မာတိကာသို့ ခုန်သွားရန်

အာခါလူမျိုး

ဝီကီပီးဒီးယား မှ
အာခါလူမျိုး
Aka / Akha
၁၉၀၀ ခုနှစ်ကာလက ဗမာ့မှတ်တမ်းအရ အာခါလူမျိုး
လူဦးရေ စုစုပေါင်း
၆၈၀,၀၀၀ ခန့်
အများစု နေထိုင်သည့် နေရာ
မြန်မာနိုင်ငံတရုတ်နိုင်ငံလာအိုနိုင်ငံထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ
 တရုတ် (ယူနန်ပြည်နယ်)၂၅၀,၀၀၀ ခန့်
 မြန်မာ (ရှမ်းပြည်နယ်)၂၀၀,၀၀၀ ခန့်
 ထိုင်း (မြောက်ပိုင်းခရိုင်များ)၈၀,၀၀၀ ကျော်
 လာအို၁၁၂,၉၇၉ (၂၀၁၅ သန်းခေါင်စာရင်း)[]
ဘာသာစကား
အာခါဘာသာစကားတရုတ်ဘာသာစကားမြန်မာဘာသာစကားလာအိုဘာသာစကားထိုင်းဘာသာစကား
ကိုးကွယ်မှု
အာခါဇန် (ဘိုးဘေးနှင့် နတ်ကိုးကွယ်မှု)[]ခရစ်ယာန်ဘာသာ[]ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
လီဆူလူမျိုးလားဟူလူမျိုးဗမာလူမျိုး နှင့် အခြား တိဗက်-ဗမာနွယ်ဝင်များ
အာခါအမျိုးသမီး
၁၉၀၀ ပြည့်နှစ်ဝန်းကျင်က ရေးဆွဲထားသော အာခါလူမျိုးပုံ ပန်းချီ
အာခါ လုံမငယ်

အာခါလူမျိုးများသည် မြန်မာနိုင်ငံလာအိုနိုင်ငံထိုင်းနိုင်ငံဗီယက်နမ်နိုင်ငံတရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ရှိ တောင်တန်းမြင့်များပေါ်တွင် ကျေးရွာငယ်များတည်၍ နေထိုင်ကြသော လူမျိုးစုတစ်ခု ဖြစ်သည်။[] သူတို့သည် တရုတ်နိုင်ငံမှ အရှေ့တောင်အာရှသို့ ၂၀ ရာစုအစောပိုင်းတွင် ဝင်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ရှိ ပြည်တွင်းစစ်ကြောင့် အာခါလူမျိုး ရွှေ့ပြောင်းသူများ များပြားလာခဲ့ကာ ယခုအခါ ထိုင်းနိုင်ငံ၏ မြောက်ပိုင်းခရိုင်များဖြစ်သော ချင်းရိုင်နှင့် ချင်းမိုင်တို့တွင် လူဦးရေ ၈၀,၀၀၀ ကျော် နေထိုင်လျက်ရှိသည်။[] အာခါလူမျိုးများကို အိကော၊ ခကောနှင့် ကောလူမျိုးဟုလည်း ခေါ်ဆိုကြသည်။ [] တိဗက်-ဗမာအနွယ်အုပ်စုဝင်ဖြစ်သည့် လိုလို-ဗမာအုပ်စု တွင်ပါဝင်ပြီး မြန်မာနိုင်ငံ၏ တရားဝင်အသိအမှတ်ပြုတိုင်းရင်းသားလူမျိုးထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။

ထိုလူမျိုးတို့၏ မူရင်းဒေသမှာ ယူနန်နယ်ဖြစ်သည်။ ထိုဒေသမှ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ဆင်းသက်လာ၍ ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံနယ်အရှေ့ဘက်နယ်စပ်ဆီမှ မြန်မာနိုင်ငံတွင်းသို့ ဝင်‌ရောက်လာဟန်တူသည်။ [] ယခုအခါတွင် ထိုသူတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့စွန်ဒေသများတွင် အများဆုံး တွေ့ရ၏။ ယူနန်နယ် တောင်ပိုင်းနှင့် ယိုးဒယားနိုင်ငံ မြောက်ပိုင်းတို့၌လည်း တွေ့ရသည်။ အာခါလူမျိုးတို့မှာ ယခင်က ရိုးရာ နတ်ကိုးကွယ်ကြသူများဖြစ်သော်လည်း ယခုအခါ ခရစ်ယာန် နှင့် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများလည်း ရှိပါသည်။[] အယူသည်း၍ ဘိုးဘေးစဉ်ဆက်ကို ရိုသေကိုးကွယ်ကြသူများဖြစ်သည်။ အာခါ လူမျိုးများသည် လူရည်သန့် လူတောင့်များဖြစ်ကြသည်။ ရိုးရိုးနှင့်ရှင်းရှင်း နေတတ်ကြသည်။

အာခါအမျိုးသမီးတို့ ခါးဝတ်မှာ အတွန့်အခေါက်များဖြင့် လှပစွာတန်ဆာဆင်ထားသည်။ ဘာသာဘာဝ သီဆိုကျူးရင့် ပျော်ရွှင်စွာနေတတ်သည်နှင့်အမျှ လုပ်မှုဆောင်တာများကို မပင်မပန်း မပျင်းမရိ ဆောင်ရွက်သူများ ဖြစ်သည်။ ကောအမျိုးသားတို့မှာ ယောက်ျားပီသ လွတ်လပ်စွာ နေလိုသူများဖြစ်သည်။ လိုလိုအစုဝင် လီဆူးလားဟူတို့ ကဲ့သို့ပင် ဒူးလေးနှင့် မြှားကို သုံးစွဲကြသည်။ အမဲလိုက်ဝါသနာပါ၍ မုဆိုးဘဝတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။ (ဦးဘရှင်) []

အာခါလူမျိုးများ၏ နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

အာခါလူမျိုးများသည် မိမိတို့ကိုယ်ကို ယာညီချောဂျေ (Ya-Nyi-Chaw-Je) ဟု ခေါ်ဆိုကြပြီး ၎င်းတို့၏ လူမှုကျင့်ဝတ်နှင့် ယဉ်ကျေးမှုစနစ်ကို အာခါဇာ (Akha Zang) ဟု ခေါ်တွင်သည်။[၁၀] ၎င်းတို့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ လာအိုနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် အခြားလူမျိုးစုများနှင့် ရောနှောနေထိုင်ကြသည်။

တရုတ်နိုင်ငံရှိ မြစ်နီမြစ် (Red River) ဒေသတွင် နေထိုင်ကြသော ဟနီးလူမျိုး (Hani) များနှင့် အလွန်ဆွေမျိုးနီးစပ်မှုရှိသည်။ အာခါတို့၏ ကဗျာလင်္ကာများတွင် မိမိတို့ကိုယ်ကို ယာညီ (Za Nyi) ဟု ယနေ့တိုင် သုံးနှုန်းကြဆဲဖြစ်သည်။ ဟနီးလူမျိုး ၁.၂ သန်းကျော်အနက် ၉ သိန်းခန့် ပြောဆိုသော ဒေသစကားမှာ အာခါဘာသာစကားနှင့် များစွာနီးစပ်မှုရှိသည်။[၁၁]

ရှေးဟောင်းမျိုးနွယ်စု အဆက်အနွယ်များ

[ပြင်ဆင်ရန်]

အာခါ/ဟနီးတို့သည် တရုတ်ပြည်တောင်ပိုင်းရှိ အဓိက ရှေးဟောင်းလူမျိုးစုကြီး (၃) စုဖြစ်သော ပိုင်ယွဲ့၊ ပိုင်ဖူနှင့် ဒီကင် (Bai-Yue, Bai-Pu, Di-Qiang) တို့အနက်မှ ဆင်းသက်လာခဲ့ကြသည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ခန့်ကတည်းက တည်ရှိခဲ့သော အနွယ်စုများ ဖြစ်ကြသည်။[၁၂]

  • ပိုင်ယွဲ့ (Bai-Yue): လွန်ခဲ့သော နှစ်ပေါင်း ၇,၀၀၀ ခန့်က ယန်စီမြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြပြီး၊ ယနေ့ခေတ် တိုင်လူမျိုး (Dai)၊ ရွှေ (Shui) နှင့် ကျွမ့် (Zhuang) တို့၏ ဘိုးဘေးများ ဖြစ်သည်။
  • ပိုင်ဖူ (Bai-Pu): ဝလူမျိုး (Wa)၊ တအာင်း (Palaung) နှင့် ပလန် (Blang) တို့ ဆင်းသက်လာသော အနွယ်စု ဖြစ်သည်။
  • ဒီကင် (Di-Qiang): အာခါ၊ ဟနီးဗမာယီလီဆူလားဟူ နှင့် ဂျိမ်းဖောလူမျိုး အစရှိသော တိဗက်-ဗမာ နွယ်ဝင်များ၏ ဘိုးဘေးများ ဖြစ်သည်။ ၎င်းတို့သည် မြစ်ဝါမြစ်အထက်ပိုင်းမှ ဆင်းသက်လာကြသူများ ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ၈,၅၀၀ ခန့်ကတည်းက တည်ရှိခဲ့ကြသည်။[၁၂]

ပြောင်းရွှေ့အခြေချမှု သမိုင်းစဉ်

[ပြင်ဆင်ရန်]

ဒီကင် (Di-Qiang) အနွယ်ဝင်များသည် ချင်မင်းဆက် (Qin Dynasty) လက်ထက် လွန်ခဲ့သော နှစ်ပေါင်း ၂,၇၀၀ ခန့်တွင် ယူနန်ပြည်နယ်အတွင်းသို့ စတင်ရွှေ့ပြောင်းခဲ့ကြသည်။ ဘာသာစကားဗေဒအရ ဒီကင်တို့သည် တရုတ်-တိဗက်ဘာသာစကားမိသားစု၏ တိဗက်-ဗမာ (Tibeto-Burman) အုပ်စုတွင် ပါဝင်သည်။

သမိုင်းမှတ်တမ်းများအရ ဘီစီ ၃ ရာစုတွင် တတူ (Dadu) မြစ်တောင်ဘက်၌ သွားလာနေထိုင်ခဲ့ကြသော ဟေးယစ် (Heyis) မျိုးနွယ်စုများသည် ယနေ့ခေတ် အာခါ/ဟနီးတို့၏ ဘိုးဘွားများ ဖြစ်နိုင်ခြေရှိသည်။[၁၃] အာခါတို့သည် ယူနန်ပြည်နယ်သို့ အေဒီ အစဦးရာစုများတွင် ရောက်ရှိလာခဲ့ကြပြီး၊ အချို့သော သမိုင်းပညာရှင်များက ၎င်းတို့၏ မူလအစမှာ တိဗက်အရှေ့ပိုင်း သို့မဟုတ် စီချွမ်း (Szechuan) လွင်ပြင်များ ဖြစ်နိုင်သည်ဟု ယူဆကြသည်။[၁၄]


ရေကြည်ရာမြက်နုရာသို့ ပျံနှံ့သွားခြင်း

[ပြင်ဆင်ရန်]

အာခါလူမျိုးစုတို့၏ ( ဂျာဒယ်း ) ဒေသတွင် အေဒီ(၅) ရာစုမှ (၁၀)ရာစုအထိ မြို့ပြတည်ထောင်၍ နေလာခဲ့ရာ၊ အေဒီ (၁၀) ရာစုနောက်ပိုင်းတွင် ပြောင်းရွှေ့မှုကြီးရှိခဲ့ရာ၊ တရုတ်ပြည်တောင်ပိုင်း၊ ဗီယက်နမ် အနောက်မြောက်ပိုင်း၊ လောနိုင်ငံ အလယ်နှင့်မြောက်ပိုင်းဒေသ၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ( အရှေ့ပိုင်း )၊ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများသို့ ပျံ့နှံ့နေထိုင်သွားခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ( ၁၀ ) ရာစုကတည်းက ရောက်ရှိလာခဲ့ကြောင်း၊ အထူးဒေသ (၄) ရှိ အာခါရွာများဖြစ်ကြသော ဘားဆားအာခါရွာ၊ အေးချွေးအာခါရွာ နှင့် အခြားရွာများစွာတို့က ရွာတည်နှစ် ( ၈၀၀ ) နှစ်ကျော်ဖြစ်သည်ဟု သိရသည်။[၁၅]

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်း

[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသား လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသော လူမျိုးစု အုပ်စုကြီး (၃) ခုအနက် တိဗက်-ဗမာအနွယ်အုပ်စုဝင်ဖြစ်သည့် လိုလို-ဗမာအုပ်စု ဖြစ်သည်။ တိဗက်လွင်ပြင် မဲခေါင်မြစ်အတိုင်း တရုတ်ပြည်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အာခါလူမျိုးတို့၏ မူရင်းဒေသမှာ ယူနန်နယ်ဖြစ်သည်။ အေဒီ ၁၀ရာစုကတည်းက ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည်။[၁၆]

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

အာခါ လူမျိုးများသည် ရွာသစ်တည်မည်ဆိုပါက ထိုရွာတွင် အာခါလူမျိုး၏ (ဇွေမား) ခေါ် အကြီးအကဲတစ်ဦး၊ (ဗာဂျီ) ခေါ် (ကျီမား) ပန်းပဲဆရာတစ်ဦး၊ (ဖီးမား) ခေါ် နတ်ဆရာတစ်ဦးတို့ ပါရှိရသည်။ ထို့သို့သော ပုဂ္ဂိုလ် (၃) ဦးရှိမှသာ ရွာ၏ အဂါၤရပ်နှင့် ညီညွတ်သည်။ အာခါလူမျိုးများနေထိုင်သည့် ရွာများသည် ထူးခြားသည့် ဓလေ့ (၅)ရပ် ရှိသည်။ (၁) နှစ်တစ်နှစ်၏ စားနပ်ရိက္ခာသီးနှံများ၊ ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးစီးမှု အထိမ်းအမှတ်အဖြစ် နှစ်သစ်ကြိုဆိုသည့် ခါးထောင်းဖား ( အဖွေလော ) နှစ်သစ်ကူးပွဲ ကျင်းပသည့် ဓလေ့၊ (၂) အိမ်တိုင်းတွင် မိမိတို့၏ ဘိုးဘေး ဘီဘင်ကို ကိုးကွယ်ရန် ( ပါလော့ ) ခေါ် ဘုရားစင် ထားရှိပြီး၊ နှစ်စဉ် ရာသီပွဲများဖြင့် ( ၁၀ ) ကြိမ်ထက်မက ပူဇော်သည့် ဓလေ့၊ (၃) ရွာတိုင်းတွင် လူနှင့် သရဲတစ္ဆေနေရာကို ခွဲခြားသတ်မှတ်သည့် " လချေလန်းခန် " ရှိသည်။ နှစ်စဉ် သရဲတစ္ဆေ နတ်ဆိုးမောင်းထုတ်ပွဲတွင် တစ်ရွာလုံးရှိ အိမ်များမှ သူရဲတစ္ဆေကို ရွာတံခါးပြင်သို့ မောင်းထုတ်သည့်ဓလေ့၊ (၄) အိမ်တိုင်း၏ လယ်၊ခြံ များတွင် " ဟွန်ဖီ " ဟုခေါ်သည့် နတ်စင်တည်ထားပြီး စပါးသီးနှံအထွက်တိုးရန်၊ နေကောင်းကျန်းမာရန် ဆုတောင်းသည့်ဓလေ့ရှိသည်။ အာခါတိုင်းရင်းသားတို့၏ နတ်ပူဇော်ခြင်းသည် တိကျစွာလိုက်နာရသည်။ သို့မှသာလျှင် မင်္ဂလာဖြစ်သည်။[၁၇]

ရွာမြေရွေးချယ်တည်ဆောက်ခြင်း

[ပြင်ဆင်ရန်]

အာခါလူမျိုးများသည် ရွာသစ်တည်ရန် လိုအပ်သည့်အခါတွင် ရွာအကြီးအကဲ၊ ပန်းပဲဆရာနှင့် နတ်ဆရာ (၃) ဦးတို့သည် ရွာအကြီးအကဲက ဦးစီးပြီး သင့်တော်မည့်နေရာ ရွေးချယ်ကာ မြေမျက်နှာပြင်တွင် မြေညှိ၍ မြေမာအောင် ထုပြီးနောက် ဤနေရာတွင် ရွာတည်သင့် မသင့် (ဇွေမား) ခေါ် ရွာအကြီးအကဲသည် လတ်ဆတ်သန့်ရှင်းသော ကြက်ဥအစိမ်းတစ်လုံးကိုယူ၍ ဘိုးဘေးများကို တိုင်တည်ပြီး အဓိဋ္ဌာန်ပြုရာတွင် ကြက်ဥကို ညာဘက်နားရွက်မှ ကိုင်၍ လွှတ်ချလိုက်ရသည်။ ထိုလွှတ်ချလိုက်သည့် ကြက်ဥကွဲခဲ့သော် ထိုနေရာတွင် ရွာတည်ရန် သတ်မှတ်ရသည်။ အကယ်၍ ရွာအကြီးအကဲက လွှတ်ချလိုက်သော ကြက်ဥမကွဲခဲ့သော် ထိုနေရာသည် နတ်များနေထိုင်ရာ၊ နတ်မွေ့လျော်ရာ အပေါ်၌ ကြက်ဥ ကျမကွဲခြင်းဖြစ်သည့်အတွက် ရွာတည်ရန် မသင့်ဟု သတ်မှတ်ကာ အခြားတစ်နေရာသို့ နေရာပြောင်းရွှေ့ရှာဖွေရသည်။ ရွာသစ်တည်ရန် သတ်မှတ်လိုက်သော မြေနေရာ အကျယ်အဝန်းရှိ သစ်ပင်များ၊ ချုံနွယ်ပင်များ၊ ခုတ်ထွင်ရှင်းလင်း၍ ရွာဝင်/ထွက်တံခါး (လန်းခန်) နှင့် ရွာဝင်တံခါးနတ်စင်၊ အပျိုလူပျို ချိန်းတွေ့မည့် (ဒယ်းခန်း) ခေါ် မြေညီကွင်း၊ လူသေမြှုပ်ရန် သင်္ချိုင်းမြေနေရာများ ရွေးချယ်ပြီး ခုတ်ထွင် ရှင်းလင်းထားသော အမှိုက်သရိုက်များကို စုပုံ၍ (ဖီးမား) ခေါ် နတ်ဆရာသည် ဘိုးဘေးများအား ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်တည်၍ မီးရှို့ရသည်။ ထို့နောက် ရက်ကောင်းရက်မြတ်ကို ရွေးချယ်ပြီး ( ကျား၊ သိုး၊ မျောက် ) နေ့များမှအပ ကျန်နေ့ရက်များကို ရွေးချယ်၍ ကြက်ဥကွဲသောနေရာတွင် (ဇွေမား) ခေါ် ရွာအကြီးအကဲ၏ အိမ်ကို ဦးစွာဆောက်လုပ်ရသည်။ ရွာအကြီးအကဲ၏ အိမ်ဆောက်လုပ်ပြီးမှ ရွာသားများ၏ အိမ်ကို ဆောက်လုပ်ရသည်။ အာခါလူမျိုးများ အမြတ်တနိုးထားသော နတ်စင်ကို မိမိရွာကဖြစ်စေ၊ တခြားရွာကဖြစ်စေ မြင်းစီးလျက် ရွာဝင်မုဒ်ကို ဖြတ်မကျော်ရ။ နတ်စင်ကို မြင်းပေါ်ကဆင်း၍ ဖြတ်လျှောက်ရသည်။ နတ်စင်ကို အရိုအသေမဲ့ထိခြင်း၊ ဖျက်စီးခြင်းမပြုရ။ ပြုလုပ်ခဲ့သော် ရွာသို့ လျော်ကြေးပေးရသည်။[၁၈]

နေအိမ်အခန်းဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသား လူမျိုးများသည် နေအိမ်ဆောက်လုပ်ရာတွင် ခြေတံရှည်အိမ်၊ အိမ်တံခါးမကြီး အရှေ့ဘက်တစ်ပေါက်၊ အနောက်ဘက်တစ်ပေါက်ထားပြီး၊ ပြူတင်းပေါက်ဟူ၍မထားဘဲ အိမ်အမိုးသည် သက်ကယ်ဖြင့် တိုင်ခြေ မထိတထိမိုးကြသည်။ အိမ်အတွင်းတွင် တခြမ်း၌ အိမ်ရှင်မိန်းမနေရန်နှင့် တဘက်ခြမ်းတွင် အိမ်ရှင်ယောက်ျားသည် နေထွက်ရာရှေ့ဘက်ပေါက်တွင် နေထိုင်ရပြီး၊ အိမ်ရှင်မိန်းမနှင့် ကလေးများသည် အနောက်ဘက်ခြမ်းတွင် နေထိုင်ရသည်။ အိမ်အတွင်းတွင် အခန်း(၂)ခန်းဖွဲ့ထားသကဲ့သို့ မီးဖို (၂)ခုရှိသည်။ တက်/ဆင်း နိုင်ရန် လှေကား (၂)ခုထားရသည်။ အိမ်ရှင်ယောက်ျားနေသည့်ဘက်၌ ရပ်နီး/ရပ်ဝေး ဧည့်သည်များ ဧည့်ခံခြင်းပြုရသည်။ အိမ်ရှင်မိန်းမနေသည့်ဘက်တွင် ဧည့်သည်ယောက်ျား သွားလာခွင့်မပြုရ။ ထမင်းချက်ရန် အိမ်ရှင်မိန်းမနေသည့်ဘက်က မီးဖိုကိုသုံးပြီး၊ အိမ်ရှင်ယောက်ျား နေသည့်ဘက်တွင် ရေနွေးသောက်ရန် အတွက်သာသုံးသည်။[၁၉]

မျိုးဆက်သစ်ကိုဦးစားပေးခြင်း

[ပြင်ဆင်ရန်]

အာခါအမျိုးသားနှင့် အမျိုးသမီးတို့သည် လူပျို၊ အပျို ချိန်းတွေ့ရမည့် ကွင်းပြင်တွင်သာ တွေ့ရသည်။ အိမ်နှင့် အခြားနေရာများတွင် ညအချိန် ချိန်းတွေ့ခွင့်မရှိ။ ချိန်းတွေ့ ရာတွင် ရင်းရင်းနှီးနှီးစကားပြောခြင်း၊ သီချင်းဆိုခြင်းမှအပ လွန်လွန်ကျူးကျူး မပြုလုပ်ရပါ။ ဒါန်းစီးပွဲတော်ကာလတွင် ဒါန်းကို ဒယ်းခန်အနီးတွင် ဆောက်လုပ်ကြသည်။ သင်္ချိုင်းမြေကို ရွာ၏ အနောက်ဘက် နေဝင်ရာဘက်တွင် သတ်မှတ်သည်။[၂၀]

အာခါတိုင်းရင်းသားတို့၏ ကိုယ်ပိုင်ဟန်

[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသား လူမျိုးများ၏ လက်မှုအတတ်ဖြစ်သော ပန်းပဲလုပ်ငန်းကို ချယ်ရီပန်းပွင့်သည့် ဇန်နဝါရီလတွင် ဒါး၊ ပေါက်ဆိန်၊ တံဇဉ်၊ ပေါက်ပြားများ၊ ငွေထည် ရတနာများကိုလည်း ထုလုပ်ကြသည်။ အာခါတိုင်းရင်းသားရွာတိုင်းတွင် ပန်းပဲဆရာတစ်ဦးစီ ရှိကြသည်။ ထိုခေတ်အခါက ပန်းပဲဆရာသည် အဓိက အကျဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဇွေမား ခေါ် အကြီးအကဲ ရွာသစ်တည်ဆောက်ရာ၌ သုံးရန် ဒါး၊ ပေါက်ဆိန်၊ လှံ၊ ပေါက်ပြားနှင့် ဖီးမား ခေါ် နတ်ဆရာလက်သုံးဒါးများကို တည်ထွင်ပေးသူ ဖြစ်သောကြောင့်ဖြစ်သည်။ အဓိကအသက်မွေးဝမ်းကျောင်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြစ်သည်။[၂၁]

ဝတ်စားဆင်ယင်မှု

[ပြင်ဆင်ရန်]

မိမိတို့၏ တိုင်းရင်းသားဝတ်စုံကို မိမိကိုယ်တိုင် ဝါစိုက်ပြီး၊ ဝါကြိတ် စသည်ဖြင့် ယက္ကန်းလုပ်ငန်းများကို မိသားစုတိုင်းသားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးကြသည်။ ချည်များကိုရရှိနိုင်ရန် အာခါအမျိုးသမီးများသည် ထင်းခုတ်၊ ရေခပ်၊ တောင်ယာသွား/ပြန် လမ်းလျှောက်ရင်း ဝါကိုကျစ်၍ ရသော ချည်နှင့်သာ အထည်ယက်လုပ်ကာ (မြန်) ခေါ်အပင်ဖြင့် အနက်ရောင်ကို ကိုယ်တိုင်အရောင်ဆိုးကြသည်။ အာခါတိုင်းရင်းသားလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုအခြေခံအရောင်မှာ အနက်ရောင်ဖြစ်သည်။ မိမိတို့၏ရိုးရာဝတ်စုံကို အမြတ်တနိုးဝတ်ဆင်ကြသည်။ အမျိုးသားများသည် ဘောင်းဘီရှည်၊ အင်္ကျီတို/ရှည် ခေါင်းပေါင်းဆင်မြန်းကြပြီး၊ ဘောင်းဘီတွင် ပန်းထိုးလေ့မရှိ၊ အင်္ကျီ၏ အရှေ့ဘက်တွင်သာ ပန်းထိုးလေ့ရှိသည်။ အမျိုးသမီးများသည် စကတ်တို/ရှည်၊ ဘောင်းဘီ၊ အင်္ကျီတို/ရှည် နှင့် ခေါင်းဆောင်းအမျိုးမျိုးကို ငွေထည်၊ ငွေပြား၊ ပုတီး၊ ကြက်မြီးရောင်စုံဖြင့် စီမံကြသည်။ အမျိုးသမီးများ၏ စကတ်အနောက်ဘက်တွင် အစင်းများပါရှိပြီး ပန်းထိုးလေ့မရှိ။ အင်္ကျီ၏အရှေ့ / အနောက်တွင် ပန်းအလှများ စီမံကြသည်။ အမျိုးသမီးများသည် ခြေစွပ်၊ ခါးပတ်အမြီးများကို ရှေ့တွင်ချ၍ ပိုးချည် သို့မဟုတ် ရောင်စုံချည်ဖြင့် ပန်းထိုးကြသည်။ အာခါတိုင်းရင်းသားလူမျိုးတို့သည် နေရာဒေသကို လိုက်၍သော်လည်းကောင်း၊ အမျိုးအနွယ်ကိုလိုက်၍သော်လည်းကောင်း၊ ခေါင်းပေါင်း၊ ခေါင်းဆောင်းအမျိုးမျိုးတွေ့ရှိနိုင်သည်။ အမျိုးသားများ၏ ခေါင်းပေါင်းကိုကြည့်၍ သာမန်လူနှင့် နတ်ဆရာကိုခွဲခြားသိရှိနိုင်သည်။ အမျိုးသမီးများ၏ ခေါင်းဆောင်းများတွင် ငွေထည်ငွေပြားအမျိုးမျိုးဖြင့် အမြတ်တနိုးဆင်မြန်းလျက် လေးသည်ဟုပင် အမှုမထားကြပေ။ အမျိုးသမီးဝတ်စုံနှင့် အမျိုးသားဝတ်စုံကို လဲလှယ်ဝတ်ဆင်ခြင်းပြုလေ့မရှိ။[၂၂]

ကိုးကွယ်သည့်ဘာသာ

[ပြင်ဆင်ရန်]

အာခါတိုင်းရင်းသားလူမျိုးတို့သည် ကနဦး ကိုးကွယ်မှုဘာသာသည် အာခါရိုးရာဘာသာ ( အဖွေပေါ်လော် - အာခါဇန်း ) ဘာသာဖြစ်သည်။ အာခါဇန်းဘာသာသည် အာခါလူမျိုးစုသာ သီးသန့်ကိုးကွယ်ရသော ဘာသာဖြစ်သည်။ အကယ်၍ အခြားသော လူမျိုးစုက အာခါဇန်းဘာသာကိုးကွယ်လိုပါက အာခါအနွယ်အဖြစ် ခံယူကြရသည့် ဓလေ့ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘိုးဘွားတို့၏ဘုရားကို ကိုးကွယ်သောကြောင့် မျိုးရိုးဆက်ခံရခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ယနေ့ခေတ်တွင် အာခါဇန်းဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း ရှိလာကြသည်။ အာခါတိုင်းရင်းသားများသည် နေရာဒေသ၊ ကိုးကွယ်သည့်ဘာသာ မတူကြသော်လည်း " အာခါချေးခါ ထီခါမား " ဟူသော အာခါလူမျိုးရှိသမျှ တစ်အူတုံဆင်းမိသားစုဝင်များ ဖြစ်ကြသည် ဟုခံယူ၍ ဂုဏ်ယူစွာ နှုတ်မြွတ်ကြသည်။ အာခါတိုင်းရင်းသားများသည် ရက်၊ လ၊ နှစ် ရေတွက်ပုံနှင့် ရာသီပွဲတော်များလည်းရှိကြသည်။ [၂၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. Results of Population and Housing Census 2015 Lao Statistics Bureau။ 1 May 2020 တွင် ပြန်စစ်ပြီး။
  2. The Akha Heritage Foundation 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 August 2022 တွင် ပြန်စစ်ပြီး။
  3. "Christian conversion threatens hill tribe culture", Asia Times
  4. “Akha". The Hilltribes of Thailand. Thailand Online. Retrieved 3 May 2012.(Akha live in villages in the mountains of southwest China, eastern Myanmar, western Laos, northwestern Vietnam, and northern Thailand.)
  5. Chiang Mai's Hill Peoples in: Forbes, Andrew, and Henley, David, Ancient Chiang Mai Volume 3. Chiang Mai, Cognoscenti Books, 2012.
  6. Akha Village in: Union of Hill Tribe Villages & Longneck Karen, http://www.longneckkaren.com/akha.php#:~:text=Akha%20is%20the%20name%20of,most%20of%20them%20still%20live.
  7. Levy, Jonathan. "The Akha and Modernization; A Quasi Legal Perspective". Archived from the original on 4 March 2016. Retrieved 4 May 2012.
  8. အာခါလူမျိုးအကြောင်း သိကောင်းစရာသိကောင်းစရာ,Sep 14,2019. https://www.mdn.gov.mm/my/aaakhluumiuakeaang-sikeaangcraasikeaangcraa 11 June 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ..
  9. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁)၊ စာမျက်နှာ (၂၆၆)။
  10. Bisht, Barendra S. and T.S. Bankoti. (2004).
  11. Bradley, David. (January 1999).
  12. 1 2 Li Jin et al. (2001).
  13. Ma Yin. (1989).
  14. West, Barbara A. (2009); Bradley, David (1979); Boucherie, Pascal. (1995).
  15. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  16. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  17. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  18. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  19. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  20. (ဝင် ဂျန်စီး၏ အာခါလူမျိုးတို့၏ ထွက်မြောက်ရာ စာအုပ်)
  21. (တရုတ်ပညာရှင် မစ္စတာယန်ကျုံးမင်)
  22. (တရုတ်ပညာရှင် မစ္စတာယန်ကျုံးမင်)
  23. (အမေရိကန် စာရေးဆရာ ကိုလန်ဖိစ်)