လက်ျာ၊ ဗိုလ် (ရဲဘော် သုံးကျိပ်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဗိုလ်လက်ျာ
(၁၉၁၁ - ၁၉၇၈)
BoLiteyar.jpg
မွေးသက္ကရာဇ် ၃၀ ဩဂုတ် ၁၉၁၁ ခုနှစ်၊
မွေးဖွားရာဒေသ ပျဉ်းမနားမြို့
အမည်ရင်း ကိုလှဖေ
သခင်အမည် သခင်လှဖေ
ဗိုလ်ဘွဲ့အမည် ဗိုလ်မှူးချုပ် လက်ျာ
ဂျပန်အမည် Tani Kiyoshi
မိဘအမည် ဦးစိန်သွင် + ဒေါ်ကျင်မြိုင်
နိုင်ငံသား Flag of Myanmar.png
လူမျိုး မြန်မာ
ကွယ်လွန်ရက် ၂၇ နိုဝင်ဘာ ၁၉၇၈ ခုနှစ် (ကျဆုံး)
လက်မှတ် Bo lat kyar sig.png


ရဲဘော်သုံးကျိပ်ဝင်[ပြင်ဆင်ရန်]

ဗိုလ်မှူးချုပ် လက်ျာ (ခေါ်) သခင်လှဖေသည် စကားပြော သိမ်မွေ့နူးညံ့ပြီး ရိုးကုပ်စွာ နေထိုင်လေ့ရှိသည့် ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်သည်။ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ သူ၏ညီအရင်းမှာ ဒေါက်တာလှရွှေ (နောင်အခါ အာဏာရှင် လှရွှေ) ဖြစ်သည်။ ရဲဘော်သုံးကျိပ် ဂျပန်တို့ထံမှ စစ်ပညာ သင်သောအခါ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့တပ်မတော်အား ဦးဆောင်ရန်အတွက်တာဝန်ပေးရာ ဗိုလ်မှူးချုပ်လက်ျာ သည် စစ်သားကောင်း ဖြစ်ကြောင်း သက်သေ ပြခဲ့သည်။

တို့ဗမာအစည်းအရုံးကို ဖွဲ့စည်း တည်ထောင်ခဲ့သူများအနက် ဗိုလ်လက်ျာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ထို့အပြင် ဗမာပြည် ကွန်မြူနစ်ပါတီ အပေါ်၌ သစ္စာရှိသော ထိပ်တန်း ပါတီဝင်တစ်ဦး (ဗမာပြည် ကွန်မြူနစ် ပါတီ စတင် တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပါဝင်ခဲ့သူ) လည်း ဖြစ်သည်။

ဗိုလ်လက်ျာသည် ဗမာ့ လွတ်လပ်ရေးတိုက်ပွဲအတွက် နိုင်ငံခြား အကူအညီ ရှာဖွေရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တရုတ်ပြည်သို့ ပထမဆုံး သွားခဲ့သည်။ ရဲဘော် နှစ်ယောက် ချိန်းထားသည့် အဆက်အသွယ်နှင့် လွဲပြီး သောင်တင်နေစဉ် လိုအပ်နေသည့် ရန်ပုံငွေကို ရှာဖွေခဲ့သူမှာ ဗိုလ်လက်ျာပင်ဖြစ်သည်။

ဂျပန်ပြည်၌ စစ်သင်တန်း တက်ပြီးနောက် ဗိုလ်လက်ျာကို ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည်ထဲသို့ ဝင်ရောက်ပြီး ကျေးလက် ပြည်သူများကို တော်လှန်ရေး လှုပ်ရှားမှုထဲ ပါဝင်လာအောင် လှုံ့ဆော် စည်းရုံးရန် တာဝန်ပေးခဲ့သည်။ ဗိုလ်လက်ျာနှင့်တပ်ဖွဲ့သည် မြန်မာနိုင်ငံ တောင်ပိုင်းမှ ကျေးလက် ပြည်သူများကို စည်းရုံးပြီး တပ်သားသစ်များ စုဆောင်းခဲ့သည်။

ဗိုလ်လက်ျာ
အာဏာရှင်လှရွှေ

စစ်သားဘဝ[ပြင်ဆင်ရန်]

တပ်မတော်တွင် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ဗိုလ်လက်ျာသည် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းက ဗိုလ်လက်ျာကို တပ်မတော်၏ ခေါင်းဆောင်အဖြစ် သူ့နေရာမှာ အစားထိုး တာဝန်ယူစေချင်သည်ကို လုပ်ဖော်ကိုင်ဖက်များက သိကြသည်။ ဗိုလ်လက်ျာ၏ နေရာကို ပြိုင်ဆိုင်မည့် နိုင်ငံရေး ပြိုင်ဘက်များရန်မှ ဗိုလ်ချုပ်အောင်ဆန်းက သတိဖြင့် အမြဲ ကာကွယ်ပေးခဲ့သည်။ ယင်းအချက်သည် ၁၉၄၉ ခုနှစ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသော ဗိုလ်နေဝင်း နှင့် ဗိုလ်လက်ျာတို့ အကြားတွင် ကြီးမားသော တင်းမာမှုများ ဖြစ်စေခဲ့သည်။

ဗိုလ်လက်ျာသည် နု-အက်တလီ စာချုပ် ၏ နောက်ဆက်တွဲ အဖြစ် ကာကွယ်ရေးဆိုင်ရာ လက်ျာ- ဖရီးမင်း စာချုပ် ကို ၁၉၄၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့သည်။ လက်ျာ - ဖရီးမင်း စာချုပ်သည် ဗြိတိသျှတပ်များ မြန်မာနိုင်ငံထဲ ဝင်ထွက်ခွင့်နှင့် ဗမာ့တပ်မတော်ကို စစ်သင်တန်းပေးမည့် အစီအစဉ်များ လုပ်ဆောင်နိုင်အောင် အထောက်အပံ့ ဖြစ်စေခဲ့သည့်အတွက် ဗိုလ်လက်ျာကို ဗြိတိသျှ လိုလားသူ အဖြစ် စွပ်စွဲခဲ့ကြသည်။

နိုင်ငံရေးသမားဘဝ[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရပြီးနောက် ဗိုလ်လက်ျာသည် တပ်မတော်တွင် ကြာကြာဆက်ရှိ မနေခဲ့တော့ပါ။ နောက်တနှစ် အကြာတွင် မြန်မာအစိုးရကို တိုက်နေသော ကရင်ခေါင်းဆောင်များကို ထောက်ခံနေသည်ဟု စွပ်စွဲခြင်းခံရပြီး ဗိုလ်လင်္ကျာသည် တပ်မတော်မှ နုတ်ထွက်ခဲ့ရပါသည်။ ဖဆပလ အဖွဲ့ချုပ်ထဲ ဝင်ခဲ့ပြီး နိုင်ငံရေး လုပ်ခဲ့သည်။ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။

ဗိုလ်လက်ျာသည် ၁၉၅ဝ ပြည့်လွန်နှစ်များအတွင်းတွင် လက်ျာကုမ္ပဏီနှင့် မာတဘမ်ကုမ္ပဏီတို့ကို ထူထောင်ပြီး အောင်မြင်သည့် စီးပွားရေးသမား အဖြစ်ဖြင့် နိုင်ငံခြားကို ရေထွက်ပစ္စည်း တင်ပို့သောလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ဗိုလ်လက်ျာနှင့် ချမ်းသာကြွယ်ဝကြသော သူ့မိသားစုသည် မြန်မာ့နိုင်ငံရေး နှင့် စီးပွားရေး အသိုင်းအဝန်း၌ လူသိများ ထင်ရှားပြီး ဩဇာရှိ ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသည်။

ပြည်ပြေးဘဝ[ပြင်ဆင်ရန်]

ဗိုလ်လက်ျာသည် ၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်း၏ ဖြုတ်ချအာဏာသိမ်းခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း ဦးနုကို ထောက်ခံသူ ဖြစ်သည်။ ၁၉၆ဝ ခုနှစ် နောက်ပိုင်းတွင် ဗိုလ်လက်ျာသည် တောခိုခဲ့ပြီး ဦးနု၏ ပြည်ပြေးအစိုးရနှင့် ပူးပေါင်းခဲ့သည်။ ပြည်ချစ်လွတ်မြောက်ရေး တပ်မတော်၏ တပ်မှူးတစ်ဦး ဖြစ်ခဲ့သည်။ ထိုင်းနယ်စပ်တွင် အခြေစိုက်သည့် ယင်းတပ်သည်ကေအင်ယူ နှင့် ပဋိပက္ခများ ကြားတွင်သာ တဝဲလည်လည် ဖြစ်နေခဲ့သည်။ ရန်ကုန်မြို့သို့ ချီတက်ပြီး ဗိုလ်နေဝင်းကို ဖြုတ်ချရန် အခွင့်အရေး မရခဲ့ချေ။ [၁]

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်တွင် ထိုင်းမြန်မာနယ်စပ်အနီး ပရာကျွတ်စခန်းတွင် ကေအန်ယူ ရွှေဆိုင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျဆုံးခဲ့ရသည်။ [၂]


ကိုးကား[ပြင်ဆင်ရန်]

  1. (၆၄) နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် ဧရာဝတီ မဂ္ဂဇင်း၊ ၂ဝဝ၉ မတ်လ ၂၇ ရက်၊
  2. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။