မာတိကာသို့ ခုန်သွားရန်

တိုင်းစစ်ဌာနချုပ်

ဝီကီပီးဒီးယား မှ
နပတနှင့်ရလခတို့ မဖွဲ့စည်းမီကတပ်မတော် (ကြည်း) တိုင်းစစ်ဌာနချုပ်များမြေပုံ

တိုင်းစစ်ဌာနချုပ် (အင်္ဂလိပ်: Regional Military Command) ဆိုသည်မှာ မြန်မာ့တပ်မတော်တပ်မ​တော်(ကြည်း)၏ စစ်ဘက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့ ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နယ်နိမိတ်ကို စစ်တိုင်းနယ်မြေ (၁၄) ခုအဖြစ် တိုင်းစစ်ဌာနချုပ်နယ်မြေ (၁၄) ခုဖြင့်ပိုင်းခြားထားပြီး တိုင်းစစ်ဌာနချုပ်၏ အဓိကလုပ်ငန်းတာဝန်မှာ ၎င်း၏အခြေစိုက်နယ်မြေဧရိယာနှင့် ထိုနယ်မြေနှင့်နယ်နိမိတ်ချင်းထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိသော ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း နှင့် စစ်ရုံးရှိအထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လုပ်ပိုင်ခွင့်အာဏာအနေဖြင့် စစ်ဘက်တရားစီရင်ရေးအာဏာပါ ရရှိထားသည်။ တိုင်းစစ်ဌာနချုပ် ၏ အမြင့်ဆုံး ရာထူးတာဝန်မှာ “တိုင်းမှူး” (Regional Commander) ဖြစ်ပြီး ခန့်အပ်သောအဆင့်မှာ ဗိုလ်ချုပ် (သို့မဟုတ်) ဗိုလ်မှူးချုပ် ဖြစ်သည်။

တပ်မတော်တွင် ရာထူးခန့်အပ်သည့် ဝါစဉ်အရ တိုင်းစစ်ဌာနချုပ်များ၏ တိုင်းမှူးအသစ်များကို အစမ်းခန့်ကာလပြည့်မြောက်ပြီးသည့် ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးတစ်ဦးဦးကိုသာ ရာထူးတိုးခန့်အပ်လေ့ရှိသည်။ တိုင်းမှူးသည် မိမိကွပ်ကဲမှုနယ်မြေအတွင်း စစ်ဆင်ရေးဆိုင်ရာ လေကြောင်းပစ်ကူတောင်းခံနိုင်သော အနိမ့်ဆုံးအာဏာပိုင်ဖြစ်ပြီး နီးစပ်ရာ လေတပ်စခန်းဌာနချုပ်/လေတပ်စခန်း/လေတပ်ဆွယ် တစ်ခုခုသို့ တိုင်းမှူးကအကြောင်းကြားညှိနှိုင်းမှသာ လေကြောင်းပစ်ကူပေးလေ့ရှိသည်။ စစ်အုပ်ချုပ်ရေး(Martial Law)ကြေညာထားသည့် အချိန်ကာလတွင် ၎င်းစစ်အုပ်ချုပ်ရေးကြေညာခြင်းခံရသော ဒေသကို ကွပ်ကဲသည့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးက အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဒေသန္တရအမိန့်ထုတ်ပြန်နိုင်သည့်အာဏာ ရရှိသည်။ စစ်အုပ်ချုပ်ရေးတွင် တိုင်းမှူးက အတည်ပြု/ပြင်ဆင်နိုင်သည့် အမြင့်ဆုံးပြစ်ဒဏ်မှာ တစ်ကျွန်းထောင်ဒဏ်ဖြစ်သည်။

တိုင်းစစ်ဌာနချုပ်နယ်မြေများသည် စစ်ဘက်အုပ်ချုပ်ရေး၏ တိုင်းဒေသများဖြစ်ကြပြီး ၎င်းတို့အောက်တွင် တပ်မြို့၊ တပ်နယ်များခွဲခြားသတ်မှတ်ထားသည်။ တပ်မြို့ (သို့မဟုတ်) တပ်နယ်တစ်ခုတွင် ယင်း တပ်မြို့ (သို့မဟုတ်) တပ်နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့/စခန်းများအနက်မှ ရာထူးအမြင့်ဆုံးအရာရှိသည် ယင်းတပ်နယ်၏ တပ်နယ်မှူး (အင်္ဂလိပ်: Garrison Commander) အဖြစ်လည်း တပ်နယ်အတွင်းရှိ တပ်အားလုံးကို အုပ်ချုပ်ရသည်။ (ဥပမာ - ခြေလျင်/ခြေမြန်တပ်ရင်း (၂) ရင်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (၁) ရုံနှင့် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (၁) ကျောင်း ရှိသော တပ်နယ်တွင် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၏ တပ်မှူး ဗိုလ်မှူးချုပ်က ယင်းတပ်နယ်၏ တပ်နယ်မှူးပင်ဖြစ်သည်)

တိုင်းစစ်ဌာနချုပ်သည် ယင်းကွပ်ကဲမှုအောက်ရှိ စစ်ရေးအရ အလွန်အရေးပါသည့် ‌ဒေသများ၌ ခြေလျင်တပ်ရင်း/အခြားတပ်ရင်း အနည်းဆုံးနှစ်ရင်းမှ သုံးရင်းအထိတွဲဖက်အခြေစိုက်ထားသော စစ်ဗျူဟာမှူးတစ်ဦးနှင့် စစ်ဦးစီးမှူး(ဒုတိယတန်း)တစ်ဦးတို့ အထိုင်ချကွပ်ကဲသည့် စစ်ဗျူဟာအဖွဲ့(အခြေချ)(အင်္ဂလိပ်: Tactical Operation Command(Garrison))များ အခြေစိုက်ထားသည်။ တိုင်းစစ်ဌာနချုပ်၏ ပင်မဌာနချုပ်ရုံးနှင့် အလွန်ဝေးကွာသည့် ဒေသများ၌မူ ဗိုလ်မှူးချုပ်တစ်ဦး ကွပ်ကဲသော ဦး/ရေး/ထောက်ဆိုင်ရာ ဌာနများပါရှိသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(အင်္ဂလိပ်: Regional Operation Command)ဖြင့် တိုင်းစစ်ဌာနချုပ်က တစ်ဆင့်ကိုယ်စား နယ်မြေအတွင်းရှိ တပ်များကို ကွပ်ကဲအုပ်ချုပ်သည်။ တိုင်းစစ်ဌာနချုပ်၏ ပင်မဌာနချုပ်ရုံးတွင် ကွပ်ကဲမှုရုံး၊ စစ်ဦးစီးဌာနရုံး၊ စစ်ရေးဌာနရုံး၊ စစ်ထောက်ဌာနရုံး၊ စခန်းရုံး၊ စစ်ဆင်ရေးခန်းမ အစရှိသည်တို့ စုပေါင်းတည်ရှိကြပြီး ယျေဘုယျအားဖြင့် စစ်ရေးအရ အားသာသည့် နယ်မြေများ၊ လုံခြုံရေးအရ အားသာသည့်‌နယ်မြေများ၊ တိုင်း/ပြည်နယ်အစိုးရအဖွဲ့နယ်မြေများနှင့် လေတပ်စခန်းဌာနချုပ်တည်ရှိရာ လေဆိပ်များနှင့် နီးကပ်သော နေရာများတွင် တည်ရှိသည်။ တိုင်းစစ်ဌာနချုပ်၏ ပင်မဌာနချုပ်ရုံးကို စစ်ဗျူဟာအဖွဲ့များဖြင့် ကာရံထားပြီး စစ်ဗျူဟာအဖွဲ့(အခြေချ)များ၏ တည်ရှိမှုသည် ပင်မဌာနချုပ်ရုံး၏ ခံစစ်ကို အလွန်သက်ရောက်စေသည်။

တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူး(အင်္ဂလိပ်: Regional Commander)သည် စစ်ဘက်နှင့် အရေးပေါ်ကာလ အရပ်ဘက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများကို ရရှိထားပြီး ဒုတိယတိုင်းမှူး(အင်္ဂလိပ်: Deputy Regional Commander)သည် တိုင်းမှူးကို တာဝန်ခံရသည်။ တိုင်းစစ်ဌာနချုပ်နှင့် ယင်းကွပ်ကဲမှု‌အောက်ရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာတို့ကို ဗိုလ်မှူးချုပ်အဆင့်ရှိသော တိုင်းဦးစီးချုပ်(အင်္ဂလိပ်: Regional Chief of Staff)က ကွပ်ကဲကာ တိုင်းကာနယ်ဟုခေါ်သည့် စစ်ဦးစီးဗိုလ်မှူးကြီး(အင်္ဂလိပ်: Colonel General Staff)၊ ဦးစီးဗိုလ်မှူးကြီး(အင်္ဂလိပ်: Colonel Staff)များ ကွပ်ကဲသော ဦး/ရေး/ထောက်ဌာန သုံးခုတို့က အရေးယူဆောင်ရွက်သည်။ စစ်ဘက်တရားနှင့်စပ်လျဉ်း၍ လက်ထောက်စစ်ဥပဒေချုပ်တစ်ဦး၊ ဒုတိယလက်ထောက်စစ်ဥပဒေတစ်ဦးနှင့် ဥပဒေအရာရှိတို့ ဦးစီးသည့် စစ်ဥပဒေဌာန ရှိသည်။ စစ်ဦးစီးဌာနတွင် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းမှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူ့စစ်ဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းနှင့်အထွေထွေ စစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်ရေးရာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တို့ကို တာဝန်ယူဆောင်ရွက်သည်။ စစ်ရေးဌာနတွင် တပ်အင်အားဆိုင်ရာ ကိစ္စရပ်များ၊ တပ်ဖွဲ့ဝင်များ၏ ခံစားခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ စစ်စည်းကမ်းနှင့် စစ်ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ငွေစာရင်းနှင့် စစ်မှတ်တမ်းဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်သည်။ စစ်ထောက်ဌာနတွင် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်လက်နက်ပစ္စည်းနှင့် စစ်သုံးပစ္စည်းဆိုင်ရာ ကိစ္စရပ်များ၊ ရိက္ခာနှင့် သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ၊ ပစ္စည်းများစာရင်းအင်းနှင့် ဖြည့်တင်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်သည်။ ပင်မဌာနချုပ်ရုံးတစ်ခုလုံး၏ လုံခြုံရေးကို တိုင်းစစ်ဌာနချုပ်၏ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စခန်းမှူးက တာဝန်ယူဆောင်ရွက်ရပြီး ၎င်းအောက်တွင် လုံခြုံရေးတပ်ခွဲများ ရှိသည်။ ပုံမှန်အားဖြင့် ဌာနအလိုက် အဆင့်ဆင့်ကွပ်ကဲကြသော်လည်း စစ်ဆေးရေးဌာနသည် တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး၏ ကွပ်ကဲမှုအောက်တွင်လည်းကောင်း၊ ငွေစာရင်းဌာနခွဲသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ငွေစာရင်းရုံး၏ ကွပ်ကဲမှုအောက်တွင်လည်းကောင်း၊ စစ်ဘက်ရေးရာလုံခြုံရေးဌာနသည် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၏ ကွပ်ကဲမှုအောက်တွင်လည်းကောင်း၊ ပြည်သူ့စစ်ဌာနသည် ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက်တွင်လည်းကောင်း၊ မှတ်တမ်းဌာနခွဲသည် တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက်တွင်လည်းကောင်း ရှိသည်။ စစ်ဥပဒေဌာနမှာမူ စစ်ဥပဒေချုပ်ရုံးကွပ်ကဲမှုအောက် ဖြစ်သည်။ ထို့အပြင် ယျေဘုယျအားဖြင့် တိုင်းစစ်ဌာနချုပ်တစ်ခုတွင် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ တပ်မတော်ဆေးရုံ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း/ခွဲ အစရှိသော လက်ရုံး/ဝန်ထမ်းတပ်များပါ ပူးတွဲတည်ရှိသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန်ဖြစ်သော ၁၉၄၈ခုနှစ်တွင် တပ်မတော်၌ မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ စစ်တိုင်း(၂)ခုသာရှိခဲ့သည်။ ထိုစဉ်က တပ်မတော်အကြီးအကဲများအဖြစ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လကျ်ာ၊စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် နေဝင်း၊တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် စောကြာဒိုးတို့ဖြစ်သည်။ လွတ်လပ်ရေးရပြီး ၄လအကြာ ၁၄.၄.၁၉၄၈ခုနှစ်တွင် စစ်ဦးစီးချုပ်ရုံး (စစ်ရုံး)ကို စတင်ဖွဲ့စည်းခဲ့ရာ ဗိုလ်ချုပ်စမစ်ဒွန်းမှာ စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ်စောကြာဒိုးမှာ ဒုစစ်ဦးစီးချုပ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်နေဝင်း၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်အောင်သင်းတို့က အကြီးအကဲများဖြစ်သည်။ဩဂုတ်လ ၁ရက်နေ့တွင် ပြည်သူ့ရဲအပါအဝင် အစိုးရလက်နက်ကိုင်အားလုံး တပ်မတော်အောက်ရောက်ရှိလာပြီး ဗိုလ်ချုပ်စမစ်ဒွန်းမှာ စစ်သေနာပတိ၊ဗိုလ်မှူးချုပ်နေဝင်းမှာ ဒုစစ်သေနာပတိ၊ ဗိုလ်မှူးချုပ်အောင်သင်းမှာ တောင်ပိုင်းတိုင်းမှူး၊ ဗိုလ်မှူးချုပ် လဇွန်တန်မှာ မြောက်ပိုင်းတိုင်းမှူးဖြစ်လာခဲ့သည်။၁၉၄၉ခုနှစ် ဖေဖော်ဝါရီတွင် နိုင်ငံရေးအခြေအနေများအရ ဒုဗိုလ်ချုပ်ကြီးနေဝင်းမှာ စစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။ တောင်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်ကျော်ဇော၊ မြောက်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် အေဒီဘလိတ်တို့က ဆောင်ရွက်သည်။၁၉၅၃ခုနှစ် ကူမင်တန်ကျူးကျော်မှုတွင် တိုင်းမှူးများကို နေရာပြောင်းရွှေ့ခဲ့သည်။[]၁၉၅၆ခုနှစ်တွင် ဗိုလ်မှူးချုပ်ကျော်ဇောအား ဗကပနှင့် ဆက်သွယ်သည်ဟုဆိုကာ အနားပေးလိုက်ပြီး[][] ၎င်းနေရာဖြစ်သော မြောက်ပိုင်းတိုင်းမှူးနေရာတွင် ဗိုလ်မှူးချုပ်အောင်ရွှေကို ခန့်ထားခဲ့သည်။ []

၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရဖွဲ့စည်းထားချိန်တွင် ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဒုကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်အောင်ကြီး၊ မြောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယု၊ တောင်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်အောင်ရွှေတို့ဖြစ်သည်။၁၉၆၀ရွေးကောက်ပွဲအပြီး၁၉၆၁ခုနှစ်တွင် ဗိုလ်မှူးချုပ်အောင်ရွှေကို ထုတ်ပယ်လိုက်ကာ ၎င်းနေရာတွင် ဗိုလ်မှူးချုပ် စိန်ဝင်းကို ခန့်ထားလိုက်သည်။

အိမ်စောင့်အစိုးရမှ ရွေးကောက်ခံ ဦးနုအစိုးရကို အာဏာပြန်လွှဲပြီးနောက် တပ်မတော်ကို အင်အားတိုးချဲ့ရန်အတွက် ၁၉၆၁ခုနှစ် အောက်တိုဘာလတွင် စစ်တိုင်း(၂)ခုအား စစ်တိုင်း (၅)ခုသို့ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထိုစစ်တိုင်းများနှင့် တိုင်းမှူးများမှာ

၁၉၆၂ခုနှစ်တွင် တပ်မတော်သည် နိုင်ငံတော်အာဏာကို အာဏာရဦးနုအစိုးရထံမှ  သိမ်းယူခဲ့ပြီး တော်လှန်ရေးကောင်စီအနေဖြင့် စတင်အုပ်ချုပ်ခဲ့သည်။၁၉၇၂ခုနှစ်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်ဦးနေဝင်းက ၎င်း၏ ကာကွယ်ရေးဦးစီးချုပ်နေရာကို ဗိုလ်ချုပ်ကြီးစန်းယုအား လွှဲပြောင်းပေးခဲ့ပြီး ဗိုလ်မှူးကြီးစိန်လွင်မှာ နမခတိုင်းမှူးဖြစ်လာခဲ့သည်။ ထို့အပြင် တပ်မတော်စစ်တိုင်း (၄)ခုကို အသစ်ထပ်မံဖွဲ့စည်းရာ စုစုပေါင်း (၉)ခုဖြစ်လာခဲ့သည်။ အရပ်သတင်းများကမူ ဗိုလ်ချုပ်ကြီးနေဝင်းသည် ၎င်း၏ အကြိုက်ဆုံး (၉)ဂဏန်းကို ဗေဒင်ကိန်းဂဏန်းများအရ ဖွဲ့စည်းသည်ဟု ပြောဆိုခဲ့ကြသည်။ စစ်တိုင်းများအပြင် တပ်မ(၇၇)တပ်မ(၈၈)တပ်မ(၉၉) စသည့် တပ်မ(၃)ခုကိုပါ စတင်ဖွဲ့စည်းခဲ့သည်။၁၉၇၂ခုနှစ်တွင် တပ်မတော် စစ်တိုင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၈၈ခုနှစ် တပ်မတော်အာဏာသိမ်းမှုအပြီးတွင် စစ်တိုင်းမှူး (၉)ဦးမှာ အာဏာသိမ်း နဝတအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။၁၉၉၀ခုနှစ်[]တွင် မန္တလေးအခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၂ပိုင်းခွဲကာ နမခအား မုံရွာမြို့သို့ ပြောင်းရွှေ့အခြေစိုက်သည်။တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား မန္တလေးသို့ ပြောင်းရွှေ့အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်တဖန်ဖွဲ့စည်းခဲ့သည်။[][][] ၁၉၉၇ နဝတမှ နအဖသို့ ကူးပြောင်းချိန်တွင် စစ်တိုင်းမှူးများသည် တိုင်းနှင့်ပြည်နယ်ကောင်စီများ၏ ဥက္ကဋ္ဌများ ဖြစ်ကြသည်။ ကာချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၉၉၆ခုနှစ်တွင် ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊၂၀၁၂ခုနှစ်တွင် ခိုလမ်မြို့အခြေစိုက်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်များဖြင့် ခွဲထုတ်ကာ တိုးချဲ့ဖွဲ့စည်းခဲ့သည်။မြိတ်မြို့အခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်များကိုလည်း ထပ်မံဖွဲ့စည်းခဲ့သည်။ ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ရုံးထိုင်ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပျဉ်းမနားဒေသအားလည်း နေပြည်တော်တိုင်းစစ်ဌာနချုပ်အဖြစ် ခွဲထုတ်ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ၁၉၄၈ခုနှစ်တွင် တပ်မတော်၌ တိုင်းစစ်ဌာနချုပ် (၂)ခုသာရှိခဲ့ရာမှ ၂၀၂၁ခုနှစ်တွင် တိုင်းစစ်ဌာနချုပ် (၁၄)ခုအထိရှိလာခဲ့သည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

တိုင်းစစ်ဌာနချုပ် ၏ ယေဘူယျဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် -

  1. တိုင်းစစ်ဌာနချုပ်ရုံး (Regional Command) ၉၅+၇၄၀ ဦး
    1. တိုင်းမှူး (Regional Commander)
      1. တိုင်းမှူး၏ ဦးစီးအရာရှိ (Personal Staff Officer of Regional Commander)
      2. ရုံးအဖွဲ့ (Staff)
    2. ဒုတိယတိုင်းမှူး (Deputy Regional Commander)
      1. ဒုတိယတိုင်းမှူး၏ ဦးစီးအရာရှိ (Personal Staff Officer of Deputy Regional Commander)
      2. ရုံးအဖွဲ့ (Staff)
  2. စစ်ဦးစီးအဖွဲ့ (General Staff)
    1. တိုင်းဦးစီးချုပ် (Regional Chief of Staff)
      1. တိုင်းဦးစီးချုပ်၏ ဦးစီးလက်ထောက် (Personal Assistant of Regional Chief of Staff)
    2. စစ်ဦးစီးဗိုလ်မှူးကြီး (Colonel General Staff)
      1. စစ်ဦးစီးဌာန (General Staff Department) ၂၁+၄၁၈ ဦး
        1. စစ်ဦးစီးမှူး(ပထမတန်း)(စစ်ဆင်ရေး) (General Staff Officer Grade 1 (Operations))
        2. ရုံးအုပ်ချုပ် (Chief Head Clerk)
          1. စစ်ဦးစီးဌာန(စစ်ဆင်ရေး) (Operations Branch) ၅+၁၅ ဦး
          2. စစ်ဦးစီးဌာန(တာဝန်နှင့်လေ့ကျင့်ရေး) (Duty and Training Branch) ၃+၁၃ ဦး
          3. စစ်ဦးစီးဌာန(စစ်ဘက်ရေးရာလုံခြုံရေး(စစ်ဦးစီး)) (Military Affairs Security (General Staff) Branch) ၂+၇ ဦး
        3. စခန်းမှူး (Camp Commandant)
          1. တိုင်းအရာခံဗိုလ် (Command Sergeant Major)
          2. စခန်းရုံး (Camp Office) ၁+၁၁ ဦး
          3. လုံခြုံရေးတပ်ခွဲ(၁) (Security Company 1) ၄+၉၄ ဦး
          4. လုံခြုံရေးတပ်ခွဲ(၂) (Security Company 2) ၄+၉၄ ဦး
          5. တပ်ထောက်မော်တော်ယာဉ်တပ်စု (Quartermaster Motor Platoon) ၁+၁၃၇ ဦး
          6. စစ်တီးဝိုင်းတပ်စု (Military Band) +၄၆ ဦး
    3. ဦးစီးဗိုလ်မှူးကြီး(စစ်ရေး) (Colonel Adjutant Staff)
      1. စစ်ရေးဌာန (Administrative Department) ၁၉+၂၅၄ ဦး
        1. ဦးစီးအရာရှိ(ပထမတန်း)(စစ်ရေး) (Staff Officer Grade 1 (Administration))
          1. စစ်ရေးဌာန(၁/၂/၅) (Administrative Branch (1/2/5)) ၃+၇ ဦး
          2. စစ်ရေးဌာန(၃/၄) (Administrative Branch (3/4)) ၁+၆ ဦး
        2. ဦးစီးအရာရှိ(ပထမတန်း)(ငွေစာရင်း/မှတ်တမ်း) (Staff Officer Grade 1 (Account/Record))
          1. ငွေစာရင်းဌာနခွဲ (Account Branch) ၉+၁၂၀ ဦး
            1. ဒုတိယညွှန်ကြားရေးမှူး(ငွေစာရင်း) (Deputy Director (Account))
            2. လက်ထောက်ညွှန်ကြားရေးမှူး (Assistant Director)
          2. မှတ်တမ်းဌာနခွဲ (Record Branch) ၄+၁၂၁ ဦး
    4. ဦးစီးဗိုလ်မှူးကြီး(စစ်ထောက်) (Colonel Quartermaster Staff)
      1. စစ်ထောက်ဌာန (Quartermaster Department) ၁၄+၃၆ ဦး
        1. ဦးစီးအရာရှိ(ပထမတန်း)(ရိက္ခာ/စစ်ဝတ်) (Staff Officer Grade 1 (Ration/Equipment))
          1. ရိက္ခာဌာနခွဲ (Ration Branch) ၃+၉ ဦး
          2. စစ်ဝတ်ဌာနခွဲ (Equipment Branch) ၃+၉ ဦး
        2. ဦးစီးအရာရှိ(ပထမတန်း)(လုပ်ငန်း) (Staff Officer Grade 1 (Logistics))
          1. လုပ်ငန်းဌာနခွဲ (Quartermaster Management Branch) ၃+၉ ဦး
          2. ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးဌာနခွဲ (Procurement and Storage Branch) ၃+၉ ဦး
  3. သီးခြားဌာနများ (Independent Branches)
    1. စစ်ဦးစီးမှူး(ပထမတန်း)(စစ်ဘက်ရေးရာလုံခြုံရေး) (General Staff Officer Grade 1 (Military Affairs Security))
      1. စစ်ဘက်ရေးရာလုံခြုံရေးဌာန (Military Affairs Security Department) ၇+၃ ဦး
    2. ဦးစီးအရာရှိ(ပထမတန်း)(စစ်ဆေးရေး) (Staff Officer Grade 1 (Inspection))
      1. စစ်ဆေးရေးဌာန (Inspectorate Department) ၇+၃ ဦး
    3. ဦးစီးအရာရှိ(ပထမတန်း)(ပြည်သူ့စစ်) (Staff Officer Grade 1 (Militia))
      1. ပြည်သူ့စစ်ဌာန (People's Militia Department) ၇+၃ ဦး
    4. လက်ထောက်စစ်ဥပဒေချုပ် (Assistant Judge Advocate General)
      1. စစ်ဥပဒေဌာန (Judge Advocate Branch) ၃+၆ ဦး
        1. ဒုတိယလက်ထောက်စစ်ဥပဒေချုပ် (Deputy Assistant Judge Advocate General)
        2. ဥပဒေအရာရှိ (Judge Advocate)
  4. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
    1. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး
    2. ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
  5. အခြေချစစ်ဗျူဟာအဖွဲ့များ
    1. အခြေချစစ်ဗျူဟာအဖွဲ့ရုံး
    2. ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ
  6. စစ်ဗျူဟာအဖွဲ့များ (သို့) လှုပ်ရှား စစ်ဗျူဟာအဖွဲ့များ
    • လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများ

ဖွဲ့စည်းထားပြီးသော တိုင်းစစ်ဌာနချုပ်များ

[ပြင်ဆင်ရန်]
တိုင်းစစ်ဌာနချုပ်များ၊ ၎င်းတို့၏အခြေစိုက်နေရာနှင့် တိုင်းမှူးများ[]
စဉ် အလံ တိုင်းစစ်ဌာနချုပ် ဌာနချုပ်တည်နေရာ တည်ထောင်နှစ် ပထမဆုံးတိုင်းမှူး လက်ရှိတိုင်းမှူး
၁။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်

(မပခ)

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ၁၉၄၇ ဗိုလ်မှူးချုပ် နေဝင်း ဗိုလ်ချုပ်‌အောင်ဇော်ထွေး
၂။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်

(ရမခ)

ရှမ်းပြည်နယ်လားရှိုးမြို့ ၁၉၇၂ ဗိုလ်မှူးကြီး အေးကို ဗိုလ်ချုပ်မြင့်ကျော်ထွန်း
၃။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

(ရလခ)

ရှမ်းပြည်နယ်ခိုလမ်မြို့ ၂၀၁၁ ဗိုလ်မှူးချုပ် မြထွန်းဦး ဗိုလ်ချုပ် မျိုးမင်းထွန်း
၄။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်

(ရပခ)

ရှမ်းပြည်နယ်တောင်ကြီးမြို့ ၁၉၆၁ ဗိုလ်မှူးချုပ် စန်းယု ဗိုလ်ချုပ် ဇော်မင်းလတ်
၅။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်

(ရတခ)

မွန်ပြည်နယ်မော်လမြိုင်မြို့ ၁၉၆၁ ဗိုလ်မှူးချုပ် စိန်ဝင်း ဗိုလ်ချုပ် ‌ကျော်လင်းမောင်
၆။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

(တပခ)

ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ ၁၉၄၇ ဗိုလ်မှူးချုပ် စောကြာဒိုး ဗိုလ်ချုပ် ကြည်သိုက်
၇။ အနောက်တောင်တိုင်းစစ်ဌာနချုပ်

(နတခ)

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ ၁၉၆၁ ဗိုလ်မှူးကြီး ကြည်မောင် ‌‌ဗိုလ်ချုပ် ​ဝေလင်း
၈။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်

(နပခ)

ရခိုင်ပြည်နယ်အမ်းမြို့ ၁၉၆၉ ဗိုလ်မှူးကြီး လှထွန်း ဗိုလ်ချုပ် ‌ကျော်စွာဦး
၉။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်

(နမခ)

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ ၁၉၆၁ ဗိုလ်မှူးချုပ် ကျော်မင်း ဗိုလ်ချု
၁၀။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

(လပခ)

မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ ၁၉၆၁ ဗိုလ်မှူးချုပ် သောင်းကြည် ဗိုလ်ချုပ် ‌ကျော်ကိုထိုက်
၁၁။ နေပြည်တော်တိုင်းစစ်ဌာနချုပ်

(နပတ)

နေပြည်တော် ပြည်ထောင်စုနယ်မြေနေပြည်တော်မြို့ ၂၀၀၅ ဗိုလ်မှူးချုပ် ဝေလွင် ဗိုလ်ချုပ် ​စို

င်းမ

၁၂။ ရန်ကုန်တိုင်းစစ်ဌာနချုပ်

(ရကတ)

ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့ ၁၉၆၉ ဗိုလ်မှူးကြီး သူရကျော်ထင် ဗိုလ်ချုပ် ဇော်ဟိန်း
၁၃။ တြိဂံဒေသတိုင်းစစ်ဌာနချုပ်

(တသခ)

ရှမ်းပြည်နယ်ကျိုင်းတုံမြို့ ၁၉၉၆ ဗိုလ်မှူးချုပ် သိန်းစိန် ဗိုလ်ချုပ် စိုးလှိုင်
၁၄။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်

(ကရခ)

တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့ ၁၉၉၆ ဗိုလ်မှူးချုပ် သီဟသူရ စစ်မောင် ဗိုလ်ချုပ်ပြည့်စုံလင်း

တိုင်းရင်းသားလက်နက်ကိုင်များသိမ်းပိုက်ခဲ့သော စစ်ဌာနချုပ်များ

[ပြင်ဆင်ရန်]

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးမြို့

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် ကိုးကန့်လက်နက်ကိုင်တပ်များ၊ တအောင်းလက်နက်ကိုင်တပ်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တိုက်ပွဲအတွင်း တပ်မတော်ဖက်မှ အင်အား ၁ ထောင်ကျော်ကျဆုံးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ အင်အား ၂၀၀ခန့် ကျဆုံးခဲ့သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ အာရက္ခတပ်များမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို အဖက်ဖက်မှ ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲအတွင်း အာရက္ခတပ်များဖက်မှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်ကူညီတိုက်ခိုက်ခဲ့ကြသည်။ ၂ လကြာတိုက်ပွဲအပြီးတွင် တပ်မတော်ဖက်မှ အင်အား ၁၀၀၀ ဝန်းကျင်ကျဆုံးကာ အာရက္ခတပ်များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ၁၂၀၀ ကျော်ကျဆုံးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များ ပြန်လည်လက်လွှတ်ခဲ့ရသော တိုင်းစစ်ဌာနချုပ်များ

[ပြင်ဆင်ရန်]

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးမြို့

[ပြင်ဆင်ရန်]

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဧပြီလ ၁၇ ရက်နေ့တွင် တပ်မတော်၏အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှတပ်ဖွဲ့ဝင်များ လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်ထိန်းချုပ်လိုက်ပြီး MNDAA တပ်ဖွဲ့ဝင်များမှာ ဧပြီလ ၂၂ ရက်နေ့တွင် မြို့မှဆုတ်ခွာပေးခဲ့ရသည်။ [၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. Freedom, Peace & Justice: ဗိုလ်မှူးချုပ် ကျော်ဇော ၉၀ ပြည့်ပြီ၊ တပ်မတော်သားများကို ပြည်သူ့ဘက် ရပ်တည်ရန် မွေးနေ့တွင် တိုက်တွန်း 8 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 June 2021 တွင် ပြန်စစ်ပြီး။
  2. "တော်လှန်ရေးနယ်မြေမှာ အနှစ် ၄ဝ ကျော်တဲ့ ဗိုလ်ကျော်ဇော မိသားစု"။
  3. "ဗိုလ်မှူးချုပ်ကျော်ဇော၏ ဈာပနကို အကျဉ်းချုပ်ပြုလုပ်"။
  4. တပ်မတော်သားများ ပြည်သူကို ရန်သူလို သဘော မထားရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း | ဒီရေ သတင်းများ
  5. "အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဆုပေးပွဲ ပြုလုပ်"။
  6. "ဗိုလ်ချုပ်မှူးကြီးစောမောင်ကို နဝတဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခဲ့စဉ်က"။
  7. ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်
  8. မြဝင်း။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (၁၉၄၁-၁၉၉၈)
  9. ကျော်ဇော၊ မောင် (ဇန်နဝါရီ ၂၀၂၂)။ အထွေထွေဗဟုသုတ (၂၀၂၂–၂၀၂၃)။ ရန်ကုန်: ကြယ်စင်စာပေ။ p. ၁၇၉။
  10. စစ်ကောင်စီတပ်လားရှိုးဝင်ပြီ Burma Irrawaddy (၂၂ ဧပြီ ၂၀၂၄)။ ၃ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။