အောင်ရွှေ

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးချုပ် သရေစည်သူ[၁]

ဦးအောင်ရွှေ
Brigadier General Aung Shwe.jpg
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်သူ
တာဝန်သက်တမ်း
၂၇ စက်တင်ဘာ ၁၉၈၈
ယခင်လူစတင်တည်ထောင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၂ ဒီဇင်ဘာ ၁၉၈၉ – ၁၈ နိုဝင်ဘာ ၂၀၁၁
ယခင်လူဦးတင်ဦး
ဆက်ခံသူဒေါ်အောင်ဆန်းစုကြည်
ပြည်ထောင်စု တော်လှန်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
မသိရ – ၁၉၆၁
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး
တာဝန်သက်တမ်း
၁၉၅၅ – ၁၉၆၁
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး
တာဝန်သက်တမ်း
၁၉၅၇[၂] – မသိရ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၁၈
ကွယ်လွန်ဩဂုတ် ၁၃၊ ၂၀၁၇(2017-08-13) (အသက် ၉၈–၉၉)
ရန်ကုန်မြို့
နိုင်ငံရေးပါတီအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (၁၉၈၈–၂၀၁၁)
ဆုတံဆိပ်များလွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)၊
စည်သူ၊
သရေစည်သူ၊
နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၄၅–၁၉၆၁
ရာထူးBrigadier General Tatmadaw.gif ဗိုလ်မှူးချုပ်

ဗိုလ်မှူးချုပ် ဦးအောင်ရွှေ (၁၉၁၈ – ၁၃ ဩဂုတ် ၂၀၁၇) သည် လွတ်လပ်ရေး မော်ကွန်းဝင် တပ်မတော် အရာရှိဟောင်းတစ်ဦးနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

အဖ ဦးဖိုးကွန်း၊ အမိ ဒေါ်သိန်းတို့မှ ၁၉၁၈ ခု၊ မေလ (၁၉) ရက်တွင် ဖွားမြင်သည်။ ၁၉၄၀ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ရသည်။

စစ်မှုထမ်းဘဝ[ပြင်ဆင်ရန်]

လွတ်လပ်ရေးကြိုးပမ်းမှု[ပြင်ဆင်ရန်]

၁၉၄၂-၄၅ ခုများတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ဗမာ့မျိုးချစ်တပ်မတော်တို့တွင် ပါဝင်၍ ဗြိတိသျှနယ်ချဲ့နှင့် ဂျပန် ဖက်ဆစ်ကို တော်လှန်ခဲ့သည်။

၁၉၄၅ ခုနှစ်မှစ၍ တပ်မတော် (ကြည်း)တွင် ကိုယ်ပိုင်အမှတ် ၃၅၀၅ ဖြင့် ဗိုလ်ကြီးအဆင့်မှစ၍ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ကကစစ်တွင် ဦးစီးအရာရှိ (တတိယတန်း)၊ တပ်မဟာ (၈) တွင် ဦးစီးဗိုလ်ကြီး (ရေး)၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ၌ ဦးစီးဗိုလ်ကြီး (ထောက်)၊ ဗိုလ်မှူးအဆင့်ဖြင့် တပခတွင် ဒုလက်ထောက် စစ်ထောက်ချုပ်၊ တပ်မဟာ(၂)၌ လက်ထောက် စစ်ရေးချုပ်/လက်ထောက် စစ်ထောက်ချုပ်၊ တာဝန်ယူခဲ့သည်။

လွတ်လပ်ရေး ရပြီးခေတ်[ပြင်ဆင်ရန်]

၁၉၅ဝ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ထောက်ချုပ်၊ ၁၉၅၁ ခုနှစ်တွင် တပ်မဟာ(၅) တပ်မဟာမှူး၊ ၁၉၅၅ ခုနှစ်တွင် မပထ တိုင်းမှူး၊ ၁၉၅၇ ခုနှစ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူး ဗိုလ်မှူးချုပ်အဖြစ် တိုးမြှင့်ခြင်းခံရသည်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အတွင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ရွေးကောက်ပွဲ၌ ဘက်လိုက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဟုဆိုကာ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရာထူးခန့်ထားရေး အဖွဲ့ အစည်းအဝေးမှ ဗိုလ်မှူးချုပ်အောင်ရွှေအား တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစား ယူခွင့်ပြုခဲ့သည်။

နိုင်ငံ့ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၆၁ မှ ၁၉၇၅ အထိ မြန်မာနိုင်ငံ၏ သံအမတ်ကြီးအဖြစ် ဩစတြေးလျနှင့် နယူးဇီလန်ကို ပူးတွဲတာဝန်ယူခဲ့သည်။ ထို့အပြင် အီဂျစ်၊ ပြင်သစ် (စပိန်နှင့် ယူနက်စကိုအဖွဲ့တို့ပါ ပူးတွဲ၍) တာဝန်ယူ ခဲ့ပြီး ၁၉၇၅ တွင် အငြိမ်းစားယူခဲ့သည်။

နိုင်ငံရေးဘဝ[ပြင်ဆင်ရန်]

မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့တွင် ဗဟိုဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

၁၉၈၈ စက်တင်ဘာ ၂၇ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် တည်ထောင်ရာတွင် ဦးအောင်ရွှေသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး စည်းရုံးရေးဌာနမှူးဖြစ်ခဲ့သည်။[၃]

၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အထွေထွေအတွင်းရေးမှူး၊ ဦးအောင်ရွှေမှာ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

၂၀၀၀ ဆယ်စုနှစ် အစောပိုင်းကာလများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ နေအိမ်အကျယ်ချုပ်ကျနေစဉ်အတွင်း ပါတီကို ဦးဆောင်ခဲ့သည်။[၄] ဦးအောင်ရွှေသည် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက် ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုကြီးဖြစ်ပွားစဉ် နေအိမ်အကျယ် ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရပြီး ၂ဝဝ၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ် မြောက်လာခဲ့သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း[ပြင်ဆင်ရန်]

နိုင်ငံ့တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်အပ်နှင်းသည့် လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်)၊ စည်သူဘွဲ့နှင့် သရေစည်သူဘွဲ့ တို့ကို ရရှိခဲ့သည်။[၅]

၁၉၈ဝ ပြည့်နှစ်၊ ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်) ချီးမြှင့်ခြင်းခံခဲ့ရသည်။

မိသားစု[ပြင်ဆင်ရန်]

ဇနီးမှာ ဒေါ်တင်တင်ရွှေဖြစ်ပြီး သားသမီးများမှာ ဦးအောင်သန်းရွှေ၊ ဦးသန်းဖေရွှေ၊ ဒေါ်ယုဇနရွှေ၊ ဒေါ်မဉ္ဇူရွှေ၊ ဦးအောင်မြင့်ရွှေနှင့် ဒေါ်စံပယ်ရွှေတို့ဖြစ်သည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

အသက် ၉၉ နှစ်အရွယ် ဦးအောင်ရွှေသည် ၂၀၁၇ ခုနှစ် ဩဂုတ် ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[၂] ကွယ်လွန်ချိန်တွင် သားသုံးဦး၊ သမီးသုံးဦး ကျန်ရစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဗိုလ်မှူးချုပ် သရေစည်သူ အောင်ရွှေ(၁၉၁၈-၂ဝ၁၇)ဘီဘီစီ မြန်မာပိုင်း (၁၃ ဩဂုတ် ၂၀၁၇)။ ၁၄ ဩဂုတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်ဘီဘီစီ မြန်မာပိုင်း (၁၃ ဩဂုတ် ၂၀၁၇)။ ၁၄ ဩဂုတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
  3. http://www.mizzimaburmese.com/article/30816
  4. "Myanmar ruling party's former chairman U Aung Shwe dies" (in en)၊ Xinhua News Agency၊ 2017-08-14။ 
  5. https://www.rfa.org/burmese/news/uaungshwe-passaway-08172017025500.html