ရိုနယ်ရို့စ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Sir Ronald Ross
Ronald Ross.jpg
မွေးဖွား (1857-05-13)၁၃ မေ၊ ၁၈၅၇
Almora, North-Western Provinces, British India
ဆုံးပါး ၁၆ စက်တင်ဘာ၊ ၁၉၃၂(1932-09-16) (အသက် ၇၅)
London, England, United Kingdom
ခေါင်းချရာ Putney Vale Cemetery
51°26′18″N 0°14′23″W / 51.438408°N 0.239821°W / 51.438408; -0.239821
နိုင်ငံလူမျိုး British
နယ်ပယ် ဆေးပညာ
အဖွဲ့အစည်းဌာန Presidency General Hospital, Calcutta
Liverpool School of Tropical Medicine
King's College Hospital
British War Office
Ministry of Pensions and National Insurance
Ross Institute and Hospital for Tropical Diseases
မိခင်ကျောင်း St Bartholomew's Hospital Medical College
Worshipful Society of Apothecaries
ကျော်ကြားမှုအရင်းခံ ငှက်ဖျားပိုးသည် ခြင်မှတဆင့် ပြန့်ပွားသည်ကို ရှာဖွေတွေ့ရှိခြင်း
ထင်ပေါ်ကြော်ကြား ဆုတံဆိပ်များ
အိမ်ထောင်ဘက် Rosa Bessie Bloxam (m. 1889)
ရင်သွေး(များ) 2 sons, 2 daughters

ဆာ ရိုနယ် ရို့စ် KCB KCMG FRS FRCS[၁][၂] (အင်္ဂလိပ်: Sir Ronald Ross; ၁၃ မေ ၁၈၅၇ – ၁၆ စက်တင်ဘာ ၁၉၃၂) သည် ဗြိတိသျှဆရာဝန်တစ်ဦးဖြစ်ပြီး ငှက်ဖျားရောဂါ ကူးစက်ပုံနှင့် ပတ်သက်၍ ဆေးပညာဆိုင်ရာ နိုဘဲလ်ဆု ကို ၁၉၀၂ ခုနှစ်တွင် ရရှိခဲ့သူဖြစ်သည်။ ၁၈၅၇ ခုနှစ်တွင် အိန္ဒိယပြည်၌ ရိုနယ်ရို့စ် မွေးဖွားရာ၊ ဖခင်မှာ အိန္ဒိယတပ်တော်တွင် ဗိုလ်ကြီး (ကပ္ပတိန်) ရာထူးဖြင့် အမှုထမ်းနေသော အင်္ဂလိပ်လူမျိုး ဖြစ်သည်။

ရိုနယ်ရို့စ်ကို မမွေးဖွားမီ သုံးရက်အလိုတွင် ပဏ္ဍိအမြောက်တပ်ခွဲတစ်ခွဲမှ ပုန်ကန်၍ အင်္ဂလိပ်အရာရှိပေါင်း များစွာ အသတ်ခံကြရသည်။ ကပ္ပတိန်ရို့စ်နှင့် ဇနီးတို့မှာ သစ္စာရှိ ဂေါ်ရခါးစစ်သားများ၏ စောင့်ရှောက်မှုကြောင့် အသက်မသေဘဲ အန္တရာယ်ကင်းစွာ ကျန်ရစ်ခဲ့ကြသည်။

ရိုနယ်သည် ငယ်စဉ်က အိန္ဒိယတွင် နေထိုင်ခဲ့သည်။ ဖခင်မှာ ကြမ်းကြုတ်တင်းမာသော မျက်နှာထားရှိသူ စစ်မှုထမ်းအစစ်ဖြစ်သော်လည်း အားလပ်ချိန်များတွင် တကြောင်းဆွဲပန်းချီကားများနှင့် ရေဆေးပန်းချီကားများကို ရေးဆွဲလေ့ရှိသည်။ တောပုံ၊ တောင်ပုံ၊ ရေတံခွန်ပုံ၊ နေဝင်ချိန်ပုံများကို ရေးဆွဲလေ့ ရှိကြောင်း ရိုနယ်တွေ့ရသည်။

အသက် ၈ နှစ်တွင် အင်္ဂလန်ပြည်သို့ ပို့၍ အဒေါ်နှင့်ဦးလေး၏ စောင့်ရှောက်မှုဖြင့် ပညာသင်ကြားရသည်။ ဦးလေးထံ၌ စာအုပ်ပေါင်းများစွာ ရရှိရာ မကြာမီ ရောဘင်ဆင်ကရူးဆိုးနှင့် အခြားစာအုပ်များကို ဖတ်ရှုနိုင်လာသည်။ ၁၂ နှစ်အရွယ်တွင် ဆောက်သန်ပတန်အနီးမှ ကျောင်းသို့ ရွှေ့ပြောင်းသင်ကြားရသည်။ ထိုကျောင်း၌ ချစ်ခင်စွဲမက်စရာကောင်းသော ဥယျာဉ်တစ်ခု ရှိရာ ၎င်းတွင်းမှ အိမ်မြှောင်များ၊ ဖားများနှင့် တခါတရံ မြွေတကောင်တလေကိုပါ ဖမ်းဆီးမွေးမြူထားလေ့ ရှိသည်။ ထို့နောက် ရိုနယ်သည် ထိုတိရိစ္ဆာန်များ၏ အကြောင်းကို စာအုပ်စတင်ရေးသားခဲ့သည်။

ရိုနယ်သည် ဂဏန်းသင်္ချာ၊ ပုံဆွဲခြင်းနှင့် ပန်းချီဆွဲခြင်းကို ဝါသနာပါသည်။ သံပြိုင်တေးဆိုခြင်း၊ စန္ဒယားတီးခြင်းနှင့် ဘောလုံးကစားခြင်း၊ ခရက်ကက်ကစားခြင်းတို့ကိုလည်း ပြုလုပ်ပေမည့် သိပ်မထူးချွန်ပါ။ အသက် ၁၇ နှစ် ရှိသောအခါ ပန်းချီဆရာ ဖြစ်လာရန် ဆုံးဖြတ်လိုက်သော်လည်း မဖြစ်နိုင်သည့်အခါ စစ်သားလုပ်ရန်၊ သို့မဟုတ် ရေတပ်သားလုပ်ရန် ကြံပြန်၏။ သို့ရာ၌ ရိုနယ့်ဖခင်သည် သားကြီးကို အိန္ဒိယစစ်တပ်ဝယ် ဆရာဝန်တယောက် ဖြစ်စေလို၍ ရိုနယ်သည် လန်ဒန်ရှိ စိန့်ဘာသိုလိုမြူးနစ်၏ ဆေးရုံ၌ ဆေးကျောင်းသားအဖြစ်ဖြင့် တက်ရောက်သင်ကြားရသည်။ သင်ခန်းစာများကို စိတ်မပါလှသဖြင့်၊ ကဗျာစပ်ခြင်းနှင့် ဂီတပညာကို စိတ်ဝင်စားနေပြန်သည်။ သို့သော် အချိန် တော်တော်ကြာသွားသောအခါ၊ အလွန် စိတ်ပါဝင်စားသော အကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းမှာ လူငယ်ဆရာဝန် ဖြစ်သူ ဒေါက်တာလစ္စတာ၏ နည်းစနစ်သစ်များ ဖြစ်သည်။ ယင်းတို့မှာ လူနာများကို ပြန်လည်ကျန်းမာလာစေရန် အလွန်ထိရောက်သော နည်းစနစ်များ ဖြစ်သည်။ ဝါသနာပါသော အလုပ်များ များပြားလှရာ နောက်ဆုံး စာမေးပွဲနီးကပ်လာမှ မဖြေဆိုဘဲ နေခဲ့ရာ၊ သူ့အဖေ အငြိမ်းစားမယူမီ အိန္ဒိယစစ်တပ်၌ သူ ဆရာဝန်အဖြစ် အမှုထမ်းနိုင်မည့် ရည်ရွယ်ချက်မှာ ပျက်ပြားသွားသည်။ သူ့ဝမ်းသူကျောင်းရန် ဆုံးဖြတ်လိုက်ပြီး၊ ပင်လယ်ကူးသင်္ဘောတစင်းတွင် ဆရာဝန်အဖြစ်နှင့် လိုက်ပါသွားလေသည်။ ထိုသင်္ဘောမှာ လန်ဒန်နှင့် အမေရိကန်သို့ သွားသော သင်္ဘောဖြစ်ရာ၊ အမေရိကန်သို့ အသွားတွင် ခရီးသည်များနှင့် အမေရိကန်သို့ သွားရောက်နေထိုင်မည့်သူများကို တင်ဆောင်သွားပြီး၊ အပြန်တွင် သိုးကျွဲနွားတိရိစ္ဆာန်များကို တင်ယူလာသဖြင့်၊ သူသည် အခန်းတံခါးပိတ်ကာ စာမေးပွဲအတွက် စာများကို ကြိုးစားလာခဲ့သည်။ သို့ဖြင့် ၁၈၈၁ တွင် အိန္ဒိယစစ်တပ်တွင် ဆရာဝန်အဖြစ်ဖြင့် အမှုထမ်းရန်အတွက် စာမေးပွဲ အောင်မြင်သဖြင့် အိန္ဒိယမှ ထွက်ခွာလာပြီးနောက် ၁၆ နှစ်ကြာသောအခါ အိန္ဒိယသို့ တဖန် ပြန်ရောက်ကာ၊ စစ်တပ်ဝယ် ဆရာဝန်အဖြစ် အမှုထမ်းသည်။ ငြိမ်းချမ်းရေးကာလဖြစ်သောကြောင့် ဆေးကုပေးရသော အလုပ်မှာ အလွန် နည်းပါးလှသောကြောင့် အချိန်ပိုများ ရသမျှကို ရိုနယ်သည် အလဟဿ မကုန်စေဘဲ ဂရိလက်တင်ဘာသာစကားတို့ကို လေ့လာဖတ်မှတ်ခြင်း၊ အီတာလျံပြင်သစ်နှင့် ဂျာမန်စကားတို့ကို လေ့လာနေခဲ့သည်။ အချိန် အလဟဿ မဖြစ်စေရန် လင်္ကာစပ်ခြင်း၊ နေရာအနှံ့အပြား လှည့်လည်သွားလာခြင်း၊ ငါးမျှားခြင်း၊ တင်းနစ်နှင့် ပိုရို့ကစားခြင်းတို့ကိုလည်း ပြုလုပ်လေသည်။ ထို့ပြင် သင်္ချာနှင့် နက္ခတ်ပညာများကိုလည်း လေ့လာပြန်သည်။ စန္ဒယားလည်း တီးသည်။

ထို့နောက်တွင် ရို့စ်သည် အိန္ဒိယလူမျိုးများ မကြာခဏ မကျန်းမမာ ဖြစ်ရပုံနှင့် ငှက်ဖျား ဖြစ်ပုံတို့ကို လေ့လာကြည့်သည်။ ခွင့်ရ၍ အင်္ဂလန်ပြန်သောအခါ ပြင်သစ်ဆရာဝန် လာဗီရန်၏ စာအုပ်များ ဖတ်ရှုပြီး၊ ငှက်ဖျားရောဂါ ဖြစ်ရခြင်းအကြောင်းရင်းကို စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။

အိန္ဒိယသို့ ပြန်ရောက်သောအခါဝယ် ငှက်ဖျား ဖြစ်ပွားရပုံကို လေ့လာစူးစမ်းကြည့်ရာ၊ ခြင်အမျိုးမျိုးကို ဖမ်းကာ မွေးမြူခြင်း၊ လူကိုကိုက်စေပြီး လေ့လာကြည့်ခြင်းတို့ဖြင့် နောက်ဆုံးတွင် အနိုဖီးလိစ် ခြင်မျိုးကို တွေ့ပြီး၊ လူတို့ကို စမ်းသပ်ကိုက်ကြည့်စေခြင်းဖြင့် ထိုခြင်မှ ငှက်ဖျား ဖြစ်စေနိုင်ကြောင်းကို ကောင်းစွာ သိရ၍ ငှက်ဖျား ကာကွယ်နည်း၊ ကုသနည်းများကို ပထမဦးစွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့သော ဆရာဝန် ဖြစ်လာသည်။ ထို့ကြောင့် ရိုနယ်ရို့စ်သည် ၁၉၀၂ ခုနှစ်တွင် ဆေးပညာဆိုင်ရာ နိုဘဲလ်ဆု ရပြီး ၁၉၁၁ ၌ ဆာဘွဲ့ကိုရရှိခဲ့ပေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. N., G. H. F. (1933). "Sir Ronald Ross. 1857–1932". Obituary Notices of Fellows of the Royal Society 1 (2): 108–115. doi:10.1098/rsbm.1933.0006. 
  2. Rajakumar, K (1999). "Centennial year of Ronald Ross' epic discovery of malaria transmission: an essay and tribute.". Southern Medical Journal 92 (6): 567–71. doi:10.1097/00007611-199906000-00004. PMID 10372849. 
  3. ဦးသန်းဖေ-ကမ္ဘာကျော်ပုဂ္ဂိုလ် ၁၀၀(ဒုတွဲ)၊ စာ-၃၁၈