မာတိကာသို့ ခုန်သွားရန်

အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်

ဝီကီပီးဒီးယား မှ
အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်
လိပ်စာ
ပန်းပဲတန်းလမ်း
မော်လမြိုင်, မွန်ပြည်နယ်
 မြန်မာ
သတင်းအချက်အလက်
အမျိုးအစားအများပိုင်
ဆောင်ပုဒ်စိတ်ဓာတ်ကောင်းမြတ် ကျင့်ဝတ်လိုက်နာ ပညာထူးချွန် လူရည်မွန်များ မွေးဖွားပေးရာ ကျောင်းတော်သာ
တည်ထောင်၁၈၉၉ ခုနှစ်
တည်ထောင်သူသာသနာ့ဓရ အသင်း
ကျောင်းအမှတ်
ကျောင်းအုပ်ကြီးဒေါ်သီတာကြည် ( ဇန်နဝါရီ လ ၁ ရက်နေ့ ၂၀၂၅ မှ ယခုချိန်ထိ )
အတန်းများKG to G12
ကျောင်းသား/သူဦးရေ၃၀၇၄ ( ၂၀၂၅ - ၂၀၂၆ )

အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင် (အ.ထ.က(၉) မော်လမြိုင်) သည် မော်လမြိုင်မြို့၊ ပန်းဘဲတန်းလမ်းတွင် တည်ရှိသောကျောင်းဖြစ်သည်။ ခရစ်နှစ် ၁၈၉၉ ခုနှစ်တွင်စတင် တည်ထောင်ခဲ့သည်။ ကိုလိုနီခေတ်က ရှင်မဟာ ဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း (Shin Maha Buddhaghosa National School) ဟု လူသိများသည်။[] ယင်းကျောင်းမှာ ကိုလိုနီခေတ်က ဗုဒ္ဓဘာသာ မြန်မာလူငယ်များ အတွက် တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ အမျိုးသားကျောင်းများ မပေါ်ပေါက်မီ နှစ်ပေါင်း အတော်ကြာကပင် ပေါ်ပေါက်ခဲ့သော ကျောင်းဖြစ်သည်။ ကိုလိုနီခေတ် မြန်မာပြည်၌ ဗုဒ္ဓဘာသာကျောင်းများ အနက် အဦးဆုံး ပေါ်ပေါက်ခဲ့သော ကျောင်းလည်း ဖြစ်သည်။

ပညာရေးအဆင့်

[ပြင်ဆင်ရန်]

နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော သင်ရိုးညွှန်းတမ်းကိုအသုံးပြုသင်ကြားလျက်ရှိသည်။ ယခင်ကသူငယ်တန်းမှ ဒဿမတန်းအထိ သင်ကြားပေးလျက်ရှိသည်။ ဒဿမတန်းအောင်ချက်မှာ ပျမ်းမျှ ၇၅% ရှိ၍ မွန်ပြည်နယ်တွင် အောင်ချက်အကောင်းဆုံးအဆင့် ၁ မှ ၅ အတွင်း နှစ်စဉ်ဝင်ခဲ့သည်။[ကိုးကားချက်လိုသည်]

ပြောင်းလဲလိုက်သော ပညာရေးစနစ်KG+12အရ ယခုအခါ သူငယ်တန်းKG မှ ဒွါဒသမတန်းအထိ ကျောင်းသူကျောင်းသားများကို ပညာသင်ကြားပေးနေသည်။ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရှင် (၅)ဦး အသီးသီးရရှိခဲ့သည်။

ကျောင်းလှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

နှစ်စဉ် ဇွန်လမှ မတ်လဆန်းအထိ ပညာသင်ကြားရေး လုပ်ငန်းများကိုဆောင်ရွက်သည်။ ကျောင်းသင်ခန်းစာများအပြင် ကျောင်းတွင်းလှုပ်ရှားမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသင်းအဖွဲ့များက ဗုဒ္ဓဘာသာဆိုင်ရာလှုပ်ရှားမှုများ (ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းဆက်ကပ်ခြင်း၊ ဆွမ်းတော်ကြီးတင်ခြင်း၊ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မစကြာ ဝတ်ရွတ်ခြင်း၊ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာစာမေးပွဲဖြေဆိုခြင်း)၊ ပျော်ပွဲရွင်ပွဲများ (အမျိုးသားနေ့ ပျော်ပွဲရွှင်ပွဲနှင့် စျေးရောင်းပွဲ၊ ပညာရေးစုံညီပွဲတော်၊ ကျောင်းနှစ်ပတ်လည် ပွဲများ)၊ အတတ်ပညာဆိုင်ရာ လှုပ်ရှားမှု (ဘင်ခရာတီးဝိုင်း၊ ပန်းပွားအဖွဲ့၊ အေရိုးဗစ်၊ Fitness dance၊ အမျိုးသမီး(အခြေခံ)ကဗျာလွတ်ပထမအဆင့်နှင့် အဆို၊အက၊အရေး၊အတီးဆိုင်ရာလှုပ်ရှားမှုများ၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလားမိုးရာသီဘောလုံးပြိုင်ပွဲ၊ လွတ်လပ်ရေးနေ့နှင့် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်အားကစားပြိုင်ပွဲ၊ သက်ဆိုင်ရာကဏ္ဍအလိုက် မြန်မာစာစွမ်းရည်ဆိုင်ရာစာစီစာကုံး ၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ Science projectပြုလုပ်မှုများ၊ ကြက်ခြေနီဆိုင်ရာလှုပ်ရှားမှုများ၊ အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲ၊ လူရည်ချွန်မောင်မယ်ရွေးချယ်ပွဲ) များကို ပညာရေးပြက္ခဒိန်နှင့်အညီ နှစ်စဉ်ကျင်းပပြုလုပ်ဆောင်ရွက်သည်။ နှစ်စဉ် ကျောင်းကောင်စီဖွဲ့စည်းခြင်းကို ဇွန်လကုန်ပိုင်းတွင်ပြုလုပ်သည်။​

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီး၏ ဥက္ကဋ္ဌ ဦးချစ်လှိုင်၏ ဖခင် မော်လမြိုင်မြို့သစ်ကုန်သည် သူဌေး ဦးသာညှင်းက ကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ တည် လှူဒါန်းခဲ့သည်။ ကျောင်းကို စတင် တည်ထောင်သူများတွင် ဦးကျော်ထွန်း (နောင်တွင် ကျက်သရေဆောင် ရွှေစလွယ်ရ အရေးပိုင်မင်း)သည် တဦး အပါအဝင် ဖြစ်သည်။ ဦးကျော်ထွန်းသည် ထိုရှင်မဟာဗုဒ္ဓဃောသကျောင်း စတင် ဖွင့်လှစ်သောနေ့တွင် ဖတ်ကြားရန် အတွက် ရတုကိုပင် ရေးသားစီကုံး ပေးခဲ့သည်ဟု ဆိုသည်။

မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ကို စတင်တည်ထောင်သူ ဦးမေအောင် (၁၈၈၀ - ၁၉၂၆)က ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ် အဖြစ် ၁၈၉၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ကျောင်းသုံး မြန်မာ ရာဇဝင် ရေးသော ရာဇဝင်ဆရာ ဦးဘသန်း သည် ရှင်မဟာဗုဒ္ဓဃောသ ကျောင်းအုပ်ဆရာကြီး အဖြစ် လုပ်ကိုင်စဉ် ဘီအေ မောင်ဘလွင် ဝတ္ထုကို ရေးခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်ဟု ဆိုသည်။

၁၉၂၉ ခုနှစ်တွင် အိန္ဒိယ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမ ဂန္ဒီ သည် ခွဲရေးတွဲရေး (ထိုစဉ်က မြန်မာပြည်သည် ဗြိတိသျှအိန္ဒိယပြည်၏ ပြည်နယ်တခုသာ ဖြစ်ခဲ့သည်) ကိစ္စအတွက် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းတွင် ကျင်းပသော ညီလာခံ၌ မြန်မာလူထုနှင့် တွေ့ဆုံခဲ့သည်။[]

ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်းဟု လူသိများသော ဝဏ္ဏကျော်ထင်ဘွဲ့ရ သတင်းစာဆရာ၊ စာရေးဆရာ ဦးဘသန်း(၁၈၉၇- ၁၉၈၄) သည် ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်း၌ ပါဠိနှင့် မြန်မာစာဆရာအဖြစ် (၂၄)နှစ်တိုင်တိုင် အမှုထမ်းခဲ့သည်။

ထင်ရှားသောကျောင်းသားဟောင်းများ

[ပြင်ဆင်ရန်]

ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူ သိပ္ပံမောင်ဝ သည် ၁၉၂၀ ပြည့်နှစ်တွင် ဆယ်တန်း စာမေးပွဲကို ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းမှ မြန်မာဘာသာနှင့် ပါဠိဘာသာ တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ သိပ္ပံမောင်ဝ သည် ရှင်မဟာ ဗုဒ္ဓဃောသ ကျောင်းကြီးတွင် ပညာ သင်ကြားကာ နေသည့်အတွင်း၌လည်း မြန်မာဘာသာကို အထူးလေ့လာလျက် ဝါသနာအလျောက် "ဝဇီရာတင့်" ဟူသော အမည်နှင့် မြန်မာသတင်းစာများတွင် ဆောင်းပါးများ ရေးသား ထည့်သွင်းခြင်း ပြုလေ့ ရှိခဲ့သည်။ ထို့ပြင် ခေတ်စမ်း ကဗျာများရေးသားသူ စာရေးဆရာ ကုသ သည် ၁၉၂၇ တွင် ရှင်မဟာဗုဒ္ဓဃောသကျောင်းမှ ဆယ်တန်း စာမေးပွဲ အောင်ခဲ့သည်။

နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အရေးပါသော ၁၃၀၀ ပြည့် အရေးတော်ပုံ တွင်ပါဝင်ခဲ့သူ ရှင်မဟာဗုဒ္ဓဃောသကျောင်းသား ကိုစိန်ဝင်း (နောင်တွင် သီရိပျံချီ ဦးစိန်ဝင်း) သည် ရှင်မဟာဗုဒ္ဓဃောသကျောင်းမှ ၁၉၃၈ ခုနှစ်တွင် ဆယ်တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။ သူသည် ၁၉၄၅ ခုနှစ်တွင် ဗိုလ်မှူး အဆင့်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးဗထူး တို့နှင့် အတူ ဖက်ဆစ်ဂျပန် တော်လှန်ရေးတိုက်ပွဲ ဝင်ခဲ့သူ ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. The New Light of Myanmar ( Sunday, 21 November 1999) The New Light of Myanmar (21 November 1999)။ November 17, 2011 တွင် ပြန်စစ်ပြီး။
  2. N. R. Phatak (1968). Source Material for a History of the Freedom Movement in India: pt. 1. Mahatma Gandhi (1915-1922). Government Central Press, India. p. 423.
  3. ရွှေတောင်ကျောင်းတိုက်သမိုင်း(မော်လမြိုင်သမိုင်း). p. 114