဘာ ၁၇ တွင် မင်းလှခံတပ် ကို သိမ်းသည်။ ဤနေရာသည် သီပေါမင်း၏ နောက်ဆုံးခုခံခဲ့သည့်နေရာဖြစ်ပြီး နိုဝင်ဘာ ၂၇ တွင် အညံ့ခံသည်။ ကပ္ပတိန် ပတ်တာဆန် (Patterson) မောင်းနင်သည့် သူရိယမီးသင်္ဘော (P.S. Thooreah) ဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် သီပေါမင်း၊ စုဖုရားလတ်၊ သမီးတော်နှစ်ပါး၊ စုဖုရားကြီးနှင့် ဆင်ဖြူမရှင် မိဖုရားကြီ:တို့အား ကာနယ် စလေဒင် (Colonel Sladen) က ခေါ်ဆောင်ကာ အိန္ဒိယအနောက်ဘက်ကမ်းရှိ ရတနာဂီရိ (Ratnagiri) သို့ ပို့ဆောင်လိုက်သည်။

ကိုလိုနီ လက်အောက်ကာလ[ပြင်ဆင်ရန်]

သီပေါမင်းအား ရတနာဂီရီသို့ ပို့ဆောင်ပြီးနောက် ကုမ္ပဏီမန်နေဂျာအား ဂုဏ်ပြု၍ ကန်တော်ကြီးတစ်နေရာကို ကင်နဒီစွန်း (Kennedy Point) ဟု အင်္ဂလိပ်အစိုးရက အမည်ပေးခဲ့သည်။

၁၈၉၄ တွင် သံလွင်မြစ်နှင့် မော်လမြိုင်အနီးရှိ ဂျိုင်း၊ အတ္ထရံမြစ်များသို့ လမ်းကြောင်းချဲ့သည်။ တိုင်းရင်းသားလုပ်ငန်းရှင် ဦ:နာအောက်နှင့် လုပ်ငန်းပြိုင်ဆိုင်မှု ရှိခဲ့သော်လည်း အချိန်မကြာမီပင် ပြိုင်ဘက်မရှိ ရေကြောင်းလိုင်း ပြန်ဖြစ်လာသည်။

၁၉၀၆ ခုနှစ် ဝေလမင်းသားနှင့်ဇနီ: မြန်မာပြည်သို့ လာရောက်သည့်အခါ စီးနင်းသည့် ဂျပန်မီးသင်္ဘော (P.S. Japan) ကို ကပ္ပတိန် လာတေ့စတီး (La Taste) က မောင်းနှင်ပေးသည်။ ဝေလမင်းသားမှာ ၁၉၃၆ ခုနှစ်တွင် အက်ဒဝပ် (၈) အဖြစ် နန်းတက်သူ ဖြစ်သည်။

အောက်မြန်မာပြည်မှ မန္တလေးသို့သွားသည့် ရထားလမ်းမှာ စစ်တောင်းမြစ်ပေါ်မှ ဖြတ်သည်။ သို့ဖြစ်ရာ အနောက်ဘက်အခြမ်းရှိ ကုန်စည်များ၊ ချောက်နှင့် ရေနံချောင်းမှ ရေနံတို့ကို သယ်ဆောင်ရန် သင်္ဘောများမှာ အဓိကအားထားရာ ဖြစ်လာသည်။ ၁၉၂၀ ပြည့်နှစ်များတွင် သင်္ဘော ၆၂၂ စီး၊ မီးသင်္ဘော ၂၆၇ စီး၊ ဇက် ၃၅၅ စီးအထိ ရှိလာသည်။ ကမ္ဘာ့အကြီးဆုံး မြစ်တွင်းသွားလုပ်ငန်းဖြစ်လာရာ အလုပ်သမား ၄၀၀၀ ကျော် ရှိခဲ့သည်။

၁၉၄၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် မော်လမြိုင်အား ဂျပန်များ သိမ်းသည့်အခါ ဂျိုင်းမြစ်ထဲရှိ ကုမ္ပဏီပိုင် ခရီးသည်တင်သင်္ဘောအား ဂျပန်လေယာဉ်က နစ်မြှုပ်ခဲ့သည်။ ထို့ကြောင့် မော်လမြိုင်ကိုယ်စားလှယ်သည် လုပ်ငန်းပိုင်ပစ္စည်းများကို ရောင်းချ၍ သင်္ဘော ၅ စင်းနှင့် ရန်ကုန်သို့ ပြန်လာသည်။ အင်္ဂလိပ်အစိုးရက ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ရှိ သင်္ဘော ၄၀၀ ခန့်အား မန္တလေးသို့ လိုက်ပါခဲ့ရမည်ဟု အမိန့်ထုတ်သည်။ ၃ စီးကိုသာ စစ်တွေသို့ သွားခွင့်ပြုသည်။

ဂျပန်တို့၏ စစ်ချီမှု အရှိန်လျော့စေရန် ၁၉၄၂ ခုနှစ်၊ ဧပြီ ၂၈ တွင် မန်နေဂျာ ဂျွန် မော်တန် (John Morton) က သင်္ဘောများကို ဖျက်ဆီးစေခဲ့ရာ မေလမှ ဧပြီလအတွင်း မန္တလေးတွင် ၁၁၂ စီး၊ ကသာတွင် ၉၆ စီး ဖျက်သည်။ မေလ ၄ ရက်တွင် အလုပ်သမားများအား လခထုတ်ပေးကာ လူစုခွဲသည်။[၄] သင်္ဘောဖျက်ဆီးပုံမှာ ရေယက်ဝင်ပေါက်အား ချဲ့ပြီး သင်္ဘောဝမ်းအား စက်သေနတ်ဖြင့် ပစ်ခြင်းဖြစ်သည်။ ထို့နောက် ကုမ္ပဏီဝန်ထမ်းများ အာသံနယ်သို့ ထွက်ပြေးကာ လုပ်ငန်းအဆုံးသတ်သို့ ရောက်သွားသည်။

ကိုလိုနီခေတ်လွန်ကာလ[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ်ဂျွန်လတွင် ကုမ္ပဏီအား ပြည်သူပိုင်သိမ်းလိုက်ပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အဖြစ် ပြန်လည်ဖွဲ့စည်းသည်။ ၁၉၅၀ ခုနှစ် ဂျွန်လ ၂၆ ရက်တွင် ရှယ်ယာရှင်များ၏ သဘောတူညီချက်အရ ကုမ္ပဏီအား တရားဝင် ဖျက်သိမ်းလိုက်သည်။

ပိုမိုသိရှိလိုပါက[ပြင်ဆင်ရန်]

  • Strachan, Paul (2003) "Pandaw: The Irrawaddy Flotilla Co. and the Rivers of Myanmar" Kiscadale Publications. ISBN 1870838424.
  • McCrace, Alistair; Prentice, Alan (1977). "Irrawaddy Flotilla" James Paton Limited. ISBN 0950606103.

ကိုးကား[ပြင်ဆင်ရန်]

  1. Irrawaddy Flotilla Company
  2. (1973) The Irrawaddy Flotilla Company 1865-1950. Greenwich, London: National Maritime Museum။ 
  3. Irrawaddy Flotilla Company
  4. ညိုမြ, "ကုန်းဘောင်ရှာပုံတော်", မြန်မာစာပေတိုက်, ၁၉၈၂ မေ