အမ်းမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အမ်းမြို့
အမ်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အမ်းမြို့
အမ်းမြို့
အမ်း တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 19°47′43″N 94°02′52″E / 19.795368°N 94.047913°E / 19.795368; 94.047913
နိုင်ငံ  မြန်မာ
ပြည်နယ် ရခိုင်
ခရိုင် ကျောက်ဖြူ
မြို့နယ် အမ်းမြို့နယ်[၁]

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ (ယခင် ကျောက်ဖြူခရိုင်တွင်ပါဝင်သည့်) အမ်းမြို့သည် အမ်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရှိလင့်ကစား၊ အမ်းတောင်ကြားလမ်းကို အကြောင်းပြု၍ ပြည်မဘက်ရှိ မြို့နယ် ခရိုင်များနှင့် ပို၍အဆက်အသွယ်များသည်။ ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမှ သင်္ဘောဖြင့် သုံးရက်နှစ်ညဉ့်အိပ် ခရီးသွားရသည်။ ယခင် ခရိုင်ရုံးစိုက်ရာ ကျောက်ဖြူမြို့မှ သင်္ဘောဖြင့် တစ်နေ့ခရီးသွားရသည်။ သို့တိုင်အောင် အမ်းမြို့သို့ တိုက်ရိုက် မရောက်သေးပေ။ အမ်းမြို့မှ ၁၂မိုင်ကွာဝေးသော စခန်းမော် သည် အမ်းမြို့၏သင်္ဘောဆိပ်ကမ်း ဖြစ်လေသည်။ စခန်းမော်မှ တစ်ဆင့် ကုန်းလမ်းခရီးဖြင့် ခြေလျင်သွားသည်က ရေလမ်းမှ လှေဖြင့်သွားသည်ထက် အရောက်မြန်လေသည်။

ပထဝီဝင်[ပြင်ဆင်ရန်]

အမ်းမြို့သည် အမ်းချောင်းပေါ်တွင်တည်ရှိသည်။ အမ်းချောင်းသည် ရခိုင်ရိုးမ၏တောင်စွယ်တစ်ခုဖြစ်သော အမ်းတောင်၌မြစ်ဖျားခံပြီးလျှင် တောင်မှမြောက်သို့စီးဆင်းသည်။ မြို့ကိုချောင်း၏တစ်ဖက် တစ်ချက်တွင်တည်ထား၍ အထက်ရွာ၊ အောက်ရွာဟူ၍ နှစ်ပိုင်းခွဲထားသည်။ အထက်ရွာကို တောင် ဘက်ရွာ၊ အောက်ရွာကို မြောက်ဘက်ရွာဟုလည်း ခေါ်သည်။ မြို့၏အလျားသည် ခြောက်ဖာလုံခန့်ရှိ၍ အနံသည်နှစ်ဖာလုံခန့် ရှိသည်။ အကြမ်းဖျင်းအားဖြင့် မြို့ပေါ်တွင် အိမ်ခြေ ၁,၃ဝဝ ခန့်ရှိ၍ လူဦးရေ ၇,ဝဝဝ ခန့်ဟု ခန့်မှန်းရသည်။ တောင်ဘက် ရွာကို အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းဟူ၍ သုံးပိုင်း ပိုင်းခြားထားလျက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ စာတိုက် စသော အစိုးရအဆောက်အအုံ များသည် တောင်ဘက်ရွာ၌ တည်ရှိကြသည်။ ထို့ပြင် အထက် ရွာတွင် အစိုးရအထက်တန်းကျောင်းတစ်ကျောင်း၊ အောက်ရွာ တွင် အလယ်တန်းကျောင်းတစ်ကျောင်းရှိသည်။ ဈေးရုံဟူ၍ သီးသန့်မရှိချေ။ ဗျပ်ထိုးခေါင်းရွက် ဈေးသည်များသာ ရှိလေသည်။

အမ်းမြို့နယ်သည် ယခင်ကျောက်ဖြူခရိုင်၏ အရှေ့ မြောက်ပိုင်း၌ တည်ရှိ၍ ကုန်းတွင်းပိုင်းကျသည်။ မြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းသည် ၂,၅၄၂ စတုရန်းမိုင်ဖြစ်၍ ကျေးရွာ အုပ်စုပေါင်း ၅၄ ခု ပါဝင်သည်။ မြို့နယ်လူဦးရေသည် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ ၆ဝ,၆၃၂ ယောက်ဖြစ်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

အမ်းမြို့သည် လေးဖက်လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင် ကုန်းတို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်း ညို့ညို့ရှိနေသဖြင့် ရှုမျှော်ခင်းသာယာသည်။ မြို့တည်နေရာသည် ပင်လယ်ကမ်းခြေနှင့် အလွန်မဝေးကွာလင့်ကစား ကုန်းမြင့်ပိုင်းကျ၍ တောင်ပတ်လည်ဝိုင်းနေသဖြင့် ဆောင်းရာသီအခါ အတော်အတန်အေး၍ နွေအခါ၌ပူသည်။ မိုးရာသီတွင်မူ မိုးများသောမြို့တစ်မြို့ဖြစ်လေသည်။

စီးပွားရေး[ပြင်ဆင်ရန်]

အမ်းမြို့နယ်သည် ယခင်ကျောက်ဖြူခရိုင်အတွင်း၌ ဆန်စပါးအထွက်ဆုံးဖြစ်သည်။ အဓိကထွက်ကုန်မှာ နှမ်းဖြစ်သည်။ မြို့နယ်အတွင်း သစ်တော ဝါးတောများလည်း ပေါများ၍ သစ်၊ ဝါးလည်း အထွက်များသည်။ ပျဉ်ကတိုးသစ်များများ ထွက်သော မြို့နယ်ဖြစ်သည်။ အခြားထွက်ကုန်များမှာ ဆေးရွက်၊ ငရုတ်၊ ဆား၊ ငါးပိ၊ ငါးခြောက် စသည်တို့ဖြစ်ကြလေသည်။

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

မြို့နယ်အတွင်း တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ချို့တဲ့သည်။ အမ်းချောင်းသည်လည်း သင်္ဘောကြီးများကို မဆိုထားဘိ အထက်ပိုင်း၌ လှေကြီးများပင် ကောင်းစွာ မသွားလာနိုင်ချေ။ ထို့ကြောင့် မြို့နယ်အတွင်းရောင်းဝယ်ဖောက်ကားရေးနှင့် ကူးသန်းသွားလာရေးအတွက် နွားများ၊ လားများကို အားထားကြရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များနှင့်မူ ရေကြောင်းဖြင့် ဆက်သွယ်ရသည်လည်းရှိသည်။ အမ်းမြို့နယ်သည် ပြည်မနှင့်အဆက်အသွယ် ပို၍များကြောင်း အထက်တွင်ဆိုခဲ့သည်။ အမ်းတောင်ကြားလမ်းသည် ပြည်မနှင့်ဆက်သွယ်ရသော နာမည်ကျော်တံခါးပေါက်ဖြစ်သည်။ ထိုတောင်ကြားလမ်းကိုဖြတ်၍ အမ်းမြို့နှင့်မင်းဘူးမြို့ကို မော်တော်ကားလမ်းဖောက်လုပ်ခဲ့ရာ ၁၉၆၄ ခုနှစ် အတွင်း၌ပြီးစီးသည်။ ထိုကားလမ်းကို အမ်းမြို့နယ်ဘက်မှ ၃၄ မိုင် ဖောက်လုပ်ခဲ့၍ မင်းဘူးဘက်မှ ၅၂ မိုင် ဖောက်လုပ်ခဲ့လေသည်။ အမ်းမြို့နယ်သည် မင်းဘူးမြို့နယ်အပြင် လက်ပံတကားမှတစ်ဆင့် သရက်မြို့နယ်နှင့်လည်းကောင်း၊ ဆော၊ ယော၊ လောင်းရှည်မြို့နယ်တို့နှင့်လည်းကောင်း အဆက်အသွယ်ရှိလေသည်။ အမ်းမြို့မှ ဆား၊ငါးပိ၊ နှမ်း၊ ငရုတ်၊ ငါးခြောက်များကို သရက်၊ မင်းဘူး၊ ပခုက္ကူတို့မှတစ်ဆင့် အထက်မြန်မာနိုင်ငံသို့ တင်ပို့၍ အထက်မြန်မာနိုင်ငံမြို့များမှ ထန်းလျက်၊ ကြက်သွန်၊ ရှားစေး၊ သနပ်ခါးတုံးများကို နွားများ၊ လားများဖြင့် ဖြစ်စေ လူထမ်းဖြင့်ဖြစ်စေ များသောအားဖြင့်သယ်ယူ၍ ရောင်းဝယ် ဖောက်ကားကြရသည်။ ယင်းသို့ နွားများ၊ လူထမ်းများဖြင့် ကူးသန်းရောင်းဝယ်မှုကို နွားဝိုင်းကျသည်၊ လူဝိုင်းကျသည်ဟု ခေါ်ဆိုကြလေသည်။

လူနေမှု[ပြင်ဆင်ရန်]

အမ်း မြို့သူမြို့သားများ၏ နောက်ကြောင်းသမိုင်းမှာ ယင်းတို့သည် အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်သောအခါ အထက်မြန်မာနိုင်ငံ မန္တလေးမြို့နှင့် အနီးအနားတစ်ဝိုက်မှ ရှောင်ခွာလာခဲ့ကြသူများ၏ အဆက်အနွယ်များဟုဆိုကြသည်။ ထို့ကြောင့် များသောအားဖြင့် မြန်မာစကားကိုပြောဆိုကြ၍ မြန်မာယဉ်ကျေးမှုထုံးတမ်းစဉ်လာကို ထိန်းသိမ်းလျက်ရှိကြောင်း တွေ့ရသည်။ အောက်ရွာဘက်၌ မြန်မာစကားနှင့် ရခိုင်စကားကို အရောရောအနှောနှော ပြောဆိုကြသည်။ မြို့နယ်အတွင်း၌ ဗုဒ္ဓ အယူဝါဒီတို့သည် အများစုဖြစ်သည်။ မြို့နယ်၏တောပိုင်းကျသော တောင်ကုန်းဒေသများတွင် ယခင်အခါက ချင်းလူမျိုးများ အနေများခဲ့လေသည်။

အမ်းမြို့နယ်အတွင်း နှစ်သက်ဖွယ်ရာ ရှေးရိုးယဉ်ကျေးမှုများကို ယနေ့တိုင် ထိန်းသိမ်းလိုက်နာလျက်ရှိသည်မှာ ချီးကျူးဖွယ်ရာပင်ဖြစ်၏။ နှစ်သစ်ကူးသင်္ကြန်အခါတွင် လူငယ် လူရွယ် ကလေးသူငယ်များသည် မိမိတို့ဆွေမျိုးညာတိ သက်ကြီးရွယ်အိုများ၊ နီးစပ်ခင်မင်ရာ သက်ကြီးရွယ်အိုများ၏ နေအိမ်များသို့ သွားရောက်၍ အနီးအနားမှရေကိုသယ်ဆောင်ပြီးလျှင် ရေအိုးရေစည်စသည်တို့တွင် ရေဖြည့်ပေးကြခြင်းဖြင့် ရေကန်တော့ကြသော အစဉ်အလာတစ်ရပ် ရှိပေသည်။

ထို့ပြင် အခြားအစဉ်အလာတစ်ရပ်လည်း ရှိသေးသည်။ မြို့နယ်အတွင်း ရွာတိုင်း၌ ဘုန်းကြီးကျောင်းများရှိရာ ကျောင်းရှိ ရဟန်းသံဃာများကို ရွာတွင်းရှိအိမ်များက တစ်လှည့်စီ တစ်နေ့ အတွက်တာ အရုဏ်ဆွမ်းနှင့်နေ့ဆွမ်းကို တာဝန်ယူကပ်လှူခြင်းဖြစ်သည်။ ဆွမ်းဝတ်ကျေသော အိမ်အနီးအနား၌ အလံစိုက်ထူထားသဖြင့် ဆွမ်းလှည့်ကျသည်ကို သိနိုင်ပေသည်။ ထိုအလံကို အိမ်စဉ်အလိုက် တစ်ရက်ပြီးတစ်ရက် ပြောင်း၍စိုက်သွားသဖြင့် ဆွမ်းဝတ်ကျမည့်ရက်ကို ကြိုတင်သိထားကြရသော ကြောင့် ကြိုကြိုတင်တင် စီစဉ်ပြင်ဆင်နိုင်ကြလေသည်။ မြို့နယ်အတွင်း ထင်ရှားသောစေတီမှာ တန်းတင်စေတီဖြစ်၍ နှစ်စဉ်တန်ခူးလ၌ ဘုရားပွဲကျင်းပလေ့ရှိသည်။ အမ်းမြို့နယ်အတွင်းရှိ ရွာပေါင်း ၃၆ ရွာမှ ငွေကြေးကောက်ခံ၍ ကျင်းပသော စုပေါင်းဘုရားပွဲတော်ဖြစ်သဖြင့် အလွန်စည်ကားသည်။ အမ်းမြို့မြောက်ဘက်ရှိ ပလောင်တောင်စေတီ၏ ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လ၌ ကျင်းပလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)