တောင်ကြီးမြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
တောင်ကြီးမြို့
Taunggyi
တောင်ကြီးမြို့၏ တည်နေရာပြ မြေပုံ
တောင်ကြီးမြို့၏ တည်နေရာပြ မြေပုံ
တောင်ကြီးမြို့Taunggyi is located in မြန်မာနိုင်ငံ
တောင်ကြီးမြို့Taunggyi
တောင်ကြီးမြို့
Taunggyi
တောင်ကြီးမြို့၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ
ကိုဩဒိနိတ်: မြန်မာနိုင်ငံ 20°47′N 97°02′E / 20.783°N 97.033°E / 20.783; 97.033
နိုင်ငံ မြန်မာနိုင်ငံ
ပြည်နယ် ရှမ်းပြည်နယ်
ခရိုင် တောင်ကြီးခရိုင်
မြို့နယ် တောင်ကြီးမြို့နယ်
ထည်ထောင်ခြင်း ၁၈၉၄
ပင်လယ်ရေ မျက်နှာပြင်အမြင့် ၄၇၁၂ ပေ (၁၄၀၀ မီတာ)
လူဦးရေ
 • စုစုပေါင်း ၃၈၀,၆၆၅
 • လူမျိုးများ ဗမာတရုတ်ဗမာရှမ်းအိန္ဒိဗမာဂေါ်ရခါး
 • ကိုးကွယ်ယုံကြည်မှု ဗုဒ္ဓဘာသာ, ခရစ်ယာန်, အစ္စလာမ်
ဧရိယာကုဒ်(များ) ၀၈၁[၁]
ကွမ်ရင်စီဘုရားကျောင်း

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ တောင်ကြီးမြို့တွင် လူဦးရေ ၄ သိန်းခန့်ရှိသည်။ တောင်ကြီးမြို့သည် ရှမ်းပြည်နယ် ရုံးစိုက်ရာမြို့ ဖြစ်သော်လည်း နေထိုင်သည့် လူဦးရေအများစုမှာ ရှမ်းတိုင်းရင်းသားများ။ အင်းသားနှင့် ပအိုဝ့်လူမျိုးများ အများအပြားလည်း နေထိုင်ကြသည်။ လတ်တလောတွင်မူ တရုတ်လူမျိုး အလုံးအရင်းလိုက် ဝင်ရောက်လာကြပြီဖြစ်သည်။

သက္ကရာဇ် ၁၂၀ဝခန့်က တည်ရှိနေသော ပအိုဝ်းရွာ “ဒုံတောင်ကျည်း” ရွာရှိသည်။ ရေကန်(၄) ကန် နှင့် အင်းကြီး(၁) အင်း ရှိသည်။ အင်္ဂလိပ်အစိုးရ မိုင်းသောက်တွင် ရုံးစိုက်ရာမှ အသွားအလာ၊ ကျန်းမာရေး ကိစ္စများကြောင့် မြို့သစ်တည်ရန်အတွက် တောင်ကြီးရွာကို ရွေးချယ်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၂၅၃)ခု၊ ခရစ်နှစ်(၁၈၉ဝ)တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည်။ ပင်လယ်ရေပြင်အမြင့် (၄၇၁၂)ပေ -တောင်ကြီးမြို့တောင်ချွန်းအထိ ပင်လယ်ရေပြင်အမြင့်ပေ (၅၆၀၀) ကျော်ရှိသည်။ အရှေ့ဘက်တွင် ဟိုပုံးမြို့၊ အနောက်ဖက်တွင် ညောင်ရွှေမြို့၊ တောင်ဘက်တွင် ဆီဆိုင်မြို့၊ မြောက်ဘက်တွင် ရပ်စောက်မြို့တို့ဖြင့် ဝန်းရံလျှက်တည်ရှိသည်။ တောင်ကြီး မြို့တွင် ဗမာ၊ပအိုဝ်း၊ပလောင်၊ရှမ်း၊အင်းသား၊ဓနု၊တောင်ရိုး အစရှိသည့် တိုင်းရင်းသား များစွာ စုစည်းနေထိုင်ကြသည်။

တောင်ကြီးမြို့သမိုင်း[ပြင်​ဆင်​ရန်​]

ဗြိတိသျှကိုလိုနီခေတ်မတိုင်မီ တောင်ကြီးသည် တဲအိမ်အနည်းငယ်သာရှိသည့် ရွာငယ်လေး တစ်ရွာဖြစ်သည်။ ထိုအချိန်တွင် ပအိုဝ်းလူမျိုးများ နေထိုင်ကြသည်။ ဗြိတိသျှကိုလိုနီခေတ်ရောက်သည့်အခါ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရုံးစိုက်ရာမြို့ ဖြစ်လာသည်။ ၁၈၉၄ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် ပထဝီအနေအထားနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် ၎င်းတို့၏ ရုံးကန်ကနားများအား အင်းလေးကန် အရှေ့ဘက်ကမ်းရှိ မိုင်းသောက်မြို့မှ တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့ချိန်မှ စတင်ကာ တောင်ကြီးမြို့ ပြောင်းလဲတိုးတက်လာသည်။ တောင်ကြီးမြို့မှာ ကျယ်ပြန့်‌သော ‌တောင်ကမ်းပါးယံရှိ ကုန်းပြင်မြင့်‌ပေါ်တွင် တည်ရှိရာ မြို့၏အ‌ရှေ့ဘက်စွန်းမှ အထက်ဆီသို့ အုပ်မိုး‌နေအောင် မတ်‌စောက်‌နေ‌သော ‌တောင်ကြီးကိုအစွဲပြု၍ ‌တောင်ကြီးမြို့ဟု ‌ခေါ်‌လေသည်။ ‌တောင်ထိပ်တွင် ‌စေတီ‌တော်တစ်ဆူနှင့် ထူးခြားစွာ စွန်းထွက်‌နေ‌သော ‌ကျောက်‌ဆောင် ‌ကျောက်တုံးကြီး များရှိ‌သော‌ကြောင့် မြို့သူမြို့သားများသည် ထို‌တောင်ထိပ်သို့ မကြာမကြာ သွား‌ရောက်လည်ပတ်ကြသည်။ မြို့ကို တပ်‌မြေ ဌာနကဲ့သို့ စံနစ်တကျ တည်‌ဆောက်၍ လမ်းမကြီး လမ်းငယ် အသွယ်သွယ် ‌ဖောက်လုပ်ထားသည်။ မြို့အတွက် ‌ရေကို မြို့‌တောင်ဘက်စွန်းမှ စီးဆင်းလာ‌သော ‌ချောင်းငယ်မှယူသဖြင့် သန့်ရှင်း‌သော‌ရေကိုရသည်။ အ‌နောက်စွန်းရှိ ‌တောင်ကုန်းငယ် တွင် ဘုရားတန်‌ဆောင်းများရှိသည်။ သာစည် ‌ရွှေ‌ညောင်သွား မီးရထားလမ်းဆုံမြို့ဖြစ်‌သော ‌ရွှေ‌ညောင်မြို့နှင့် ‌တောင်ကြီးမြို့ သည် ကားလမ်းအားဖြင့် ၁၂ မိုင်‌ဝေး၍၊ ‌ခြေလျင်လမ်းအားဖြင့် ၅ မိုင်မျှသာ‌ဝေးသည်။ သာစည်မြို့မှာမူ ‌တောင်ကြီးမြို့မှ ၁၀၃ မိုင်‌ဝေးသည်။

၁၉၀၆ ခုနှစ်တွင် အိမ်ခြေပေါင်း ၁၀⁠၀၀ ခန့်ရှိခဲ့သည်။ ၁၉၀၀ ပြည့်နှစ်ဦးပိုင်းများတွင် ရှမ်းပြည်နယ်အတွင်း နယ်မြေ မငြိမ်သက်မှုများကြောင့် တောင်ကြီးမြို့သည် ဗြိတိသျှတပ်ဖွဲ့များ၏ အဓိကစခန်းဖြစ်ခဲ့သည်။ တောင်ကြီးမြို့သည်လည်း ရှမ်းပြည်နယ်၏ ရိက္ခာပံ့ပိုးရာ အချက်အချာ ဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်တည်ရှိပါသည်။ မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်(၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတဝိုက်တွင်ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။

၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင်တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သားရပါသည်။ သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင် တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကိုအခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။ ထိုဒေသမှ တစ်ဖန် ယခုတောင်ကြီးမြို့ တည်ရာ ဒေသ တဝိုက်သို့ (၁၂၅၁) ခုနှစ်ခန့်၌ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင် ပါသည်။ ထိုအချိန်ကတောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်၌ မိရဲ၊ သထုံ၊ ဝိနယ အစရှိသောပအိုဝ့်ရွာများ ရှိသည်။ ``ဝိနယ´´ဟူသော အဓိပ္ပါယ်မှာ ``မြို့ဟောင်း´´ဟူ၍ဖြစ်သည်။ ၎င်း၌ ရုံးစိုက်ပြီး နောက် (၁၈၉၄) ခုနှစ်တွင်မှ ယခုတောင်ကြီးမြို့သို့ ပြောင်းရွေ့ တည်ခြင်း ဖြစ်နိုင် ပါသည်။ ဤသို့ဆိုလျင်တောင်ကြီးမြို့၏ သက်တမ်းကား အနှစ် (၁၀၀) ကျော်ပြီဖြစ်ကြောင်း မှတ်တမ်း တင်ရမည် ဖြစ်ပါသည်။

တောင်ကြီးမြို့နေရာသည် သက္ကရာဇ် ၁၂၀၀ ခန့်လောက်က တည်ရှိနေ ခဲ့သောပအိုဝ်းရွာလေး တစ်ရွာရှိခဲ့၏။ ထိုရွာ၏ အမည်မှာ ဒုံတောင်တီ ဟုခေါ် လေသည်။ရှမ်းအသံဖြင့် တွမ်တီး ဟုခေါ်သည်။ တောင်ကျည်း၊ တွမ်းတီး ဟုမြန်မာအသံတောင်ကြီး ဟူသည်မှာ တည်ပင်နှင့် တူသော အပင်တစ်မျိုးဖြစ်ပါသည်။

အချို့သောအရပ်တွင် ကတည်ပင် ဟုလည်း ခေါ်ပါသည်။ ၎င်းအပင်ပေါက်ရာရွာဟုဆိုလိုပါ၏။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ ၊ ရှမ်းရွာ ၊မွန် ခြိန်ရွာ နှင့် ၀ါးပြားရွာ များသာ ရှိပေသည်။၎င်း အပြင် ရေကန် ၄ ကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်။ အင်္ဂလိပ် အစိုးရသည်တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃-ခု ၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင် မြို့တည်ခဲ့ပေသည်။ တောင်ကြီးရွာကို မြို့တည် ပြီးထိုရွာနှင့်တဆက်တည်းဖြစ်သော ကန်များ၊ အင်းများကိုပြုပြင်ကာတောင်ကြီးမြို့ကို မြို့တော်ဖြစ်အောင်မွန်းမံခဲ့သည်ဟု ယုဝတီမာလာသိန်းကယုဝတီ ဂျာနယ်တွင် မဟာပါသဏမုံတဝဂူလိုဏ်ဂူ ဆောင်းပါးတွင် ရေးသားထားသည်ကိုမှတ်သားရပေသည်။

မှတ်တမ်းအရဆိုပါက တောင်ကြီးမြို့ကို တည်သည်မှာ နှစ် ၁၀၀ပင်ကျော်ခဲ့လေပြီ။ သက်ကြီးရွယ်အို တစ်ဦး ၏ ပြောပြချက်အရ ၁၂၅၁ ခုနှစ်တွင်တောင်ကြီးမြို့ကို တည်သည်ဟု မှတ်သားရပြန်သည်။ ထို့ကြောင့် တောင်ကြီးမြို့တည်သည့် ခုနှစ်နှင့် ပတ်သက် ၍ဝိ၀ါဒ အမျိုးမျိုးဖြစ်နေသည်။အဖြေရှာကြည့်ရာ ၁၂၄၇-ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့အထက်မြန်မာနိုင်ငံကို သိမ်းပိုက် သဖြင့် ထိုကာလွန် ၃ နှစ်သည်နယ်ချဲ့တို့ရှမ်းပြည်ဖက်သို့တက်လာကာ မိုင်းသောက် (ညောင်ရွေမြို့နယ်) ကိုရုံးစိုက်ခဲ့သည် ကာလဖြစ်နိုင်ပေသည်။

မိုင်းသောက်ဒေသသည် ငှက်ဖျား မရှိသဖြင့် ရုံးပြောင်းရွေ့စိုက်သည့်နေရာကိုရှာဖွေ ကြပြန်ရာ ယခုတောင်ကြီးမြို့၏ အရှေ့ဘက် (ယခု ဓမ္မရတနာကျောင်း၏အရှေ့ဘက်(၂)မိုင်အကွာ) တွင် ၁၂၅၁-ခုနှစ်ခန့်၌ပြောင်းရွေ့ခဲ့ခြင်းဖြစ်နိုင်ရာသည်။ ထိုဒေသသည် ပြန့်ပြူးညီညာသဖြင့်မြို့တည်ခဲ့ခြင်းဖြစ်နိုင်ပေသည်။

ယခုတောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများပေါ်တွင် ထိုအချိန်ကပအိုဝ်းရွာများရှိရာ ၊ အင်္ဂလိပ်တို့က ထိုနေရာတွင် မြို့တည်လိုသဖြင့်အခြားသင့်တော်ရာနေရာသို့ ရွာပြောင်းခိုင်းသည်ဟုလည်း မှတ်သားရ ပေသည်။ထိုဒေသတွင် ယခင်က မီရဲ၊ သထုံ၊ ၀ိန်ယရွာများရှိရာ ၀ိန်ယသည် ပအိုဝ်းဘာသာစကားဖြင့် မြို့ဟောင်းဟု အဓိပ္ပာယ်ရသဖြင့် တောင်ကြီးမြို့ဟောင်းနေရာဖြစ်နိုင်ပေသည်။ ထိုနေရာတွင် ရုံးစိုက်ပြီးမှ ၁၈၉၄-ခုနှစ်တွင်ယခုတောင်ကြီးမြို့နေရာကို ပြောင်းရွေ့ မြို့တည်ခြင်းဖြစ် နိုင်ပေသည်။

ယခု မြို့မ စျေးကြီး နေရာသည် ယခင်ကဦးကြီးခမ်းလော် ရွာ နေရာဟောင်းဖြစ်သည်။ ထိုစဉ်က မီးရဲတွင်ပအိုဝ်းတိုင်းရင်းသား ချိုဖာထီးအုပ်ချုပ်ခဲ့ပေသည်။ ထိုအချိန်က တောအုပ်မှာတောင်ပိုင်းရပ်မှ ဦးဖိုးမင်းဖြစ်ပြီး ဦးဖိုးရင်မှာ နယ်အုပ်ဖြစ်သည်။အရေးပိုင်မှာ ဦးလူတင် ဖြစ်သည်။ ဒုံတောင်တီးခေါ် တောင်ကြီးရွာကို ဦးအောင်သာက အုပ်ချုပ်လေသည်။ ထာခယ်ရွာ (ယခု ညောင်ပင်သာ) ကို ဆရာစန္တတည်ပြီး ၊နဂါးပတ်ကျောင်း ၀န်းကျင်ကို မောင်ဖာဝမ် တည်ခဲ့သည်။

အင်းသားများ ဖြစ်သည့် ဘုရားဒါယကာညွန့် ဒါယကာကျော်တို့မှာ အင်းလေးမှအင်းသားများ (ထိုအချိန်က စော်ဘွား နှင့် မတည့်သူများ) ကို လမ်းအလုပ်သမားကူလီ များအဖြစ် ခေါ်လာ ၍ကူလီကုန်းရပ် (ယခု ကူညီကုန်းရပ်) ကိုတည်ခဲ့သည်။စျေးပိုင်းရပ်ကို ပအိုဝ်း တိုင်းရင်းသားများဖြစ်သည့် ဇရပ်ဒကာ ဦးချုံ၊ ပဉ္စင်း ဘဖြူတို့က တည်ခဲ့သည်။ ထိုအချိန်က တောင်ကြီးမြို့ပေါ်တွင်ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမတောင်ကျောင်းကြီးသာရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံးကျောင်းထိုင်ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော်ဖြစ်ပြီး ပအိုဝ်း တိုင်းရင်းသား ဖြစ်သည်ဟု မှတ်သားရလေသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

တောင်ကြီးမြို့သို့ အဓိကအားဖြင့် ကားလမ်းသာပေါက်သည်။ သို့သော်လဲ ထိုကားလမ်းမှာလဲ လမ်းပန်းဆက်သွယ်ရေးအတွက် အထူးကောင်းမွန်သည်။ တောင်ကြီးမြို့အား ဖြတ်သန်းသော ရထားလမ်းကို ၁၉⁠၉၅ ခုနှစ်မှသာ ဖောက်လုပ်ခဲ့သည်။ သို့ပေမယ့် လက်ရှိတွင် ခရီးသည်များအတွက် ဝန်ဆောင်မှုများ မရှိပါ။ ရထားနှင့် မြန်မာနိုင်ငံ အခြားဒေသများသို့ သွားရောက်လိုသော ခရီးသည်များသည် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့တွင် သွားရောက် စီးနင်းရသည်။ အနီးဆုံးလေဆိပ်မှာ ၂၄ မိုင်အကွာရှိ ဟဲဟိုးမြို့တွင် တည်ရှိသည်။

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

တောင်ကြီးမြို့တွင် မူလဒေသခံ အင်းသားနှင့် ပအိုဝ့်လူမျိုးများအပြင် ရှမ်းနှင့် ဗမာလူမျိုးများ အဓိကနေထိုင်ကြသည်။ အခြား ဒေသခံတိုင်းရင်းသားများနှင့် တရုတ်၊ မူဆလင်လူမျိုးများကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံ၏ အခြားဒေသများနည်းတူ တောင်ကြီးမြို့ခံအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဘုန်းတော်ကြီးကျောင်းများကို မြို့အနှံ့တွင် တွေ့ရှိနိုင်သည်။

ခရစ်ယာန်ဘာသာဝင် အတော်များ⁠များလည်း တောင်ကြီးမြို့တွင် နေထိုင်ကြသည်။ ရိုမန်ကသလစ်နှင့် ဘက်တစ်ဘုရားရှိခိုးကျောင်းများ ရှိသည်။ တောင်ကြီးမြို့တွင် ဗလီကျောင်းလေးကျောင်းရှိပြီး မူဆလင်အများစုမှာ မြို့ဦးဗလီ၊ အလယ်ဗလီနှင့် တောင်ဗလီသို့ သွားရောက် ဝတ်ပြုကြသည်။ ပန်းသေးတရုတ်များမှာမူ ပန်းသေးဗလီကျောင်းသို့ သွားကြလေ့ရှိသည်။ တရုတ်လူမျိုးများ ကိုးကွယ်သည့် တရုတ်ဘုရားကျောင်း အနည်းငယ်လည်း တည်ရှိသည်။

တောင်ကြီးမြို့သည် နယ်လှည့်ခရီးသည်များအကြား လူသိများ ကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ၅ ရက်လျှင် တစ်ကြိမ်ကျရောက်သည့် ဈေးနေ့တွင် ရွာနီးချုပ်စပ်မှ တောင်သူဈေးသည်များနှင့် စည်ကားသိုက်မြိုက်စမြဲဖြစ်သည်။ မြို့ပြအင်္ဂါပီပြင်လာသည့်အလျှောက် ဤအငွေ့အသက်များ တဖြည်းဖြည်း မှေးမှိန်စပြုလာပြီဖြစ်သည်။ အနီးဝန်းကျင်ရှိ ရွာများတွင်မူ စည်ကားသည့် ဈေးနေ့မြင်ကွင်းကို တွေ့ရှိနိုင်ပါသေးသည်။

တောင်ကြီးမြို့နှင့် မနီးမဝေးတွင် တည်ရှိသည့် အင်းလေးကန်တွင် တမူထူးခြားသည့် အင်းသားယဉ်ကျေးမှုကို တွေ့မြင်နိုင်သည်။ တော်သလင်းလတွင် ကျင်းပသည့် တန်ခိုးတော်ရှင် ဖောင်တော်ဦးဘုရားပွဲတော်သည် လူတိုး၍ပင်မပေါက်သည့် ဘုရားပွဲဖြစ်သည်။ ပင်းဒယဂူသည်လည်း လူသွားများသည့် နေရာတခုဖြစ်သည်။ တောင်ကြီးအနီးရှိ မွေတော်ကက္ကူဘုရားတွင် ၁၆ ရာစုတွင် တည်ထားကိုးကွယ်သော ရှေးဟောင်းစေတီပုထိုးများအား ဖူးမျှော်ကြည်ညိုနိုင်သည်။ ရွှေဘုန်းပွင့်စေတီ၊ မြစိမ်းတောင်၊ ရပ်တော်မူဘုရား၊ မုံတဝဂူ စသည်တို့မှာလည်း နာမည်ကျော် ဘုရားများဖြစ်ကြသည်။

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်နှင့်အညီ ပြည်နယ်အစိုးရရုံးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီးပညာရေးကောလိပ်တောင်ကြီးတက္ကသိုလ်နည်းပညာတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်ဆေးတက္ကသိုလ်ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက် စသည့် အရေးပါသည့် ဌာနများ၊ ရုံးများ တည်ရှိသည်။[၂]

‌တောင်ကြီးမြို့တွင် အစိုးရရုံးများ၊ အဂင်္လိပ် မြန်မာ အထက် တန်း‌ကျောင်းများ၊ မူလတန်း‌ကျောင်းများ၊ ‌ဆေးရုံ၊ ‌ဟော်နန်းနှင့် ခမ်းနား‌သော တိုက်တာအ‌ဆောက်အအုံများရှိသည်။ မြို့‌မြောက် ပိုင်းရှိ‌ဈေးကြီးမှာ အထူးပင်သန့်ရှင်းသည့်ပြင် မုန်လာ၊ မုန် ညင်း၊ အာလူး၊ ကြက်သွန်စ‌သော ဟင်းသီးဟင်းရွက်၊ လတ် ဆတ်‌သော ကြက်ဥနှင့် ‌ညောင်‌ရွှေ အင်း‌လေးဘက်မှ ငါးများကို ထို‌ဈေးကြီးတွင် ဝယ်ယူ၇ရှိနိုင်‌ပေသည်။ ၅ ရက် တစ်‌ဈေး ကျ‌ရောက်‌သော‌နေ့တွင် နယ်မှလာ‌ရောက်‌ရောင်းဝယ်ကြသဖြင့် အထူးပင် စည်ကား‌လေသည်။ ‌တောင်ကြီးမြို့မှ မြန်မာနိုင်ငံ အခြားမြို့များသို့ ကြက်သွန်ဖြူ၊ ဂျင်း၊ အာလူး၊ သနပ် ဘက်များကို မီးရထားလမ်း၊ ကားလမ်းနှင့် ‌လေ‌ကြောင်းဖြင့် တင်ပို့သည်။

အ‌ရှေ့ဘက်ရှိ ‌တောင်ကျစမ်း‌ချောင်းမှ‌ရေကို ‌ရေလှောင် ကန်ကြီး ၂ ခုမှတစ်ဆင့် ပြွန်လုံးများဖြင့် တစ်မြို့လုံး အတွက် ‌သောက်‌ရေပို့‌ပေးသည်။ ‌တောင်ကြီးမြို့၏ လူဦး‌ရေမှာ ၁၉၄၁ ခုနှစ် သန်း‌ခေါင်စာရင်းအရ ၉ ဝ၀၀ ‌ကျော်ဖြစ်သည်။ ယခုအခါမှာမူ လူဦး‌ရေ ၅ သိန်း ‌ကျော်မျှရှိမည်ဟု ခန့်မှန်းကြ သည်။

ရွှေဘုန်းပွင့် ဘုရားတောင် ပေါ်မှ မြင်ရသော တောင်ကြီးမြို့ မြင်ကွင်း
ရွှေဘုန်းပွင့် ဘုရားတောင် ပေါ်မှ မြင်ရသော တောင်ကြီးမြို့ မြင်ကွင်း

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://www.myanmars.net/myanmar/telephone-area-codes.htm
  2. http://blog.taunggyicherryland.com
  • မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)။
  • မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်