ဒေါ်အောင်ဆန်းစုကြည်၏ ရွှေဂုံတိုင် မိန့်ခွန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search


ဒီလိုကျွန်မတို့ကိုလာထောက်ခံတဲ့အတွက်ကျေးဇူးတင်တဲ့စကားနဲ့ပဲစပါရစေ။ပထမဦးဆုံးအနေနဲ့ ပြောရမှာက အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ တစ်ယောက် တစ်ယောက်ကို မတွေ့ရတာ တော်တော် ကြာပါပြီ ---- ဒါပေမယ့် ဘယ်လောက်ပဲ မတွေ့ရတာ ကြာကြာ ကျွန်မအပေါ်မှာ ပြည်သူတွေရဲ့ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက် အရ ကျွန်မတို့ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတာ တွေ့ရလို့ အင်မတန်မှ စိတ်ချမ်းသာ ပါတယ်၊ အင်မတန်မှ အားတက် ရပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ဆိုရင် ပြည်သူတွေက ဘာလိုချင်လဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သိတယ်လို့ ထင်တယ်နော် ဘာလိုချင်လဲဆိုတာ

(သိပါတယ် ----ဒီမိုကရေစီ--------- ပြည်သူများ) လိုချင်တာတော့ သိပြီ လိုချင်တဲ့ ဟာကို ရအောင် ဘယ်လို လုပ်မလဲ ဆိုတာ သိဖို့ ပိုပြီးတော့ အရေးကြီးတယ်။ ကျွန်မ အမြင်မှာတော့ နိုင်ငံရေး ဆိုတာ သင်ယူရေးပဲ *သင်ယူရမယ်* ကျွန်မ ခဏ၊ ခဏ ပြောဖူးပါတယ်။ ကျွန်မတို့ လူငယ်တွေနဲ့ စကား ပြောတဲ့အခါ ကျရင် လူကောင်းရယ်လို့၊ လူဆိုးရယ်လို့ အဲဒီလို မယုံဘူး၊ အယုံ အကြည် မရှိဘူး၊ လူတော် ရယ်လို့ လူညံ့ ရယ်လို့ အယုံ အကြည် မရှိဘူး။ သင်လို့ ရတဲ့သူနဲ့ သင်လို့ မရတဲ့သူလို့ ကျွန်မမြင်ပါတယ် ကျွန်မတို့ ပြည်သူတွေ သင်လို့ရတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ လိုချင်ရုံနဲ့ မဖြစ်သေးဘူး၊ ကိုယ်လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲ။ လုပ်တဲ့အခါ မှန်ကန်တဲ့နည်းနဲ့ လုပ်စေလိုပါတယ်။ အဲလို ကျွန်မပြောတာဟာ မှန်ကန်တဲ့နည်းနဲ့ လုပ်ဖို့ ဘာဖြစ်လို့ လိုသလဲဆိုရင် သိပ်ပြီးတော့ ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီး၊ ဘာကြီး ဒီလိုပုံစံ ထွက်ချင်လို့ မဟုတ်ဘူး။ ကျွန်မရဲ့အတွေ့အကြုံအရ မှန်ကန်တဲ့ နည်းလမ်းနဲ့ မလုပ်လို့ရှိရင် ကိုယ့်ပန်းတိုင်က ဘယ်လောက်ပဲ ကောင်းပါစေ ပန်းတိုင်ပါ နောက်ကျတော့ ကွေ့ကောက်ပြီးတော့ ပျက်စီးသွားရတယ်။ အဲဒါကြောင့် မို့လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကိုယ်လိုချင်တာ ရအောင်လို့ ကျွန်မတို့ လုပ်ရမယ်။ ဒီတော့ တစ်ချို့က ကျွန်မကို မေးချင်တဲ့ မေးခွန်းတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကလည်း ပြည်သူရဲ့ အသံကို နားထောင်ချင် ပါတယ်။ ခက်တာက အားလုံးဝိုင်းအော် နေတော့ ဘာတွေ ပြောကြမှန်း ကျွန်မမသိဘူး။ ပြည်သူတွေရဲ့ အသံတွေကို အခု နားထောင်ပိုင်ခွင့် ရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီလို အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ်။ တစ်နေ့ ငါးနာရီ၊ ခြောက်နာရီလောက် နားထောင်နေရတော့ ဘယ်လောက် ငြီးငွေ့စရာကောင်းသလဲလို့။ ဒါပေမယ့် ပြည်သူ့မျက်နှာနဲ့ နားထောင်နေတာ။ အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ် ပြည်သူတွေ ဘာလိုချင်လဲ ဆိုတာ ကျွန်မ အတိုင်းအတာ တစ်ခုအထိတော့ သိတယ်လို့ ထင်ပါတယ်။ လုံးစေ့ပေါက်စေ့ သိတယ်လို့ ကျွန်မ မဆိုလိုပါဘူး အဲဒီလောက်ထိလည်း ကျွန်မ မသိနိုင်ပါဘူး။ ကျွန်မတို့ ပြည်သူတွေကလည်း ကိုယ်ရဲ့အသံတွေကို ကျွန်မတို့ ကြားလောက်အောင် ပြောကြပေါ့။ ဒါမှလည်း ကျွန်မတို့ ဘာလုပ်ပေးနိုင်မလဲ ပိုစဉ်းစားနိုင်မယ်။ အရေးကြီးဆုံးက ကျွန်မတို့ --- နောက်က မကြားရလို့ အော်နေကြတာလား-- အော်လေ မကြားလေဘဲ နည်းနည်းလေး ငြိမ်ငြိမ်နဲ့ နားထောင်ပေး။ ကိစ္စမရှိဘူး မကြားရရင် ဆိုင်းဘုတ်ထောင်ပြီး ပြမယ်။ (ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် (အမှန်ခြစ်ပုံ) အောင်ဆန်းစုကြည်) ကျွန်မတို့ အခု ပြည်သူတွေမှာ ပြည်သူတွေ မပါဘဲနဲ့ ဘာကိစ္စမှ မပြီးမြောက်နိုင်၊ မပြီးပြတ်နိုင်ဘူး ဆိုတာ အခု နားလည်နိုင်ပြီလို့ ကျွန်မ ထင်ပါတယ်။ ပြည်သူတွေ ပါမှပဲ ဘယ်ကိစ္စမဆို ပြီးပျောက်နိုင်တာမို့လို့ ကျွန်မတို့ တစ်တွေ ကျွန်မ စိတ်ကူးထဲမှာ ပြည်သူတွေ ကနေပြီးတော့ ပြည်သူတွေအတွက် ပြည်သူတို့ရဲ့ ဒီမိုကရေစီ ဆိုတဲ့နည်းတစ်ခုကို မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးမှာတောင် ထပ်ပြီး ကြိုးစားကြည့်မှာပါ။ အဲဒီလို စိတ်ဓာတ်နဲ့ ကျွန်မတို့ ကြိုးစားသွားမှာပါ။ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို အေးအေးဆေးဆေး မှန်မှန်ကန်ကန်နဲ့ ရောက်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ အဲဒါ ခပ်တိုတိုပြောရရင် အလုပ်တွေ အများကြီး လုပ်ရမယ်။ အလုပ်မလုပ်ဘဲနဲ့ ဘာမှမရဘူး။ ကျွန်မတို့ ဗမာတွေက ကံပဲ ကံပဲလို့ ပြောလေ့ရှိတယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ လူငယ်တွေကို ထပ်တလဲလဲ ပြောရတယ်။ ကံဆိုတဲ့ အဓိပ္ပါယ်ကို သိရဲ့လား ကံဆိုတာ ပြုလုပ်ခြင်းပဲ။ အဲတော့ ကံပဲ၊ ကံပဲဆိုတာ ခပ်တိုတို ပြောရရင် ကိုယ်လုပ်သလိုဖြစ်မှာပဲ အဲဒီတော့ ကိုယ်လုပ်တဲ့ အတိုင်းပဲ ဖြစ်မှာပဲ။ လိုချင်တာရှိရင် လိုချင်တာကို ရအောင်လို့ လုပ်ယူရမယ်။ ကျွန်မတို့က မဖြစ်နိုင်တဲ့ ကိစ္စတွေကို လုပ်ပေးပါ့မယ်လို့ လွယ်လွယ်နဲ့တော့ အဲဒီလို လာဘ်ပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မစည်းရုံးနိုင်ပါဘူး။ ကျွန်မတို့ ကြိုးစားမယ်။ ပြည်သူတွေ လိုချင်တဲ့ လမ်းကို အားလုံး အတူတူခင်းပြီးတော့ အားလုံး အတူတူ လျှောက်သွားနိုင်ဖို့ ကြိုးစားမယ်။ အဲဒီလို ထောက်ပြခြင်းအားဖြင့် ကျွန်မတို့ကိုလည်း ပြည်သူတွေက ကိုယ်လိုချင်တဲ့ ကိစ္စတွေ ဖြစ်မြောက် အောင်လို့ ကူညီရာရောက်ပါတယ်။ ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ဖို့ အတွက်ကတော့ ကျွန်မတို့ လေ့ကျင့်ယူရ ပါမယ်။ လေ့ကျင့်ယူရင်းနဲ့ ကျွန်မတို့ ပိုပြီး တတ်လာမှာပါ။ အခု ကျွန်မထွက်လာတဲ့ အချိန်မှာ အဓိက ပြောင်းလဲချက် အဖြစ် ဘာတွေ့ရလဲ ဆိုတော့ တစ်ခြားဟာတွေ သိပ်မတွေ့သေးဘူး။ တွေ့မိတာကတော့ ဖုန်းလေးတွေ အများကြီးပဲ။ ဟိုနားကြည့်လဲ ကင်မရာဖုန်းလေး၊ ဒီနားကြည့်လဲ ကင်မရာဖုန်းလေး။ အဲဒါဘာကိုပြလဲဆိုတော့ ဆက်သွယ်ရေး ဘက်မှာတော့ ကျွန်မတို့ အများကြီး တိုးတက်လာပါတယ်။ ဒီတိုးတက်မှုကို အများကောင်းကျိုး အတွက် တတ်နိုင်တဲ့ နည်းနဲ့ သုံးကြပါ။ ဆက်သွယ်ရေးအားဖြင့် ကျွန်မတို့ အချင်းချင်းမှာ နားလည်မှုရအောင် ကျွန်မတို့အချင်းချင်း ညီညွတ်မှု ရအောင် သုံးကြပါလို့ ပြောချင်တယ်။ ဖုန်းတွေ ပါလာရင် ထောင်ပြပေးကြပါ။ ဘယ်လောက် အများကြီး ရှိလဲ သိရအောင်။ (ဖုန်းပါလာသူများက ဖုန်းများ မြှောက်ပြကြသည်။) တော်တော်များတာပဲ။ ကျွန်မ မနေ့ကမှ ပထမဦးဆုံးအကြိမ် အဲဒီလိုဖုန်းလေး သုံးဖူးတယ်။ အရင် ၉၆ ခုနှစ်တုန်းက ဒါတွေ ဒီမှာမရှိသေးဘူး။ သုံးတဲ့အခါကြတော့ ပါးစပ် ဘယ်မှာ ထားရမှန်းမသိဘူး။ မကြားရဘူးဆိုတဲ့သူတွေကို စာသားနဲ့ ထောင်ပြမယ်။ (ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် အမှန်ခြစ် အောင်ဆန်းစုကြည်) ချစ်နေရုံနဲ့ မပြီးသေးဘူး။ အလုပ်လုပ်ရမှာ။ ကျွန်မစဉ်းစားတယ်။ ချစ်တယ်ဆိုတာ ဘာလဲ။ ချစ်တယ်ဆိုတာ တစ်ဦးပေါ် တစ်ဦး စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိပြီး အဲဒီ ဆန္ဒအရလုပ်မှ တကယ်ချစ်ရာရောက် ပါတယ်။ ပါးစပ်နဲ့ ချစ်ပါတယ်၊ ချစ်ပါတယ်။ ချစ်ပါတယ် ပြောလို့ကတော့ အရေခွံသာ ချစ်လိုက်တာမျိုးကတော့ ကျွန်မတို့က ကြက်ခြေခတ်ပဲ။ (မှန်လိုက်တာကွ - ပရိတ်သတ်ထဲမှ အသံ) ပန်းကပေးရင်လည်း ပေးလိုက်လေ ဘာလို့ကိုင်ထားတာလဲ။ ကျွန်မတို့ အခု ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ စောစောက ကျွန်မ ပြောသလိုပဲပေါ့ ကိုယ်စိတ် ထဲမှာ ရှိတာတွေကို ကျွန်မတို့ကို အသိပေးပါ။ စာရေးပြီးတော့ ပို့လို့လည်း ရပါတယ်။ စာတိုက်ကို စိတ်မချရရင် ဒီမှာပဲ လာပေးပါ။ ပြည်သူတွေ ဘာတွေ စိတ်ထဲမှာ ရှိသလဲ ဆိုတာ ကျွန်မသိချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ပြည်သူ တွေရဲ့ စိတ်ထဲမှာ လူတွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ။ ဘယ်လိုဖြစ်နေမလဲ။ စိတ်ထဲမှာ ဘယ်လိုပြောင်း သွားသလဲ ဆိုတာ ကျွန်မသေသေချာချာ မသိလို့မရဘူး ချက်ချင်းသိဖို့ဆိုတာမရဘူး။ ပြန်ပြီးတော့ လေ့လာရ ဦးမယ်။ ကျွန်မတို့ ပြည်သူတွေ တစ်ယောက်ချင်းနဲ့ စကားပြောဖို့ ဆိုတာလည်း တကယ်တမ်း လက်တွေ့ကျကျ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ရင်တော့ ပြောတာပေါ့။ ဖြစ်နိုင်ရင်တော့ကျွန်မ ထိုင်နားထောင်မယ်။ တစ်ယောက်ပြီး တစ်ယောက် မိုက်ပေးပြီးတော့ ပြောကြတော့။ အဲဒီလိုဆိုလည်း ပြီးမှာ မဟုတ်ဘူး။ ပြီးတော့ အဲဒီလိုပြောတာ တွေက ကျွန်မတော့ သဘောကျတယ်။ တစ်ယောက်ထဲ ထပြီး ပြောတာတွေက အင်မတန် ငြီးငွေ့စရာကောင်းတယ်။ ဟိုဘက် ပြန်ပြော။ ဒီဘက်က ပြန်ပြောဆိုတော့ ပိုပြီးတော့လည်း စုံတယ်။ပိုပြီးတော့လည်း အားလုံးအတွက် ပိုပြီးတော့လည်း အားလုံးအတွက် တန်ဖိုးရှိတယ်။တစ်ယောက်ထဲက ပြောတာကို ကျန်တဲ့သူတွေက နားထောင်နေရတာ တစ်ခါတစ်လေ ကျွန်မစိတ်ထဲမှာ နည်းနည်း ဒီမိုကရေစီ မကျလို့။ ကျွန်မတို့ သွားပြီးတော့ ဒီလူထဲက တစ်ယောက်ကို လက်ညှိုးထိုးပြပါမယ်။ ထပြီးတော့ စိတ်ထဲရှိတဲ့ ဆန္ဒကို ခပ်တိုတိုလေးပြောတော့။ (အမေစုနဲ့ အတူ လွတ်လပ်တဲ့ ဒီမိုကရေစီကြီးကို ရယူပိုင်ဆိုင် ချင်ပါတယ် ခင်ဗျား) ကျွန်မတို့လေ တစ်နေ့ကျရင် ပြည်သူ့ဟစ်တိုင် တစ်ခုလုပ်ရမယ် အဲဒီတော့ အဲဒီမှာဆိုရင် ပြည်သူတွေက ပြောချင်တာ ပြောလို့ ရအောင်။ ကျွန်မတို့ကလည်း ပြည်သူတွေရဲ့ အသံတွေကို ကြား-- ဟိုဘက်က ဘာပြဿနာရှိလဲ ကူညီလို့ရမလား။ အနောက်က တိုးနေလို့လား။ (စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။) သိပ်ပြီးတော့ မလောကြပါနဲ့။ နောက်ဆိုရင် ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အများကြီး စကားတွေ ပြောဖို့ အခွင့်အရေးတွေ ပေါ်လာမှာပါ။ ဒီတစ်ခါတည်း နဲ့ မဟုတ်ပါဘူး။ နောင် အကြိမ်ကြိမ် အခါခါ ရှိမှာပါ။ အဲဒီကျရင် စိတ်ရှည် လက်ရှည်နဲ့ သီးခံပေးကြပါ။ ဒီတစ်ခါ မကြားရမှ နောင်တစ်ခါ ပြန်လာမှာပေါ့။ တော်ကြာ ပြန်မလာဘဲ နေမယ်။ ကြာကြာ ပြောလို့ရှိရင် ပြည်သူတွေလည်း ပင်ပန်းမယ်လို့ ကျွန်မထင်ပါတယ်။ အနှစ်နှစ်ဆယ်ကျော်ပြီတဲ့ ပင်ပန်းတာ။ အဲဒီတော့ တော်တော်ကို ကျင့်သားရနေပြီပေါ့။ တော်တော် ပင်ပန်းနေကြပြီပေါ့ ပင်ပန်းတယ် ဆိုတာက ကိစ္စမရှိပါဘူး။ ပင်ပန်းရကျိုးနပ်ဖို့က အရေးကြီးတာ။ ပင်ပန်းရကျိုးနပ်တယ် ဆိုရင် ဘယ်လောက် ပင်ပန်းရ ပင်ပန်းရ ရတယ် ခံနိုင်တယ်။ အဲတော့ ကျွန်မတို့ရဲ့ အားတွေကို ပင်ပန်းရကျိုး နပ်အောင်လို့ အသုံးချရမယ်။ ကျွန်မအခု ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ ကျွန်မတို့ရဲ့ တိုင်းပြည်ကို ကြည့်ပြီး စိတ်ဓာတ်ကျချင် ကြတာ ဖြစ်မှာပဲ။ ရှိမှာပဲ။ အခုထက်ထိ ဘယ်မှ မရောက်သေး ပါလား။ အခုထက်ထိ ဘာမှလည်း တိုးတက်မှုမရှိပါလားဆိုတဲ့ စိတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ ကြိုးစားရမယ်။ ဝီရိယဆိုတာဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ခပ်ကြမ်းကြမ်းပဲ ဝီရိယထုတ်ရမယ်။ အလုပ်စလုပ်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် အလယ်ပိုင်းရောက်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် နောက်ဆုံးပိုင်း ရောက်ခါနီးမှာ ဝီရိယ ထုတ်ရမယ်။ အလုပ်ဆိုတာ ပြီးတယ်ရယ်လို့ မရှိဘူး။ အလုပ်တစ်ခု ပြီးရင်လည်း နောက်အလုပ်က ပေါ်လာမှာပဲ။ အဲတော့ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တယ် ဆိုတာလည်း အဲလိုပဲ အလုပ်တွေ တစ်ခုပြီး တစ်ခု လုပ်သွားရမှာ ဒီလောကကြီးမှာ ကျေနပ်စရာ၊ ကျေနပ်စရာ အချိန်တွေဆိုတာ ဘယ်တော့မှမရှိဘူး။ သို့သော်လည်း ကျွန်မတို့အတွက်တော့ ကျေနပ်စရာ အချိန်တွေ အတိုင်းအတာ တစ်ခုထိတော့ လိုကိုလိုတယ်။ အဲဒီလို ကျေနပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုအထိရောက်ဖို့တော့ အားလုံး ဝိုင်းတွန်းကြရမယ်။ မကြိုးစားဘဲနဲ့ မရဘူး။ ကျွန်မအနေနဲ့တော့ ကျွန်မကတော့ လုပ်ပေးမယ်လို့ ကျွန်မ မပြောနိုင်ဘူး။ ပြည်သူရဲ့ ယုံကြည်မှုရှိရင်၊ ပြည်သူရဲ့ အားကိုးမှုရှိရင်၊ ပြည်သူရဲ့ ထောက်ခံမှုရှိလို့ ရှိရင် ကျွန်မမှာ လုပ်အားတွေ အများကြီးတက်လာမယ်။ အဲဒီလုပ်အားတွေနဲ့ ပြည်သူနဲ့ အတူလုပ်မယ်။ ကျွန်မတစ်ယောက်ထဲတော့ လုပ်လို့မရဘူး။ ကျွန်မတစ်ယောက်ထဲလဲ မလုပ်ချင်ဘူး။ တစ်ယောက်ထဲလုပ်တယ် ဆိုတာ ဒီမိုကရေစီ မဟုတ်ဘူးနော်။ (ဟေး၊ ဟေး-------------------------------) ကျွန်မ တစ်ယောက်ထဲ လုပ်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး။ အများနဲ့ အတူလုပ်မှာ။ ကျွန်မတို့ အပေါ်မှာ ကြင်နာမှု ရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ အတူ လုပ်မယ်။ ကျွန်မတို့ အားလုံး အတူတူ လုပ်မယ်။ တစ်ချို့တွေ ထင်သလို လက်သီးလက်မောင်း တန်းပြီးတော့ ရှေ့ကနေ ပြီးတော့ ဟီးရိုးကြီး လုပ်တာ။ အဲဒါမျိုးက သတ္တိ မဟုတ်ဘူး။ သတ္တိ ဆိုတာဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို ဖြစ်မြောက်အောင်လို့ ပင်ပန်းခံပြီးတော့ လုပ်နိုင်တာ။ ဒါမှ အဲဒီလို သတ္တိမျိုးတွေ မွေးရမယ်။ တကယ်တော့ သတ္တိဆိုတာ နိစ္စဓူဝ လုပ်နေရမှာ။ ကျွန်မတို့ ပြည်သူတွေက မနက် မိုးလင်းတာနဲ့ ဒီကနေ့ တစ်နေ့ကို ရင်ဆိုင်ဖို့ သတ္တိတွေ ထုတ်နေကြရမယ် မဟုတ်လား။ ဒီသတ္တိတွေကို အကျိုးရှိအောင်လို့ သုံးကြမယ်။ တကယ့်ကို ထိထိရောက်ရောက်နဲ့ ကျွန်မတို့ ပြည်သူတွေနဲ့ ကျွန်မတို့ နိုင်ငံအတွက် အကျိုးရှိအောင် သုံးရမယ်။ ကိုယ်တစ်ယောက်ထဲအတွက် စဉ်းစားဖို့ မဖြစ်ဘူး။ ကိုယ့်မိသားစု တစ်ခုတည်းအတွက် စဉ်းစားလို့မဖြစ်ဘူး။ ကျွန်မ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ အခုဒီမှာ ကျွန်မတို့ လာပြီးတော့ ကျွန်မတို့ ကို ထောက်ခံနေတာတင် နိုင်ငံရေးမဟုတ်ဘူး။ အိမ်မှာနေပြီးတော့ ဟင်းချက်နေတဲ့ အမျိုးသမီးလဲ နိုင်ငံရေး လုပ်နေရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ သူ့ရှိတဲ့ ပိုက်ဆံနဲ့ လောက်အောင် ချက်နေရလို့လေ။ အဲဒါလဲ နိုင်ငံရေးပဲ။ သားသမီးတွေ ကျောင်းနေနိုင်အောင် ရုန်းကန်ရတာလည်း နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးနဲ့ မလွတ်ဘူး။ အဲဒီတော့ နိုင်ငံရေးနဲ့ ဒို့နဲ့ မဆိုင်ဘူး။ ဒို့က နိုင်ငံရေးထဲ မပါချင်ဘူးလို့။ ပြောတာဟာ နိုင်ငံရေးကို နားမလည်လို့ ပြောတဲ့ ကိစ္စ။ ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ ကျွန်မတို့လည်း သင်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် သင်ယူရမှာ။ ပြည်သူကနေ ကျွန်မတို့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့သူတွေကို သင်ပေးမှ ကျွန်မတို့လည်း မမှားမှာ။ ဒီမိုကရေစီမှာ အရေးကြီးတဲ့ တစ်ခုက ဘာလည်း ဆိုတော့ အရှေ့ကနေပြီးတော့ လုပ်နေတဲ့သူတွေကို အနောက်ကလူတွေက ထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့် ရှိရမယ်။ အဲဒါဒီမိုကရေစီပဲ။ ပြည်သူတွေရဲ့၊ ပြည်သူတွေ ထိန်းတာကို ကျွန်မတို့တွေ ခံပါ့မယ်။ ပြည်သူမဟုတ်ဘဲ ထိန်းသိမ်းတာကို သိပ်မခံချင်ဘူး(ရယ်လျက်)။ ကျွန်မစိတ်ထဲမှာ ဘာမှ မရှိပါဘူး။ ကျွန်မထိန်းသိမ်းခံရတဲ့ နှစ်တွေအတွင်းမှာ ပေါ့နော် လုံခြုံရေး တာဝန်ယူရတဲ့သူတွေနဲ့ အများကြီး ဆက်ဆံရပါ တယ်။ သူတို့ ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ အဲတော့ ဒါကတော့ အမှန်ကို အမှန်အတိုင်း ကျွန်မပြောရမှာပါ။ ကျေးဇူးတင်ထိုက်တဲ့သူကို ကျေးဇူးတင်ရမှာပဲ။ အဲဒီလို သာမန် လုံခြုံရေး ဝန်ထမ်းတွေထဲက ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့သူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာ တကယ့်ကို ကျွန်မစိတ်ရင်းနဲ့ ပြောတာပါ။ ကျွန်မတို့ဟာ ပြည်သူ အချင်းချင်းမှာ တစ်ယောက်ပေါ်မှာ တစ်ယောက် စေတနာထားနိုင်အောင်လို့ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင် နိုင်အောင်လို့။ မြင်နိုင်စေချင်တယ်။ ဆရာတော်ကြီးတစ်ပါးက ကျွန်မ ခပ်ငယ်ငယ်တုန်းက ဟောခဲ့ တယ်။ ကျေးဇူးပြုတဲ့သူ ဆိုတာ ရှားတယ်တဲ့။ ကျေးဇူးကို သိတတ်တဲ့သူဆိုတာ ရှားတယ်ပေါ့။ ကျွန်မ အဲဒီတုန်းက ငယ်တာကိုး အဲဒီစကားကို သိပ်သဘောမတူချင်ဘူး။ ဘာလဲဆိုတော့ ဟုတ်ပါပြီ ကျေးဇူး ပြုနိုင်တဲ့ သူဆိုတာ ရှားတယ်ဆိုတာ ကျွန်မ လက်ခံတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကို ကျေးဇူး ပြုတယ်ဆိုတာ လူတိုင်းကလည်း ဒီလောက်ထိလုပ်ပေးတာမဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးသိတတ်တဲ့ သူဟာ ရှားတယ် ဆိုတာ ကျွန်မ သိပ်ပြီး လက်မခံပါဘူး။ လူပဲ၊ လူပဲပေါ့ လူဖြစ်မှ ကျေးဇူးသိရမှာပေါ့။ မဟုတ်ဘူးကွာ ငြင်းတဲ့သူက ရှိတယ်။ ကျေးဇူးသိတယ် ဆိုတဲ့ အဓိပ္ပါယ်က နောက်ကျတော့ ရိုးရိုးလေးပဲ။ အချင်းချင်းကို တန်ဖိုးထားတတ်တာပဲ။ အချင်းချင်းကို တန်ဖိုးထား တတ်လိုက်ရင် --- ဟာ နည်းနည်းတော့ သည်းခံပါဦးဟေ့ -- ခဏလေး နောက်ကထလိုက်လို့ ဘာဖြစ်သွား တာမှ မဟုတ်ဘဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ သည်းခံရမှာပဲ။ တစ်ယောက်က မတ်တပ်ထလိုက်လို့ စိတ်ဆိုးစရာ အကြောင်းမရှိဘူး။ ဒေါသ ကြီးပဲ။----- ရှေ့က ကျွန်မ မနေ့တုန်းက အိမ်ရှေ့မှာ ပြောသလိုပေါ့။ အရှေ့ကလူကလည်း အနောက်ကလူကို သိတတ်မှု၊ နားလည်မှုရှိရမယ်။ အနောက်ကလူကလည်း အရှေ့က လူကို နားလည်မှု သည်းခံမှုရှိရမယ်။ အဲဒါမှ ကျွန်မအတွက် အဆင်ပြေမှာ။ ဒီတော့ ပြည်သူတွေ အနေနဲ့ ကျွန်မ ဘယ်လိုဆက်ပြီးတော့ နိုင်ငံရေး ခရီးသွားမလဲ ဆိုတာ သိချင်လာမယ်။ (သိချင်ပါတယ်။---------- ) သိတန်သရွေ့လည်း သိမယ်။ ပြည်သူကို အားကိုးပြီး လုပ်တယ်ဆိုရင် ပြည်သူနဲ့ အမြင်ချင်း ဖလှယ်ထားရမယ်။ ကျွန်မကတော့ ဒီ--ဒီ ပြည်သူတွေကြားမှာ ကျွန်မတို့က အားလုံးကြားမှာပေါ့နော် အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ အရေးကို ကြီးတယ်။ (ထောက်ခံပါတယ်။------------------) ကျွန်မစိတ်ထဲမှာတော့ ဘယ်သူပဲ ဘာဖြစ်လို့။ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင်လုပ်လို့မရဘူး။ ဘယ်သူနဲ့ တော့ဖြင့် စကားပြောလို့မရဘူး ဆိုတာ လုံးဝမရှိဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ရရမယ်။ စကားပြောချင်တဲ့ စိတ်ရှိရင် စကားပြောလို့ ရရမယ်။ ကျွန်မကတော့ ဒီလမ်းအတိုင်း သွားမှာပဲ။ ဒီလမ်းအတိုင်း သွားတဲ့အခါမှာတော့ ကျွန်မတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်ဆိုတာ အခု ဒီမှာ ပြောပြီးတော့ အသိပေး ကြေညာလိုက်ပြီ။ (ညီပါတယ်။--- ညီညွတ်ရေး၊ ညီညွတ်ရေး ------- ) ကျွန်မတို့ ဘာပဲလုပ်ဖို့ ဆုံးဖြတ်၊ ဆုံးဖြတ် ပြည်သူကို အသိပေးပါ့မယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့ အဖွဲ့ချုပ်နဲ့ ဒါ--- အဖွဲ့ဝင်တွေနဲ့လည်း တွေ့ပြီးတော့ သေသေချာချာ ပြောပြီးတော့ ဆွေးနွေးတာ မရှိဘူး။ ပြောပြီး ဆွေးနွေးပြီး ကျွန်မက အဖွဲ့ချုပ်တစ်ခုထဲနဲ့ လုပ်မှာ မဟုတ်ဘူးနော်။ ကျွန်မကနေပြီးတော့ ကျွန်မတို့ ဒီမိုကရေစီ အတွက် လုပ်နေတဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတွဲပြီး လုပ်ချင်တယ်။ နောက်ပြီးတော့ ပြည်သူကလဲ အဲဒီထဲမှာ ဝင်ပါ ပေးစေချင်တယ်။ တစ်ခုခု လုပ်ပြီလို့ ဆုံးဖြတ်လိုက်လို့ရှိရင် ကျွန်မတို့ ပြည်သူကို ပြောပြမယ်။ ရှင်းပြမယ်။ တစ်ခါ တစ်လေ ဆိုရင် ပြည်သူက ကျွန်မတို့ လုပ်တဲ့ကိစ္စတွေကို ပြည်သူက သဘောမတူတာလည်း ရှိမယ်။ ဒါကတော့ ဒီလိုပဲ။ လူတိုင်းတော့ တစ်သဘောတည်း မဖြစ်နိုင်ဘူး။ အဲဒီသဘောမတူတာကို လက်ခံနိုင်တာ လည်း ဒီမိုကရေစီရဲ့ သဘောတရားတစ်ခုပဲ။ ဒါပေမယ့်လည်း ကျွန်မတို့ ရှင်းပြမယ်။ ဘာဖြစ်လို့ ကျွန်မတို့ ဒီလိုလုပ်ရသလဲ။ ပြည်သူ သဘောမတူပေမယ့်လည်း ဘာဖြစ်လို့ လုပ်ရတာလည်း ဆိုတော့ ပြည်သူကို စည်းရုံး ယူရမှာပေါ့။ စည်းရုံးတယ် ဆိုတာ ဒါပဲလေ။ ပြည်သူရဲ့ ယုံကြည်မှု၊ နားလည်မှု အဲဒါကို ရအောင် လုပ်မယ်။ မဲရအောင် လုပ်တာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ ပြည်သူတွေရဲ့ နားလည်မှု ပြည်သူတွေရဲ့ ထောက်ခံမှု အဲဒါတွေကို ရယူပြီး တော့ ဆက်လုပ်သွားမယ်။ အခုချိန်မှာ တိတိကျကျ မပြောနိုင်တာကို ကျွန်မ တောင်းပန်ပါတယ်။ ဒီအချိန်မှာ အခုပဲ ထွက်လာပြီးတော့ ဒါလုပ်မယ်၊ ဒါလုပ်မယ်၊ ဒါလုပ်မယ် ပြောတာလည်း ဒါ မစဉ်းစား၊ မဆင်ခြင်ဘဲနဲ့ ပြောတဲ့စကားလည်း ဖြစ်နိုင်တယ်။ ကျွန်မတို့ ဒီအချိုးအကွေ့မှာ ပြည်သူတွေရဲ့ အသံတွေကို အများကြီး ကြားချင်ပါတယ်။ အဲဒီအသံတွေကို နားထောင်ပြီးတော့ ရှေ့ခရီးကို ဘယ်လို ဆက်ပြီးတော့ သွားမလဲ ဆိုတာ။ သွားသင့်လဲ ဆိုတာ ကျွန်မတို့ ဆုံးဖြတ်မယ်။ ဒါပေမယ့် စောစောက ကျွန်မတို့ ပြောသလိုပဲ အရေးကြီးဆုံးဟာ ပြည်သူရဲ့ အင်အားနဲ့ ကျွန်မတို့ လုပ်မယ်။ ဒီမိုကရေစီလိုချင်တဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတို့ လက်တွဲပြီး တော့ လုပ်မယ်။ နောက်ပြီးတော့ ကျွန်မတို့ဟာ ဒီကျွန်မတို့ နိုင်ငံမှာ ရင်ကြားစေ့ရေး အတွက် ကျွန်မတို့ လုပ် သွားမယ်။ ရင်ကြားစေ့ရေးအတွက် လုပ်သွားပြီးတော့ ပြည်သူတွေ အနည်းဆုံး နာမယ့်နည်းနဲ့၊ လုံးလုံး မနာဘူးလို့ လည်း ကျွန်မမပြောနိုင်ဘူး။ ဒါက ဒီလို ကျွန်မ အာမခံလိုက်လို့ရှိရင် ဒါလည်း လာဘ်ပေးတာတစ်မျိုးပဲ။ ကျွန်မတို့နဲ့ လိုက်လို့ မနာစေရဘူး ဆိုတာ အဲဒီလိုလည်း ကျွန်မပြောလို့ မရဘူး။ နာချင်လည်း နာတာပဲ။ ကျွန်မတို့လည်း ခံရတာပဲ။ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း ခံရတာပဲ။ ဒါပေမယ့်လည်း ပြည်သူလူထု အနည်းဆုံး နာမယ့်နည်းတွေကို ကျွန်မတို့ ရှာပြီးတော့ လုပ်ပါ့မယ်။ ပြည်သူကလည်း တစ်ခါတစ်လေ နည်းနည်း အနာခံရမယ် ဆိုရင်တော့ သည်းခံပြီး အနာခံပါလို့။ ကျွန်မ အခုကတည်းက ပြောထားချင်ပါတယ်။ လိုတော့ လိုချင်ပါတယ်။ အနာတော့ မခံချင်ပါဘူး။ အဲဒီလိုတော့ မလုပ်နဲ့။ သည်းခံနေတာ ကြာပြီဆိုတော့ မဟုတ်တဲ့ဟာတွေကို သည်းခံနေတာလား။ သည်းခံသင့်တာတွေကို သည်းခံနေ တာလား။ ကျွန်မ ပြောချင်တယ်နော်။ ဟို အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ အမှားနဲ့ အမှန်ဆိုတာ တစ်ချိန်နဲ့ တစ်ချိန်နဲ့ တူတာမဟုတ်ဘူး။ အချိန်တွေ ပြောင်း သလို အခြေအနေတွေ ပြောင်းသလို အဖြေတွေကလည်း ပြောင်းနေတယ်။ ဒါပေမယ့် အဲဒီဟာကို လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့ ကိုယ့်ရဲ့ လိပ်ပြာ၊ ဒါဘယ်လိုပြောသလဲ ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ သူ မားမားမတ်မတ် ရပ်ပြီးတော့ အစစ်ခံရဲတယ်တဲ့။ (ကြိုက်တယ်၊ ကြိုက်တယ်----------) ကျွန်မရဲ့ လိပ်ပြာခုံရုံး ရှေ့မှာလည်း နေ့တိုင်း မတ်တပ်ရပ်ပြီးတော့၊ ကျွန်မတို့ ပြည်သူတွေလဲ ဒီလိုပဲ ကိုယ့်ရဲ့လိပ်ပြာခုံရုံးရှေ့မှာ နေ့တိုင်း မတ်တပ်ရပ်ပြီးတော့ မားမားမတ်မတ် အစစ်ခံကြည့်ကြပါ။ အဲဒီလို အစစ်ခံ ကြည့်တဲ့အခါ ကိုယ်ဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေသလား ဆိုတဲ့ အဖြေက ပေါ်လာပါလိမ့်မယ်။ အဲဒီလိုပေါ်လာလို့ရှိရင် ကျွန်မတို့ရဲ့ အင်အားတွေက အရမ်းတန်ဖိုးတက်မှာ။ အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးမှတကယ့်ကို အဖိုးတန်တာ ၊ မှန်မှန်ကန်ကန် သုံးတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့မရဘူး။ အဲဒါကိုတော့ မှတ်ထားကြမှ။ ကျွန်မတို့ ပြည်သူတွေကိုလေ ကိုယ်ချင်းစာတဲ့စိတ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့စိတ်၊ တစ်ယောက်ကို တစ်ယောက်သည်းခံတဲ့စိတ်ကလေး၊ အခုနည်းနည်း စမ်းကြည့်ရအောင်၊ နည်းနည်းစမ်းကြည့်မယ်နော်။ နည်းနည်းစမ်းကြည့်မယ် ဆိုတော့။ စမ်းကြည့်မယ်။ ဟိုဘက်ကလူတွေက မကြားရလို့ဆိုပြီးတော့ အော်နေကြတယ်။ အဲဒီတော့ ကျွန်မလည်း ပြောတာပြီးတော့မယ်။ အဲဒီတော့ ဒီရှေ့က လူတွေက ဟိုဘက်ကို နည်းနည်း ထွက်သွားပြီတော့ ဟိုဘက်ကလူတွေကို နေရာပေးပါလား။ (ပေးမယ်ဟေ့--- ပေးမယ်--------------)


အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်။ အင်အားတွေ မရှိရင် ကျွန်မတို့ လုပ်တဲ့ အလုပ်တွေဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အင်အားတွေကို စနစ်တကျလုပ်မှပဲ စနစ်တကျသုံးမှပဲ ထိရောက်မှာ ဒီတော့ နည်းနည်းလေး စနစ်တကျဖြစ်အောင်ဘယ်လိုလုပ်မလဲ။ ကျွန်မပြောပြမယ်။ အရှေ့ကလူတွေက မတ်တပ်ထတဲ့ အခါ နောက်ကလူတွေက စိတ်တိုကြတယ်။ အဲဒီတော့ ကျွန်မပြောချင်တာ အရှေ့ကလူတွေကလည်း အကြာကြီး မထပါနဲ့။ နောက်ကလူတွေက ခဏလောက်ထတာကို သည်းညည်း ခံကြပါ။။ ခဏထတာပဲ ဘာဖြစ်လဲ။ တစ်ချိန်လုံး ထရင်တော့ တစ်မျိုးပေါ့။

နောက်ပြီးတော့ မှာပါရစေ။ မျှော်လင့်နေရုံနဲ့ ရမှာမဟုတ်ဘူး။ လိုချင်နေရုံနဲ့ ရမှာ မဟုတ်ဘူး။ လိုချင်တာ ရအောင်ကို လုပ်တတ်မှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှ ------------------ ကျွန်မတို့ အကောင်းဆုံး နည်းလမ်းတွေ ရှာပြီး တော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားရမယ်။ ကျွန်မက အမျိုးသား ရင်ကြားစေ့ရေးကို အမြဲတမ်း ယုံကြည်တယ်။ ဒီနည်းကို သွားကို သွားရမယ် ဆိုတာ ကျွန်မယုံကြည်တယ်။ ထောက်ခံနေတဲ့ သူတွေရှေ့မှာ (လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်) ကျွန်မယုံကြည်တာ လူ့အခွင့်အရေးကို ယုံကြည်တယ်။ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်။ အဲဒါတွေ အတွက်တော့ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့၊ ဘယ်ဝါ့ကို မုန်းလို့ ဆိုပြီးတော့ လုပ်နေတာမဟုတ်ဘူး။ အဲဒီစိတ်တွေ ကျွန်မမရှိဘူး။ အချိန်လည်း မရှိဘူး။ ဒီလောကကြီးမှာ အလုပ် အများဆုံး (လက်ခုပ်သံများ-----) အခု ကျွန်မ ထိန်းသိမ်းခံနေရတဲ့ ကာလတစ်လျှောက် ကျွန်မရဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေကပေါ့နော် ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မအပေါ်မှာ တော်တော် ကောင်းခဲ့ပါတယ်။ ဒါ ကျွန်မ အမှန်အတိုင်း ပြောတာ။ အဲဒါကိုလည်း ကျွန်မ တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့ ဒီလိုပဲ နေရာအမျိုးမျိုးမှာ ကဏ္ဍအမျိုးမျိုးမှာ ကောင်းကောင်းမွန်မွန် တစ်ယောက်ကို တစ်ယောက် ကောင်း ကောင်း မွန်မွန် ဆက်ဆံပြီး လုပ်ဆောင်သွားစေချင်တယ်။ အဲဒီလိုကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံ သလို ပြည်သူတွေအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်တယ်။ (လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်) ကျွန်မလိုပဲ ပြည်သူတွေအပေါ်မှာ အကျယ်ချုပ်ချပြီးတော့ မဆက်ဆံစေချင်ဘူး (လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်) ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြည်သူတွေ အပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါလို့ ကျွန်မက မေတ္တာရပ်ခံပါတယ်။ ကောင်းမွန်တဲ့ ကိစ္စကို တန်ဖိုးထားရမယ်။ ကျေးဇူးတင်ထိုက်သူ ကို ကျေးဇူးတင်ရမယ်။ ကိုယ် မကြိုက်လို့ အားလုံး မကောင်းဘူးလို့ ပြောလို့ မဖြစ်ဘူး။ ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်။ မကောင်းတာ မကောင်းဘူး ပြောရင်လည်း စိတ်ဆိုးနေလို့ မဖြစ်ဘူး။ မလုပ်နဲ့ ။ (လက်ခုပ်သံများ မစဲ---) လူတစ်ယောက်ရဲ့ ကျေးဇူးကို ပွဲထုတ်ရတာလောက် အင်မတန်မှ အားရစရာ ကောင်းတာ မရှိဘူး။ အင်မတန်မှ အားရစရာ ကောင်းတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ ကျွန်မက လုပ်ချင်ပါတယ်။ ကျေးဇူးတင်စရာ တွေသာ လုပ်ကြစမ်းပါ ကျွန်မက တစ်ချိန်လုံးခေါ်ပြီး ကျေးဇူးတင်နေပါ့မယ်။ အခုလည်း ပြည်သူတွေကို ကျေးဇူးတင်ရမှာပဲ။ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဗမာတွေရဲ့ သတ္တိက ကောက်ရိုးမီးလိုပဲလို့ ခဏခဏ ပြောတာ ကျွန်မ လုံးဝ မကြိုက်ဘူး။ အဲဒါဟာ ကျွန်မတို့ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီလို မဖြစ်ရဘူး။ လူဆိုတာ လူဖြစ်ကာမှ လူပီပီနေရတယ်။ လူ့သိက္ခာ ဆိုတာရှိတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘာနဲ့ စလဲဆိုတော့ လူတိုင်း၊ လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။ (လက်ခုပ်သံများ ဆူညံလျက်) သိက္ခာကို ထိန်းသိမ်းရမယ်။ အဲဒါကို ပြောတာ။ ပြည်သူတွေအတွက်ပဲ လုပ်ပေး၊ ပြည်သူတွေ အတွက်ပဲ လုပ်ပေးလို့။ လူတိုင်း၊ လူတိုင်းဟာ ကိုယ့်တာဝန်ကို ကျေပွန်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ နိုင်ငံတိုးတက်မှာ။ ကျွန်မတို့ နိုင်ငံ မတိုးတက်လား။ တိုးတက်လားဆိုတာ။ ကျွန်မထက် ပြည်သူတွေ ပိုပြီးတော့ သိတယ်။ မတိုးတက်လို့ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ ပြောမယ့်အစား ကျွန်မတို့ အားလုံး လက်ညီတက်ညီ နဲ့ လက်တွဲပြီးတော့ တိုးတက်အောင်လို့ လုပ်နိုင်ဖို့ အခွင့်အရေးတွေ ပေးပါလို့ပဲ။ အဲဒီလိုပဲ ကျွန်မပြောချင်တယ်။ လက်ဖြန့်ပြီး တောင်းတာလဲ မကြိုက်ဘူး။ ကိုယ်ကိုယ်တိုင်လည်း လက်ဖြန့် မတောင်းချင်ဘူး။ ကျွန်မတို့ ပြည်သူကလည်း လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့ စိတ်မရှိဘူးလို့ ယုံကြည်တယ်။ (ဟုတ်ပါတယ်။ ဟုတ်ပါတယ် -------------------) ကျွန်မတို့ တိုးတက်ရေးအတွက်၊ ကိုယ့်ရပိုင်ခွင့်တွေကို လိုချင်တယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ ကိုယ့်တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်တွေ ရအောင်လို့ ကျွန်မတို့ လုပ်ပေးရမယ်။ နောက်ပြီးတော့ အားလုံးကို လိုက်ပြီးတော့ ထမင်းဝေဖို့ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ် ဝအောင် ရှာနိုင်တဲ့ အရည်အချင်းတွေ၊ အခွင့် အလမ်းတွေ ရှိဖို့။ (လက်ခုပ်ဩဘာသံများ ဆူညံလျက်) ကျွန်မတို့ ဆက်လုပ်သွားမယ့် အလုပ်တွေဟာ ကျွန်မတို့ ဒီမိုကရေစီကို ယုံကြည်တဲ့ အစုအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင် လုပ်သွားမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုပြီး အဲဒီလို ကျွန်မတို့ ထီးထီးကြီး လုပ်သွားမှာ မဟုတ်ဘူး။ အများနဲ့ တူတူ လက်တွဲပြီးတော့ လုပ်သွားမယ်။ အဲဒီအများကို ဝန်းရံရမှာ ပြည်သူပဲ။ ပြည်သူတွေ မဝန်းရံဘဲ ကျွန်မတို့ ဘာမှ လုပ်လို့မရဘူး။ ပြည်သူတို့ အကူအညီကိုလိုလို့ ကျွန်မတို့ တောင်းတယ်။ တောင်းတဲ့ အခါကြရင် ကျွန်မတို့ အပေါ်မှာ ယုံယုံကြည်ကြည် လိုလိုလားလားနဲ့ ဒီအင်အားတွေနဲ့ ပံ့ပိုးပေးပါလို့။ အခုကတည်းကနေ မေတ္တာရပ်ခံထားပါတယ်။ အဲဒီတော့ အားတွေမွေးထား။ ထမင်းများများစားထားလို့ ပြောရမှာလည်း အားနာတယ်။ ထမင်းသိပ်မရှိဘူးဆိုရင် ဘယ်လို ပြန်ဖြေရမလဲလို့။ အားတွေ မွေးထားကြ။ ကိုယ်ကိုကိုယ် --- စိတ်အားရော၊ ခန္ဓာကိုယ်အားရော မွေးထားကြ။ အဲဒီအားတွေနဲ့ ကျွန်မတို့ အတူတူ လက်တွဲပြီးလုပ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီး လုပ်ကြပြီဆိုလို့ရှိရင် ပန်းတိုင်ကို ရောက်အောင် ကျွန်မ ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော်။ ကျွန်မတို့ လူတွေထဲမှာ ပန်းတိုင်ရောက်တဲ့ဟာကို မမြင်လိုက်ရတဲ့သူတွေ အများကြီးပဲ။ ဒါပေမယ့် ဒီမှန်ကန်တဲ့ ပန်းတိုင်ကို ရည်မှန်းပြီး လျှောက်သွားရတယ်ဆိုတဲ့ ဘဝတစ်ခုရဲ့ တန်ဖိုးက ဘယ်လိုမှ ဖြတ်လို့ မရဘူး။ လူတိုင်းက အနိစ္စသဘော မကင်းပါဘူး။ တစ်နေ့ကျ ကိစ္စပြီးသွားမှာပဲ။ ဒါပေမယ့် မပြီးခင် အချိန် အတွင်းမှာ အနည်းဆုံး ကိုယ်ဘယ်လို နေခဲ့တယ်။ ထိုင်ခဲ့တယ်ဆိုတာ သိကြဖို့။ ကျွန်မတို့ တွေ့တုန်းမှာ ကျွန်မတို့ရဲ့ ကွယ်လွန်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒီမိုကရေစီရဲဘော်ရဲဘက်တွေ ကို ကျွန်မ ဂုဏ်ပြုချင်တယ်။ အခု အထိပြင်းပြနေကြတဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုချင်တယ်။ အားလုံး အမြန်ဆုံး လွတ်နိုင်ပါစေလို့ ကျွန်မတို့ ပြည်သူတွေက ဝိုင်းပြီး ဆုတောင်းကြရအောင်....။ (လက်ခုပ်သံ ဩဘာသံများ အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုသော အသံများ မစဲတော့ပေ။)