ကင်းဝန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရှေးမြန်မာဘုရင်များ လက်ထက်တော်အခါက နေပြည်တော်နှင့် အဝေးမြို့ကျေးလက်နယ်များတွင် ထွက်ဝင်သွားလာသူများကို စစ်ဆေး၍၊ အကောက်အခွန် ကောက်ခံသင့်က ကောက်ခံစည်းကြပ်ရသော ဌာနများကို 'ကင်း' ဟုခေါ်သည်။ ကြည်းကင်း၊ ရေကင်း၊ အနီးကင်း၊ အဝေးကင်း ဟူ၍ ကင်း ၄ မျိုးခွဲထားသည်။ ကြည်းကင်းကို ကုန်းကြောင်းလမ်းများ၌ လည်းကောင်း၊ ရေကင်းကိုမူ ပင်လယ်ဝနှင့် မြစ်စခန်းများ၌လည်းကောင်း ချထားလေသည်။ နေပြည် တော် ပတ်ဝန်းကျင်၌ အစောင့်အနေချထားသော ကင်းကို အနီး ကင်း သို့မဟုတ် ကင်းတိုဟုခေါ်၍ နိုင်ငံအစွန်အဖျား၊ ရပ်ဝေး၌ ရှိသော ကြည်းကင်း၊ ရေကင်းများကို အဝေးကင်း၊ ကင်းရှည် သို့မဟုတ် ကင်းဖျားဟုခေါ်သည်။ ထိုပြင် နိုင်ငံခြားနှင့်ဆက်ဆံ ရသော နယ်ခြားကင်းများလည်း ရှိသေးသည်။ ထိုကင်းများမှာ ရေကင်း၊ ကြည်းကင်းတွင် ပါဝင်လေသည်။

ထိုကင်းများတွင် ဘုရင်၏အရာရှိအမှုထမ်းများက လူဝင်လူထွက်ကိုစစ်ဆေး၍ ကုန်သည်ဈေးသည်များထံမှ ဖြတ်သန်းခ အခွန်များကို ကောက်ခံလေ့ရှိသည်။ ထိုအခွန်ကို ကင်းခွန်ဟု ခေါ်၍ ကင်းခွန်များကို ကြီးကြပ်ရသူအား 'ကင်းဝန်'ဟု ခေါ်လေသည်။ ကင်းဝန်၏လက်အောက်တွင် ကင်းအုပ်၊ ကင်းကိုင် စသော အမှုထမ်းများရှိသည်။ စစ်ချီစစ်တက်ရာ၌ ရပ်နားရာ စစ်စခန်းများတွင် အစောင့်အနေတာဝန်ချသူကို ကင်းစောင့်ဟုခေါ်လေသည်။ ရှေးအခါက ကင်းစောင့်သည်ကို ကင်းဝပ်သည်ဟုလည်း ခေါ်သေးသည်။ ယင်းသို့ စစ်စခန်း များ၌ ချရပ်စောင့်နေရုံသာမက ရှေးဦးကြိုထွက်၍ ရန်သူ သို့မဟုတ် လူဆိုး ဓားပြစသည်တို့၏ ဘေးရန်အလားအလာ၊ အနေအထိုင်၊ အခြေအနေကို စုံစမ်းထောက်လှမ်းရန် တာဝန် ဖြင့်စေလွှတ်သော လူစုမှာ ကင်း သို့မဟုတ် ကင်းရှည်ဖြစ် လေသည်။ ထိုကင်းသည် တစ်နေရာမှ တစ်နေရာသို့ လှည့်လည် သွားလာစုံစမ်းထောက် လှမ်းသည်ကို ကင်းလှည့် သည်၊ ကင်းထောက်သည်၊ ကင်းထိုးသည်ဟု ပြောဆိုကြ၏။ တစ်နေရာရာတွင် ချရပ်စောင့်ကြည့်နေရသော ကင်းသေ သို့မဟုတ် ကင်းဝန်းနှင့် လှည့်လည်သွားလာနေရသော ကင်း ပတ် တို့ကို ရာဇဝင်များ၌ ကင်းဝန်းကင်းပတ် လှည့်လည် သည်ဟု ဖေါ်ပြပါရှိလေသည်။[၁]

ကင်းဝန်[ပြင်ဆင်ရန်]

မြန်မာမင်း များ လက်ထက်က ကျောက်တလုံးကင်း ၊ မင်းကွန်းကင်း ၊ စပ္ပါယ်နဂိုရ်ကင်းဟူသော ရေကင်းများနှင့် ဆင်ကြန်ကင်း ၊ မြောင်းဦးကင်း ၊ လေသာကင်း ၊ ပြင်းထိပ်ကင်း ၊ နတ်ထိပ်ကင်း ၊ ရှောင်ကဗွေကင်း စသော ကြည်းကင်းများကို ကြီးကြပ်ကွပ်ကဲရန် ကင်းဝန် ရာထူးခန့်အပ်ထားရှိပါသည်။

ညောင်ရမ်းခေတ် ကင်းဝန်[ပြင်ဆင်ရန်]

မြန်မာသမိုင်း တွင် အစောဆုံးတွေ့ရှိရသည့် ကင်းဝန်မှာ တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃)လက်ထက်တွင် ခန့်အပ်ခံခဲ့ရသည့် သက်ရှည် ကျော်ထင် ဖြစ်ဟန်ရှိပါသည်။ သူသည် ဝန်ကြီးရာထူး တိုးမြှင့်ခန့်အပ်ခံရပြီးနောက် ၁၇၃၇ ခုနှစ်တွင် ကွယ်လွန်ခဲ့၏။ သူ၏ ရာထူးကို မည်သူမည်ဝါက ဆက်ခံခဲ့သည်ကိုမူ မသိရပေ။

အလောင်းမင်းတရား လက်ထက်[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦးကာလ အလောင်းမင်းတရား လက်ထက်တွင် အမတ်ကြီး ဘယသေနအား ကင်းဝန်အဖြစ် ခန့်အပ်ခဲ့သည်။ ကင်းဝန် ဘယသေန အမတ်ကြီး၏အမည်ကို ၂၀ နိုဝင်ဘာ ၁၇၅၇ ရက်စွဲပါ အမိန့်တော်၌ တွေ့ရှိရ၏။ ယင်းအမိန့်တော်အရ တမောဝကင်းနှင့် ဓမ္မနဂိုရ်ကင်းတို့မှာ ထိုခေတ်ကာလက ထင်ရှားသော ကင်းများ ဖြစ်ကြောင်း သိရှိသည်။ ၁၆ မေ ၁၇၅၈ တွင် ကင်းဝန်အမတ်ကြီး ဘယသေနအား အဆောင်အရွက် အစီးအနင်းများပေးအပ်ခဲ့ကြောင်း သိရှိရ၏။

မြေဒူးမင်းလက်ထက်[ပြင်ဆင်ရန်]

မြေဒူးမင်း (ဆင်ဖြူရှင်) (၁၇၆၃-၁၇၇၆) လက်ထက် အစောပိုင်းကာလတွင် နေမျိုးနော်ရထာကျော်ထင်အား ကင်းဝန်ရာထူး ခန့်အပ်ခဲ့ပါသည်။ ၅ စက်တင်ဘာလ ၁၇၆၉ တွင် စန္ဒပူရီ (လင်းဇင်း)မှ သမီးကညာ ဆက်သသောအခါ ယင်းအခမ်းအနားသို့ ကင်းဝန်နေမျိုးနော်ရထာကျော်ထင် တက်ရောက်ခဲ့၏။ မြေဒူးမင်းလက်ထပ် နှောင်းပိုင်းကာလတွင် ဇေယျအနော်ရထာ ကင်းဝန်အရာရရှိခဲ့သည်။ သူသည် မြေဒူးမင်း နတ်ရွာစံချိန်အထိ ကင်းဝန်ရာထူးဖြင့် အမှုထမ်းရွက်ခဲ့ပါသည်။

စဉ့်ကူးမင်းလက်ထက်[ပြင်ဆင်ရန်]

ကင်း ဝန်ဇေယျနော်ရထာသည် စဉ့်ကူးမင်း နန်းတက်စ ၁၇၇၆ ခုနှစ် တွင် ဝန်ထောက်ရာထူး တိုးမြှင့်ခန့်အပ်ခံခဲ့ရ၏။ ကင်းဝန်ရာထူးကိုပါ ပူးတွဲထမ်းဆောင်ရသဖြင့် ကင်းဝန်ထောက်ဟု အမည်တွင်ပါသည်။ ကင်းဝန်ထောက် ဇေယျအနော်ရထာသည် ဝန်ကြီးကျော်ခေါင်နော်ရထာ ကွယ်လွန်သွားသောအခါ ဝန်ကြီးဘက်အဖြစ် ခန့်အပ်ခံခဲ့ရပါသည်။ သို့သော် စဉ့်ကူးမင်း၏ အမှုထမ်းဖြစ်ခဲ့သည့် အားလျော်စွာ ဘိုးတော်ဘုရား နန်းတက်စ ၁၇၈၂ ခုနှစ်တွင် စီရင်ကွပ်မျက်ခြင်း ခံခဲ့ရ၏။

ဗဒုံမင်းလက်ထက်[ပြင်ဆင်ရန်]

အမရပူရနန်းတော် ၁၇၉၅ ခုနှစ်

ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်းသည် ၁၇၈၂ ခုနှစ်တွင် အမရပူရ၌ နန်းတက်လာပြီးနောက် မဟာဇေယျသကြၤန်အား မဟာသီရိသီဟသူဘွဲ့ဖြင့်ဝန်ကြီးအရာ ခန့်အပ်ခဲ့သည်။ ကင်းဝန်ရာထူးပါ ပူးတွဲထမ်းဆောင်ရဩဖင့် ဝန်ကြီးအရာခန့်အပ်ခဲ့သည်။ ကင်းဝန်ရာထူးပါ ပူးတွဲထမ်းဆောင်ရသဖြင့် ကင်းဝန်မင်းကြီးဟု အမည်တွင် ပါသည်။ ကင်းဝန်မင်းကြီး မဟာသီရိသီဟသူသည် ၁၇၈၅ ခုနှစ် ဒီဇင်ဘာတွင် ယိုးဒယားသို့ စစ်ချီရာ၌ မြိတ်စစ်ကြောင်းအား အုပ်ချုပ်ချီတက်ခဲ့ရ၏။

၂၂ အောက်တိုဘာ ၁၇၉၂ တွင် တရုတ်ပြည်သို့ သံအဖွဲ့ စေလွှတ်ချိန်၌မူ ကင်းဝန်မှာ နေမျိုးနန္ဒကျော်သူ ဖြစ်နေပေပြီ။ ကင်းဝန် နေမျိုးနန္ဒကျော်သူသည် ဗန်းမော်စော်ဘွား ဦးဆောင်သော သံအဖွဲ့နှင့်အတူ တရုတ်ပြည်သို့ လိုက်ပါခဲ့ရ၏။ ယင်းသံအဖွဲ့မှာ လက်ဆောင်ပဏ္ဏာများနှင့်အတူ ၃ မတ် ၁၇၉၄ တွင် နြေပည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ ထို့ပြင် ၉ ဖေဖော်ဝါရီ ၁၇၉၅ တွင်မိတ္ထီလာမင်းသမီး၏ ကွမ်းခွံ့မဂင်္လာပွဲကိုလည်း တက်ရောက်ခဲ့၏။ ဗဒုံမင်းလက်ထက် ၁၈၁၇ ခုနှစ်တွင်မူ ကင်းဝန်မှာ နေမျိုးသူရဖြစ်နေပြီဖြစ်သည်။ ၂၈ ဇူလိုင် ၁၈၁၇ ရက်စွဲပါ အမိန့်တော်၌ ဗန်းမော်မြို့ဝန်အား နေပြည်တော်သို့ ပြန်လည်ဆင့်ခေါ်ထားပြီး လက်ဆောင်တော် မင်းတွတ်နှင့် ဒူးရင်းပင်များအား ကင်းဝန်နေမျိုးသူရက ကြီးကြပ်ယူဆောင်လာရန် ဖော်ပြပါရှိပါသည်။

စစ်ကိုင်းမင်းလက်ထက်[ပြင်ဆင်ရန်]

ဘကြီးတော် ခေါ် (စစ်ကိုင်းမင်း)နန်းတက်စ ၁၈၁၉ ခုနှစ်တွင် ရွှေတောင်သီဟကျော်စွာကို ကင်းဝန်ရာထူး ခန့်အပ်ခဲ့၏။ ၃ နိုဝင်ဘာ ၁၈၁၉ခုနှစ် စစ်ကိုင်းမင်း ထီးဆောင်း မဂင်္လာပြုစဉ် သူ့အား မဟာမင်းလှကျော်စွာဘွဲ့ပြောင်းလဲ ပေးအပ်ပါသည်။

ကင်းဝန်မင်းကြီး ဦးကြွယ်ဝ[ပြင်ဆင်ရန်]

ကင်းဝန်မဟာမင်းလှကျော်စွာ၏ အမည်ရင်းမှာ ဦးကြွယ်ဝဖြစ်သည်။ သူသည် မြဝတီမင်းကြီးဦးစနှင့် ခမည်းခမက်တော်စပ်သူလည်း ဖြစ်၏။ ကင်းဝန် မဟာမင်းလှ ကျော်စွာဘွဲ့ခံ ဦးကြွယ်ဝသည် ၅ ဒီဇင်ဘာ ၁၈၁၉တွင် မဏိပူရသို့ စစ်ချီစဉ်လိုက်ပါ စစ်မှုထမ်းရွက်ခဲ့ရသည်။ ထို့ပြင် ၂ ဧပြီ ၁၈၂၃တွင် တရုတ်သံအဖွဲ့ လာရောက်ခဲ့စဉ်ကလည်း ကင်းဝန်မင်းကြီး မဟာမင်းလှကျော်စွာက ကြိုဆိုရေးတာဝန်ယူခဲ့ရ၏။ ကင်းဝန်မင်း ကြီး ဦးကြွယ်ဝသည် စစ်ကိုင်းမင်းလက်ထက် တစ်လျှောက် ကင်းဝန်ရာထူးဖြင့် အမှုထမ်းရွက်ခဲ့ပြီး ၁၈၃၇ ခုနှစ်သာယာဝတီမင်း နန်းတက်စတွင် ရာထူးမှ ဖယ်ရှားကာ အကျဉ်းချထားခံခဲ့ရသည်။

သာယာဝတီမင်းလက်ထက်[ပြင်ဆင်ရန်]

သာယာဝတီမင်း (၁၈၃၇-၁၈၄၆)နန်းတက်စတွင်ပင် ကင်းဝန်ဟောင်း ဦးကြွယ်ဝ အပြစ်မှ ခွင့်လွှတ်ခဲ့ဟန်တူပါသည်။ ၁၈၄၁ ခုနှစ်တွင် သာယာဝတီမင်း ရန်ကုန်သို့ ကြွရောက်စဉ် မှူးမတ်အရာရှိ အများလိုက်ပါခဲ့ကြရာ ထိုသူများထဲတွင် ကင်းဝန်မဟာမင်းလှကျော်စွာလည်းပါဝင်ခဲ့သည်။ ထိုစဉ် စစ်ကိုင်းမင်းလက်ထက် ကင်းဝန်ဟောင်း ဦးကြွယ်ဝမှာ နေမျိုးမင်းလှ ဇေယျဘွဲ့ခံ ရွှေမြို့တော်ဝန် ဖြစ်နေပြီး မဟာမင်းလှကျော်စွာဘွဲ့ခံ အခစားကင်းဝန်သစ်တစ်ဦးအား ခန့်အပ်ထားကြောင်းလည်း တွေ့ရှိရပါသည်။ စစ်ကိုင်းမင်းလက်ထက်ကင်းဝန်နှင့် ဘွဲ့မည်ချင်းတူနေသော်လည်း အခစားပုဂ္ဂိုလ် တစ်ဦးသာ ဖြစ်ပါသည်။ ကင်းဝန်မဟာ မင်းလှ ကျော်စွာ သည် ရန်ကုန်သို့ရောက်ရှိလာပြီးနောက် ရွှေတိဂုံစေတီတော်၌ ဆည်းလည်း လှူဒါန်းခဲ့သေး၏။ ၁၈၄၆ ခုနှစ်တွင် ပုဂံမင်း နန်းတက်လာပြီးနောက် မဟာမင်းလှကျော်စွာအား ကင်းဝန်အဖြစ် ဆက်လက် ခန့်အပ်ခဲ့ဟန် ရှိပါသည်။

မင်းတုန်းမင်းလက်ထက်[ပြင်ဆင်ရန်]

မန္တလေး နေပြည်တော်ရှိ ကင်းဝန်မင်းကြီး စံအိမ်တော်

၁၈၅၇ ခုနှစ် ဇန်နဝါရီတွင် မင်းတုန်းမင်းမှ နောင်တော်ဖြစ်သူ ပုဂံမင်းထံမှ ထီးနန်းကို လွှဲပြောင်းရယူပြီးနောက် နန်းတော်ကို မန္တလေးမြို့သို့ ပြောင်းရွေ့ခဲ့သည်။

၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မင်းတုန်းမင်းကနောင်မင်းသားများ ရွှေဘို၌ စံနေစဉ်ကပင် ရွှေခဲကြီး လှေတော်အုပ်ဦးဘိုးမောင်အား မင်းလှမင်းကျော်သခင်္ယာ ဘွဲ့ဖြင့် ကင်းဝန်အရာခန့်အပ်ခဲ့ပါသည်။ ၁၆ ဇွန် ၁၈၅၄ တွင် မင်းတုန်းမင်း ဥကင်သဖွင့် မင်္ဂလာပွဲဆင်ယင်ကျင်းပသောအခါ ကင်းဝန်ကို မဟာမင်းလှ မင်းခေါင်ဘွဲ့ ပြောင်းလဲပေးအပ်ခဲ့၏။ ထိုအတောအတွင်း ကင်းဝန် ရာထူး အပြောင်းအလဲ ဖြစ်ခဲ့၏။

ကင်းဝန်ဦးမာလိန်[ပြင်ဆင်ရန်]

၃၀ အောက်တိုဘာ ၁၈၅၆ တွင် ရတနာပုံမြို့သစ်တည်ရန် မြေနေရာသွားရောက် ကြည့်ရှုကြသူများထဲတွင် ကင်းဝန်မဟာမင်းလှဇေယျသူဘွဲ့ခံ ဦးမာလိန် ပါဝင်ပါသည်။ အမတ်ကြီး အလိမ္မာ၏ မြေးဖြစ်သဖြင့် အဘိုးအမည်ကို ပြောင်းပြန်ပြုကာ ဦးမာလိန်ဟု အမည်ပေးထားခြင်းဖြစ်သည် ဆိုပါသည်။ ကင်းဝန်မဟာ မင်းလှဇေယျသူဘွဲ့ခံ ဦးမာလိန်သည် ၂၂ မေ ၁၈၅၉ တွင် ရတနာပုံမြို့ တံခါးများ ဆောက်လုပ်ရာ၌ မန်းဦးတံခါးအား တာဝန်ယူလုပ်ဆောင်ခဲ့ရ၏။ ကင်းဝန် ဦးမာလိန်မှာ ၂ ဩဂုတ် ၁၈၆၆ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း၌ ကျဆုံးခဲ့ရသည်။

ကင်းဝန်မင်းကြီး ဦးကောင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကောင်း၊ ဦး (ကင်းဝန်မင်းကြီး)
မြန်မာသံအဖွဲ့ ၁၈၇၄ ခုနှစ်

ဦးမာလိန် ကျဆုံးသွားပြီးနောက် ဦးကောင်းအား မင်းကြီးမဟာစည်သူ ဘွဲ့ဖြင့် ကင်းဝန်အရာ ခန့်အပ်လိုက်ပါသည်။ ဦးကောင်းသည် ထိုစဉ်က ဝန်ထောက်ရာထူးဖြင့် အမှုထမ်းရွက်နေချိန်ဖြစ်၏။ ၁၈၆၇ ခုနှစ်၊ အောက်တိုဘာလတွင် ကာနယ်ဖိုက်ချ် ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ လာရောက်စဉ် ဝန်ထောက်တော် ကင်းဝန်မင်းကြီး မဟာစည်သူဘွဲ့ခံ ဦးကောင်းက ဧည့်ခံကြိုဆိုခဲ့ရသည်။ ထို့ပြင် ၁၈၇၀- ပြည့်နှစ်တွင် နယ်ခြားမြို့ရွာများ ရာဇဝတ်မှုကင်းရှင်းရေးအတွက် ကင်းဝန်ထောက်ဦးကောင်း မင်းလှမြို့သို့ သွားရောက်နေထိုင်ခဲ့ရ၏။ ၁၈၇၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကင်းဝန်ထောက် ဦးကောင်းအား ဝန်ကြီးအရာ တိုးမြှင့် ခန့်အပ်လိုက်ရာ ထိုစဉ်ကာလမှစ၍ ကင်းဝန်မင်းကြီး ဦးကောင်းဟု အမည်တွင်ခဲ့သည်။ ယင်းနောက် သေနတ်ဝန် ရာထူးကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရာ ကင်းဝန် သေနတ်ဝန်မင်း ကြီးဟု အမည်တွင် ပြန်ပါသည်။ ထိုစဉ်အတွင်း လယ်ကိုင်းမြို့ကိုပါ မြို့စားအရာရရှိခဲ့၏။ ၁၅ နိုဝင်ဘာ ၁၈၇၆ တွင် မိဖုရားခေါင်နတ်ရွာစံလွန်စဉ် လယ်ကိုင်းမြို့စား ကင်းဝန် သေနတ်ဝန်ကြီး ဦးကောင်းက ကြပ်မတ်လုပ်ဆောင်ပေးခဲ့ရသည်။ ကင်းဝန်မင်းကြီး ဦးကောင်းသည် မင်းတုန်းမင်းလက်ထက် ၁၈၇၂ ခုနှစ်၊ ၁၈၇၄ ခုနှစ်များတွင် ဥရောပသို့ မြန်မာသံအဖွဲ့ကို ဦးဆောင်လျက် သွားရောက်ခဲ့၏။

သီပေါမင်းလက်ထက်[ပြင်ဆင်ရန်]

သီပေါမင်းနန်း တက်စတွင် ဦးကောင်းအား ကင်းဝန်အရာ ဆက်လက်ခန့်အပ်ပါသည်။ ၁၁ နိုဝင်ဘာ ၁၈၇၈ တွင် ၁၄ ဋ္ဌာန အုပ်ချုပ်ရေးကိုပြဋ္ဌာန်း ဆောင်ရွက်သောအခါ လယ်ကိုင်းမြို့စား သေနတ်ဝန် ၊ ကင်းဝန်မင်းကြီး သတိုးမင်းကြီး မဟာမင်းလှစည်သူဘွဲ့ခံ ဦးကောင်းမှ တတိယဌာနကို တာဝန်ယူခဲ့ရ၏။ မကြာမီ ကင်းဝန်မင်းကြီးအား သတိုးသုဓမ္မမဟာသက်တော်ရှည်ဘွဲ့ ပေးအပ်ခဲ့သည့် နည်းတူ ကင်းဝန်ရာထူးကိုလည်း အပြောင်းအလဲ လုပ်ခဲ့သည်။

ကင်းဝန်ဦးမြ[ပြင်ဆင်ရန်]

ကင်းဝန်သစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူမှာ မြေဒူးမြို့စားမင်းကြီး မဟာမင်းလှခေါင်ဘွဲ့ခံ ဦးမြဖြစ်ပါသည်။ ကင်းဝန်ဦးမြမှာ သီပေါမင်းနှင့် အဆင်ပြေသူတော့ဟုတ်ဟန်မတူပေ။ ၁၆ နိုဝင်ဘာ ၁၈၈၃ တွင် ကင်းဝန်ဦးမြ အား အပြစ်အလျောက် ဖမ်းဆီးချုပ် နှောင်ခံခဲ့ရပါသည်။ သို့သော် မကြာမီ ဦးမြကို ကင်းဝန်ရာထူး ပြန်လည်ပေးအပ်ခဲ့ဟန် ရှိပါသည်။

ကုန်းဘောင်ခေတ်တစ်လျှောက် ခန့်အပ်ခံခဲ့ရသည့် ကင်းဝန်များအနက် ကင်းဝန်မင်းကြီး ဦးကောင်းမှာ အထင်ရှားဆုံး ကင်းဝန်ဟု ဆိုနိုင်ပါသည်။ ကင်းဝန်မင်းကြီးသည် ဗြိတိသျှ အစိုးရလက်ထက်၌ ဗြိတိသျှ အရာရှိများနှင့်အတူ အုပ်ချုပ်ရေးတာဝန်ကို ဆက်လက်ရယူခဲ့ပြီး ၁၉၀၈ ခုနှစ်တွင်မှ ကွယ်လွန်ခဲ့ပါသည်။ ကင်းဝန်မင်းကြီး၏ ဈာပန အခမ်းအနားကို ဗြိတိသျှ ဘင်ခရာတပ်ဖွဲ့ကပင် ဝင်ရောက်ကူညီခဲ့ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)