စိန်ဝင်း၊ ဗိုလ်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စိန်ဝင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် စိန်ဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
သီရိပျံချီ
စိန်ဝင်း
ဝန်ကြီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စိန်ဝင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1919-03-19)၁၉ မတ်၊ ၁၉၁၉
မော်လမြိုင်မြို့ဗြိတိသျှဘားမား
ကွယ်လွန်၂၉ ဇွန်၊ ၁၉၉၃(1993-06-29) (အသက် ၇၄)
ရန်ကုန်မြို့မြန်မာနိုင်ငံ
ကျော်ကြားမှုနိုင်ငံတော် ဝန်ကြီးချုပ်
ဆုတံဆိပ်များလွတ်လပ်ရေး စည်းရုံးမှု တံဆိပ်
လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)
နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)
သီရိပျံချီဘွဲ့

စိန်ဝင်း (၁၉၁၉- ၁၉၉၃) သည် လွတ်လပ်ရေး မော်ကွန်းဝင် အငြိမ်းစား ဗိုလ်မှူးချုပ် နှင့် အငြိမ်းစား နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်သည်။ သူသည် ၁၉၄၅ ခုနှစ် ဂျပန်တော်လှန်ရေးတွင် ဗိုလ်မှူး အဆင့်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးဗထူး တို့နှင့်အတူ ဖက်ဆစ်ဂျပန်တော်လှန်ရေးသမားတစ်ယောက် အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

သီရိပျံချီ ဦးစိန်ဝင်း ကို အဖ တိုက်ပိုင်ရဲမှူးကြီး သင်းမြိုင်၊ အမိ ဒေါ်ဖွားကြူတို့က ၁၉၁၉ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် မော်လမြိုင်မြို့ ဒညင်းကုန်းရပ် ၌ မွေးဖွားခဲ့သည်။ မွေးချင်းငါးယောက် ရှိသည့်အနက် ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် ဖခင်ကွယ်လွန်သွား၍ ထားဝယ်မြို့ အနောက်ရပ်ရှိ အဘိုးအဘွားများ နှင့်အတူ အရွယ်ရောက်သည် အထိ နေထိုင်ခဲ့သည်။

မူလတန်း ပညာကို ထားဝယ်မြို့ ဦးပြုံးရင် ကျောင်းတွင် လည်းကောင်း၊ ငါးတန်းမှ ခုနှစ်တန်း အထိ အမျိုးသမီးအလယ်တန်း နေရှင်နယ်ကျောင်း တွင်လည်းကောင်း၊ ခုနှစ်တန်းမှ ၁၀တန်းအထိ ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်း တွင် လည်းကောင်း ပညာသင်ယူသည်။ ၁၀တန်း ပထမနှစ် ကျရှုံးသဖြင့် ၁၉၃၈ခုနှစ်တွင် မော်လမြိုင်မြို့ရှိ မိခင်နှင့်အတူပြန်လည်နေထိုင်ပြီး ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း တွင် ၁၀တန်း ပညာ ဆက်လက် သင်ယူသည်။ ထိုနှစ်တွင် ဗိုလ်အောင်ကျော် သပိတ် ပေါ်ပေါက်ခဲ့ရာ ကျောင်း၏ သပိတ်မှောက် ကော်မတီတွင်ပါဝင်ပြီး ကျိုက်သံလန် သပိတ်စခန်းတွင် ခရိုင် ကော်မတီဝင် အဖြစ် ဆောင်ရွက်သည် သပိတ် လှန်ပြီးနောက် ၁၀တန်း စာမေးပွဲ ဖြေဆို အောင်မြင်သဖြင့် ထားဝယ်မြို့သို့ပြန်၍ နေထိုင်သည်။

ရဲအုပ်ဘဝ[ပြင်ဆင်ရန်]

ကိုစိန်ဝင်းသည် ၁၉၄၀ ပြည့်နှစ် တွင် ရဲအဖွဲ့သို့ ဝင်ရောက်ပြီး မန္တလေးမြို့ ရှိ ရဲအုပ် သင်တန်းကျောင်း တွင် တစ်နှစ် သင်တန်း တက်သည်။ ၁၉၄၁ခုနှစ်တွင် ရဲအုပ် သင်တန်း အောင်မြင်ပြီး ထားဝယ်မြို့တွင် အလုပ်သင် ရဲအုပ် အဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၉၄၁ခုနှစ်တွင် ထားဝယ်မြို့ ကို ဂျပန်တပ်များ သိမ်းပိုက် လိုက်သောအခါ မော်လမြိုင်မြို့သို့ ပြန်လာခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှု[ပြင်ဆင်ရန်]

ဘီအိုင်အေသို့ ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]

၁၉၄၁ ခုနှစ်တွင် ကျိုက္ခမီ မှ မုဒုံမြို့ သို့ ချီတက်လာသော ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ-အိုင်-အေ)သို့ ဝင်ရောက်ထမ်းဆောင်ခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ(သခင်လှဖေ)၏ တာဝန်ပေးချက်အရ ကော့ကရိတ်မြို့တွင် ဗမာ့ လွတ်လပ်ရေး တပ်များ ဖွဲ့စည်းစုရုံးပြီး မုဒုံသို့ ပြောင်းရွှေ့ စခန်းချကာ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သည်။ မုဒုံတွင် ဂျပန်တို့၏လက်နက် သိမ်းယူခြင်း ခံရသည်။ ဗိုလ်လက်ျာ ၏ အမိန့်ပေးချက်အရ တပ်များစုရုံးပြီး သင်္ဘောဖြင့် ရန်ကုန်မြို့ သို့ ချီတက်ခဲ့ရာ သင်္ဘောပေါ်ရောက် မှ ဂျပန်တို့က လက်နက်များ ပြန်လည် ပေးအပ်သည်။ ရန်ကုန်မြို့သို့ရောက်သောအခါ စိန့်အန်ထော်နီကျောင်းတွင် စခန်းချပြီး ရန်ကုန်မြို့ လုံခြုံရေးကို တာဝန် ယူရသည်။ စိန်ထော်နီ ကျောင်းမှ ဂေါ်ရာကုန်းသို့ တပ်များ ပြောင်းရွှေ့ ပြီးနောက် ဖျာပုံမှ တပ်များကို တာဝန်ယူ သင်တန်းပေးကာ အုပ်ချုပ်ရသည်။ ထို့နောက် အင်းစိန်ခရိုင်တပ်များကို အုပ်ချုပ်ရန် ထပ်မံ တာဝန် ပေးအပ်ခြင်း ခံရပြီး အင်းစိန်တပ်များကို စုရုံးကာ ပဲခူးမြို့သို့ ပြောင်းရွေ့ခဲ့သည်။

ဘီဒီအေ တွင် တာဝန်ထမ်းခြင်း[ပြင်ဆင်ရန်]

ကိုစိန်ဝင်းသည် ၁၉၄၂ခုနှစ်တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီ-ဒီ-အေ)အဖြစ် ပြောင်းလဲ ဖွဲ့စည်းသောအခါ ဘီ-ဒီ-အေတပ်ရင်း(၃) စက်သေနတ်ကြီး တပ်စု တပ်စုမှူး တာဝန် ထမ်းဆောင်သည်။ တပ်ရင်းများရှိ အရာရှိ(၁၀)ဦးစီ လူပေါင်း(၃၀)၊ မင်္ဂလာဒုံ- ဗိုလ်သင်တန်းကျောင်း၊ ပထမပတ် သင်တန်း တက်နေသူများ နှင့်အတူ ရွေးချယ်ခံယူ၍ သွားရောက်စစ်ပညာ သင်ယူရန်ဖြစ်သည်။ ရွေးချယ်ထားသည့် အရာရှိများကို တပ်ရင်းများတွင် စစ်ပညာများ သင်ကြားပေးလျက် ရှိသည်။ ဂျပန် အကြံပေး အရာရှိ ဒိုးအိ မှာ သူ တာဝန်ယူ ရသည့် တပ်ရင်း (၂)မှ အရာရှိ(၁၀)ဦးကို ပညာသင် အဖြစ် အားလုံး အရွေးချယ် ခံရစေချင်သည်။ စစ်ပညာများကို တပ်ရင်းတွင် ပြင်းပြင်းထန်ထန် သင်ကြားပေးခဲ့သည်။ အရာရှိများမှာ ဘီ-အိုင်-အေတွင် တပ်မှူး။ ဘီ-ဒီ-အေ၌ သုံးလိုင်းတစ်ပွင့် ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ်ခြင်း ခံရသူများကို ဂျပန် အကြံပေး အရာရှိများမှ ဂျပန်ပြည်သို့ စစ်ပညာ သင်ယူရန် စေလွှတ် လိုကြသည်။ နိုင်ငံတော် လွတ်လပ်ရေး မရရှိသေးပေ။ နံနက်ပိုင်း စစ်ပညာ သင်တန်း ပြီးသည့်အခါ နေ့လယ်တွင် သင်တန်းသား အရာရှိ ၃၀ မှ ပျဉ်းမနား ဗမာ့ကာကွယ်ရေး တပ်မတော် စစ်ဌာနချုပ်၌ ဂျပန်စာ သင်ယူခဲ့ရသည်။ ဗိုလ်ကြီး စိန်ဝင်းသည် သင်တန်းသား ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဂျပန်စာ သင်ကြား ပို့ချပေးသူမှာ ဗိုလ်မှူးအဆင့်ရှိ ဂျပန်ကြံပေးအရာရှိဖြစ်သည်။ ပျဉ်းမနားမြို့တွင် စစ်သင်တန်းများ ပြီးသည့်အခါ တပ်ရင်း (၂) ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ရန်ကုန်မြို့၊ သိမ်ဖြူလမ်း ဝန်ကြီးများရုံး နှင့် မျက်နှာချင်းဆိုင် အထက်တန်းကျောင်း အဆောက်အအုံရှိ ဦးဉတ္တမ - ဂတ်ကော ဂျပန်ဘာသာ စာသင် ကျောင်းကြီးတွင် အရာရှိ ၃၀ အား အထူး အစီအစဉ် အရ ထိုကျောင်းကြီးတွင် ဂျပန်စာ အချိန်ပြည့်သင်ခဲ့ရသည်။ [၁] တပ်ရင်း(၂)မှ တပ်ခွဲမှူး မှာ ဖက်ဆစ်တော်လှန်ရေးတွင် အထက်ဗမာပြည်တိုင်းမှူး၊ ရှမ်းပြည်နယ်တောင်ပိုင်း၌ ကျဆုံးသွားသူ အောင်ပန်းမြို့တွင် အထိန်းအမှတ်ကျောက်တိုင် စိုက်ထူ ဂုဏ်ပြုခံရသူ၊ စစ်ကျောင်းကြီးများ ရှိနေ သည့်တပ်နယ်ကို ဗထူးတပ်မြို့ ဟု သတ်မှတ် ဂုဏ်ပြုခံရသော ဗိုလ်မှူး ဗထူး ဖြစ်သည်။ ဗိုလ်ကြီး စိန်ဝင်းသည် ထိုပုဂ္ဂိုလ် နှင့် ဗမာ့ လွတ်လပ်ရေး တပ်မတော် တွင် ထားဝယ်မြို့ မှ လိုက်ပါ လာခဲ့သည်။

ပျဉ်းမနား မြို့တွင် သင်တန်း တက်ပြီးနောက် ရခိုင်ရိုးမ သို့ ပြည်မြို့ မှ တစ်ဆင့် တပ်ရင်း တစ်ခုလုံး ချီတက်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၄၄ ခုနှစ် တွင် ပျဉ်းမနားမြို့ ၌ ဘီ-ဒီ-အေ တပ်ရင်း(၆) ဖွဲ့စည်းခဲ့ရာ စက်ကလေး သေနတ်ကြီး တပ်ခွဲ တပ်ခွဲမှူး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ၁၉၄၅ခုနှစ်တွင် တပ်ရင်းမှူး အဖြစ် တိုးမြှင့် ထမ်းဆောင်ပြီး ပျဉ်းမနားမြို့ မှ သရက်မြို့ သို့ တပ်ရင်း ပြောင်းရွေ့သည်။ သရက် အနောက်ခြမ်း ကမ္မ၊ သရက်၊ မင်းလှ၊ မင်းတုန်းမြို့များတွင် ဖက်ဆစ် တော်လှန်ရေး အတွက် စည်းရုံး လှုပ်ရှားမှု များပြုလုပ်သည်။

ဖက်ဆစ် တော်လှန်ရေး[ပြင်ဆင်ရန်]

သရက်မြို့တွင် ၁၉၄၅ခုနှစ်၊မတ်လ ၂၇ ရက်နေ့၌ ဖက်ဆစ် တော်လှန်ရေး စတင်ဆင်နွဲသည် တော်လှန်ရေး တွင် ဗိုလ်ချုပ်အောင်ဆန်း က ဗိုလ်မှူး အဆင့်သို့ တိုးမြှင့်ပေးသည်။ ဖက်ဆစ် တော်လှန်ရေး ဆင်နွဲနေစဉ် ဗိုလ်ချုပ် အောင်ဆန်းနှင့် မဟာမိတ်တပ်များ တွေ့ဆုံရေးကို ဗိုလ်မှူး စိန်ဝင်း မှ တာဝန်ယူ ဆောင်ရွက် ခဲ့ပြီးနောက် ဖက်ဆစ်ဂျပန်များကို တိုက်ထုတ်ရန် နတ်တလင်းမြို့သို့ တပ်များ ပြောင်းရွေ့၍ နတ်တလင်း အရှေ့ဘက်စမ်းကြီး၊ ဓမ္မငယ်၊ ကန်စု စစ်မျက်နှာကို တာဝန်ယူပြီး ပဲခူးရိုးမ အနောက်ခြမ်း စစ်ဆင်ရေး ကို ကွပ်ကဲခဲ့သည်။ ဖက်ဆစ်များ စစ်တောင်းသို့ ဆုတ်ခွာသောအခါ ဘီ-ဒီ-အေတပ်ရင်း(၆)ကို ဦးစီးပြီး ပဲခူးရှိ တိုင်းအမှတ်(၄)နှင့် ပူးပေါင်းခဲ့သည်။ စစ်တောင်းမြစ် စစ်မျက်နှာ တွင် ညောင်ကိုင်၊ ကဒွတ်၊ ဘိုးစပ္ပါယ်၊ ကျုံရဲ၊ ဗိုလ်ကတော် တို့ကို စစ်မျက်နှာ တစ်ခု အဖြစ် တာဝန် ယူခဲ့ရသည်။ ထို စစ်မျက်နှာ တွင် ဘီ-ဒီအေတပ်ရင်း(၆) ကို တပ်ရင်း (၁၀၆) မျိုးချစ် ဗမာ့တပ်မတော် ဟု ပြင်ဆင်ဖွဲ့စည်းသည်။

ဗိုလ်ကြီး အဆင့်ဖြင့် တပ်ရင်း(၆)တပ်ရင်းမှူး တာဝန်ထမ်းဆောင် စဉ် ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် တိုင်း(၇)စစ်ဌာနချုပ် စခန်းချရာ အာလံ(မြေထဲ)မြို့နယ်၊ ပြလို့ရွာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ တိုင်း(၇)တိုင်းမှူး ဗိုလ်မှူးအောင်(သခင်စံလှိုင်)၊ တပ်ရင်း(၂) တပ်ရင်းမှူး ဗိုလ်ကြီးစန်းယု တို့နှင့် အတူ ဖက်ဆစ် တော်လှန်ရေး ပြင်ဆင်မှု များကို ဆွေးနွေးခဲ့ကြသည်။ [၂] ဗိုလ်ကြီးစိန်ဝင်း သည် မတ်လ ၂၇ ရက်နေ့ နံနက်(၇)နာရီခန့်တွင် သရက်မြို့ အစွန်ရှိ တပ်ရင်း(၆) စစ်ဌာနချုပ် တွင် ဗိုလ်မှူးအောင်၊ ဗိုလ်ကြီးစိန်မှန်၊ တပ်ရင်း(၂)တပ်ရင်းမှူး ဗိုလ်စန်းယု တို့နှင့်အတူ မတ်လ ၂၇ ရက်နေ့ည၌ ဖက်ဆစ် ဂျပန်တို့အား စတင်တော်လှန်မည့် အစီအစဉ် နှင့် တပ်ရင်း/တပ်ခွဲများ ချီတက်ကြမည့်အစီအစဉ်၊ တပ်ချထားမည့် စခန်းများ နှင့် တိုက်ပွဲများ စတင်သည့် အစီအစဉ် တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းများအဆက်အသွယ်မပြတ်ရေး ရန်သူ့သတင်းများ အလျင်အမြန်ပို့ရေး နှင့် ပြည်သူလူထု အား ဖက်ဆစ် တော်လှန်ရေး နှင့် ပတ်သတ်၍ ဝါဒဖြန့်ချိ လှုံ့ဆော်ရေး အစီအစဉ်များ၊ ရပ်ရွာကာကွယ်ရေး နှင့် အုပ်ချုပ်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ၁၉၄၅ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ကြီးစိန်ဝင်း ဦးစီးသည့် တပ်ရင်း(၆)သည် ညနေ ၃ နာရီအချိန်တွင် မင်းတုန်နယ် သို့ ချီတက်ခဲ့သည်။ ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မင်းတဲရွာ ဘုန်းကြီးကျောင်း နှင့် အနီးအနားရှိ ချောင်းပြင်တွင် ရပ်နားခဲ့ပြီးနောက် တပ်ရင်း(၆)မှ ဂျပန် အကြံပေး အရာရှိ(၂)ဦးနှင့် တပ်ကြပ်ကြီး(၃)ဦး၊ တပ်ကြပ်(၁)ဦး တို့အား ဖမ်းဆီးရာ အဖမ်းမခဲ့ဘဲ ခုခံသဖြင့် ပစ်ခတ် သုတ်သင်ခဲ့ရသည်။မင်းတဲမှ ဆက်လက်ချီတက်ခဲ့ရာ မတ်လ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် တွင်းလယ်သို့ ရောက်ရှိ ရပ်နားခဲ့ပြီး ဖက်ဆစ် ဂျပန်တို့အား တိုက်ခိုက်ရန် တပ်ဖြန့်ခဲ့သည်။ ဗိုလ်ကြီးစိန်ဝင်း ဦးစီးသည် တပ်ရင်း(၆)သည် သရက်စခန်းသို့ဆက်လက်ချီတက်ခဲ့ပြီး ည၁၁ နာရီ အချိန်တွင် ပင်းအိုင် စခန်းတွင် တပ်စခန်းချခဲ့သည်။ မတ်လ ၃၁ ရက်နေ့တွင် တိုင်းမှူး ဗိုလ်မှူးအောင်၊ ဒုတိုင်းမှူး ဗိုလ်ကြီး စိန်မှန် တို့နှင့်အတူ ဗိုလ်ကြီးစိန်ဝင်းသည် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းထံသို့ သွားခဲ့ကြသည်။ ဧပြီလ ၄ ရက်နေ့တွင် ဗိုလ်ကြီး စိန်ဝင်း ဦးစီးသည် တပ်ရင်း(၆)သည် ပင်းအိုင်စခန်းမှ ပုဏ္ဏားရွာ သို့ ပြောင်းရွှေ့ခဲ့သည်။ ဧပြီလ ၁၆ ရက်နေ့တွင် ရန်သူ(၃၀၀)ခန့် မင်းကုန်းမှ သရက်ဘက်သို့ ချီတက်လာကြရာ ညောင်ငယ်ရွာ တွင် ရှိသော တပ်ရင်း(၆) စက်ကြီးတပ်ခွဲမှ အရာခံတပ်ကြပ် ချစ်ထွန်းနှင့် ရဲဘော်တစ်ယောက် တို့သည် ဧရာဝတီ မြစ်ကြောင်း အတိုင်း အထက်မှ စုန်ဆင်းလာသော ရန်သူ လှေတစ်စင်းကို ကမ်းပါးပေါ်မှ ပစ်ခတ် တိုက်ခိုက်ရာ ရန်သူ လှေတစ်စင်း နှစ်မြှုပ်၍ လှေပေါ် ပါလာသော ဂျပန်(၃၀)ခန့်ကျဆုံးခဲ့သည်။ ဧပြီလ ၂၅ ရက်နေ့တွင် ဗိုလ်ကြီးစိန်ဝင်း ဦးစီးသော တပ်ရင်း(၆) စစ်ဌာနချုပ် စခန်း ပုဏ္ဏားရွာ တွင် တပ်မှူးများ အစည်းအဝေး ကျင်းပခဲ့သည်။[၃]

အစည်းအဝေး သို့ တိုင်း(၇)တိုင်းမှူး ဗိုလ်မှူးအောင်၊ ဗိုလ်ကြီးစိန်မှန်၊ တပ်ရင်း(၂)တပ်ရင်းမှူး ဗိုလ်စန်းယု၊ တပ်ရင်း(၆)တပ်ရင်းမှူး ဗိုလ်ကြီးစိန်ဝင်း စသည်တို့တက်ရောက်ခဲ့သည်။ ဧပြီလ ၂၇ ရက်နေ့တွင် တွင်းလယ် စခန်းတွင် တပ်ရင်း(၆)တပ်ခွဲ(၁)မှ ကင်းထောက်လာသော ရန်သူ(၇)ယောက်နှင့် တို့ တွေ့ဆုံ တိုက်ခိုက်ခဲ့ရာ ရန်သူ(၅)ယောက်ကျဆုံးခဲ့သည်။ မေလ ၇ ရက်နေ့တွင် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်း နှင့်အဖွဲ့၊ ဗိုလ်ကြီး စိန်ဝင်း၏ တပ်ရင်း(၆) စစ်ဌာနချုပ် စခန်း ပုဏ္ဏားရွာသို့ ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အမိန့်အရ အထက်မင်းဘူး၊ မင်းလှနယ် စစ်ရေး အခြေအနေ နှင့် စက်မှုလက်မှု တပ်ရင်း(၂)၏ လှုပ်ရှားမှု အခြေအနေများ ကို သိရှိရန် တပ်ရင်း(၆)စစ်ဌာနချုပ်မှ တပ်စိတ် တစ်စိတ် ကို ဗိုလ်ထွန်းတင် ဦးစီးစေပြီး မင်းဘူးနယ် သို့ စေလွှတ် ထောက်လှမ်းစေခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဇွန်လကုန်တွင် ဗိုလ်ကြီးစိန်ဝင်း ဦးစီးသည့် တပ်ရင်း(၆)သည် တိုင်း(၇)စစ်ဌာနချုပ် လက်အောက်မှ တိုင်း(၄)စစ်ဌာနချုပ် လက်အောက်၊ ပဲခူး စစ်မျက်နှာ သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် ခဲ့ရသည်။

ဗမာ့ သေနတ်ကိုင် တပ်ရင်းတွင် တာဝန်ထမ်းခြင်း[ပြင်ဆင်ရန်]

ဦးစိန်ဝင်း သည် ကန္ဒီ စာချုပ်အရ ဗမာ့တပ်မတော် ပြန်လည် ဖွဲ့စည်းသောအခါ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဒုဗိုလ် အဆင့်ဖြင့် စစ်ရုံးချုပ် တွင် ဌာနခွဲ အရာရှိ အဖြစ် တာဝန် ပေးအပ်ခြင်းခံရသည်။ [၄] ဆက်လက်၍ ဗမာ့ သေနတ်ကိုင် တပ်ရင်း (၃)တွင် တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ သန်လျင်မြို့တွင် စခန်းချနေစဉ် အတွင်း တပ်ခွဲ(၃) ကို ဦးစီး၍ ဒေးဒရဲဖျာပုံသို့ ပြောင်းရွေ့တာဝန်ယူရသည်။ ၁၉၄၆ခုနှစ်တွင် ကလောမြို့၌ အရာရှိငယ် သင်တန်း တက်ရောက် သည်။ ဆက်လက်၍ ဗိုလ်ကြီး အဆင့်ဖြင့် ဗမာ့ သေနတ်ကိုင် တပ်ရင်း(၃)တွင် ဒုတပ်ခွဲမှူး တာဝန် ထမ်းဆောင်သည်။ ၁၉၄၇ခုနှစ်တွင် စစ်ဦးစီး တက္ကသိုလ် သို့ တက်ရောက်ပြီး ဗိုလ်မှူး အဆင့်ဖြင့် ဗမာ့ သေနတ်ကိုင် တပ်ရင်း (၃)တွင် တပ်ခွဲမှူး တာဝန် ပေးအပ်ခြင်း ခံရသည်။လွတ်လပ်ရေး ပေးရန် တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်သောအခါ သန်လျင်မြို့သို့ ပြန်၍ တပ်စုရုံးသည်။ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသော အခါ ရန်ကုန်သို့ တပ်များ ပြောင်းရွေ့ပြီး ရန်ကုန်မြို့ လုံခြုံရေးကို တာဝန်ယူရသည်။ ၁၉၄၇ခုနှစ်တွင် စစ်ရဲတပ်များ ဖွဲ့စည်းရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာန သို့ ဗိုလ်မှူး အဆင့်ဖြင့် အထူးအရာရှိ အဖြစ် ပြောင်းရွေ့ ထမ်းဆောင်ခဲ့သည်။

လွတ်လပ်ရေး ရပြီးခေတ် ကြိုးပမ်းမှု(၁၉၄၈-၁၉၈၅)[ပြင်ဆင်ရန်]

၁၉၄၈-၁၉၆၂ အတွင်းကြိုးပမ်းမှု[ပြင်ဆင်ရန်]

ဦးစိန်ဝင်းသည် ၁၉၄၈ခုနှစ်၊ လွတ်လပ်ရေးရပြီး ခြေလျင်တပ်များ ဖွဲ့စည်းသောအခါ မင်္ဂလာဒုံရှိ ခြေလျင်တပ်ရင်း(၁)တွင် ဗိုလ်မှူးအဆင့်ဖြင့် ဒုတပ်ရင်းမှူး တာဝန် ပေးအပ်ခြင်းခံရသည်။ ကရင် သောင်းကျန်းသူ များ ထကြွ ပုန်ကန်ချိန်တွင် အင်းစိန်တိုက်ပွဲစာဗူးတောင်းတိုက်ပွဲ များ၌ ပါဝင် တိုက်ခိုက်ခဲ့သည်။ ၁၉၄၈ခုနှစ်တွင်ပင် ဒုဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခြင်းခံရပြီး ခြေလျင်တပ်ရင်း(၁) တပ်ရင်းမှူးတာဝန် ဆက်လက် ထမ်းဆောင်သည်။ ၁၉၅၀ပြည့်နှစ်၊ ဇန်နဝါရိလ ၂၀ ရရက်နေ့တွင် ပထမအကြိမ် တပ်မှူးများညီလာခံ ၌ တပ်ရင်းမှူး တာဝန်ထမ်းဆောင်စဉ် တက်ရောက်ခဲ့သည်။[၅] ၁၉၅၁ခုနှစ် တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ၌ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် လည်းကောင်း၊ ၁၉၅၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ခြေမြန် တပ်မဟာ(၃)မှူးအဖြစ်လည်းကောင်း တပ်မှူးညီလာခံသို့ တက်ရောက် ခဲ့သည်။၁၉၅၂တွင် တန်းမြင့် အရာရှိ သင်တန်းတက်ရန် အင်္ဂလန် နိုင်ငံသို့ သွားရောက်ခဲ့ သည်။ ၁၉၅၃ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့်ခံရပြီး တပ်မဟာ(၂)တပ်မဟာမှူး တာဝန် ထမ်းဆောင်သည်။ ၁၉၅၆ ခုနှစ် တွင် ပိုင်းလော့ သင်တန်းတက်ရန် ထိုင်းနိုင်ငံ သို့ သွားရောက်ခဲ့သည်။ ၁၉၅၇ခုနှစ်တွင် တပ်မဟာ(၄) တပ်မဟာမှူးအဖြစ်လည်းကောင်း၊ ၁၉၅၈ခုနှစ်တွင် စစ်ရုံးချုပ်၌ တွဲဖက် စစ်ထောက်ချုပ် အဖြစ်လည်းကောင်း ထမ်းဆောင်သည်။ ဦးစိန်ဝင်းသည် ၁၉၅၈ခုနှစ်၊ အိမ်စောင့်အစိုးရ လက်ထက်တွင် အိုးအိမ်ဌာန၊ လမ်းဌာနနှင့် ပြန်လည်ထူထောင်ရေးဌာနများ၌ ဒုတိယ ဉက္ကဌ တာဝန် ထမ်းဆောင် ခဲ့သည့်အပြင် စစ်ပစ္စည်းကြီးကြပ် ရေးအဖွဲ့ဉက္ကဌ နှင့် တွဲဖက် စစ်ထောက်ချုပ် တာဝန်များ ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရသည်။ ၁၉၆၁ ခုနှစ် တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင် နေရာမှ ဗိုလ်မှူးချုပ် အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ စစ်တိုင်းများ ပြန်လည်ဖွဲ့စည်းသောခါ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်သည်။

၁၉၆၂-၁၉၇၁ အတွင်းကြိုးပမ်းမှု[ပြင်ဆင်ရန်]

၁၉၆၂ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်း တာဝန်ယူသောအခါ တော်လှန်ရေး ကောင်စီအဖွဲ့ဝင် ဖြစ်လာသည်။[၆] ၁၉၆၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း တိုင်းမှူးအနေဖြင့် တပ်မှူး ညီလာခံတက်ရောက်ခဲ့သည်။[၇] ၁၉၆၃ ခုနှစ် တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ပါတီစည်းကမ်း ထိန်းသိမ်းရေး ကော်မတီဝင် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်သည်။ ၁၉၆၄ခုနှစ်တွင် တော်လှန်ရေး အစိုးရအဖွဲ့ ပြည်သူ့လုပ်ငန်း နှင့်အိမ်ရာ ဆောက်လုပ်ရေး ဌာန တာဝန်ခံ(ဝန်ကြီး)အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ၁၉၇၁ခုနှစ်၊ ပထမအကြိမ် ပါတီ ညီလာခံ တွင် ပါတီ လုပ်ငန်း စိစစ်ရေး ကော်မတီ ဉက္ကဌ အဖြစ် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်းခံရသည်။

နိုင်ငံတော် ဝန်ကြီးချုပ်[ပြင်ဆင်ရန်]

ဝန်ကြီး အဖွဲ့ဝင်များအား တပ်မတော် မှ အငြိမ်းစား ယူခွင့်ပြုရေးမူအရ ၁၉၇၂ ခုနှစ် ၊ ဧပြီလ ၂၀ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး တာဝန် ဆက်လက် ထမ်းဆောင်သည်။ ၁၉၇၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် ထားဝယ်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ပထမ အကြိမ် ပြည်သူ့လွတ်တော် အစည်းအဝေးက နိုင်ငံတော် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၁၉၇၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် နိုင်ငံတော် ဝန်ကြီးချုပ် အဖြစ် အနားယူပြီး ၁၉၇၇ခုနှစ်၊ ဩဂုတ်လတွင် ပြည်သူ့လွှတ်တော်၏ နိုင်ငံတော် ကောင်စီဝင် အဖြစ် ရွေးချယ်သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ တွင် နိုင်ငံတော် ကောင်စီဝင် အဖြစ်မှ အငြိမ်းစားယူခဲ့သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း[ပြင်ဆင်ရန်]

နိုင်ငံ့တာဝန်များကို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်အပ်နှင်းသည့် စည်သူတံဆိပ်သီရိပျံချီဘွဲ့အရေးတော်ပုံတံဆိပ်လွတ်လပ်ရေး စည်းရုံးမှု တံဆိပ်လွတ်မြောက်ရေး တံဆိပ်လွတ်လပ်ရေး မော်ကွန်းဝင်(ပထမဆင့်)နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)တို့ကို ရရှိခဲ့သည်။[၈]

ပြည်ပခရီးများ[ပြင်ဆင်ရန်]

ဦးစိန်ဝင်း သည် နိုင်ငံတော် တာဝန်အရပ်ရပ်ကို ထမ်းဆောင်နေစဉ် အတွင်း နိုင်ငံခြား တိုင်းပြည်များသို့ တာဝန်ဖြင့် အကြိမ်ကြိမ် သွားရောက်ခဲ့သည်။

  • ၁၉၅၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊
  • ၁၉၅၈ ခုနှစ်တွင် ဟောင်ကောင်ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံ များသို့ လည်းကောင်း၊
  • ၁၉၅၉ ခုနှစ်တွင် အစ္စရေးနိုင်ငံနှင့် ဂျာမဏီ နိုင်ငံသို့လည်းကောင်း၊
  • ၁၉၆၀ ခုနှစ်တွင် အမေရိကန်
  • ၁၉၆၄ ခုနှစ်တွင် အိန္ဒိယ နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံများ သို့လည်းကောင်း၊
  • ၁၉၆၈ ခုနှစ်တွင် စင်ကာပူ နိုင်ငံနှင့် မလေးရှား နိုင်ငံ များသို့လည်းကောင်း၊
  • ၁၉၇၂ ခုနှစ်တွင် အမေရိကန် နိုင်ငံသို့လည်းကောင်း၊
  • ၁၉၇၅ ခုနှစ်တွင် နီပေါ နိုင်ငံ သို့လည်းကောင်း၊
  • ၁၉၇၆ ခုနှစ်တွင် သီရိလင်္ကာ နိုင်ငံ သို့ လည်းကောင်း သွားရောက်ခဲ့သည်။

မိသားစု[ပြင်ဆင်ရန်]

၁၉၄၃ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် မန္တလေးမြို့နေ ဗိုလ်ကြီးဘဖေ၊ ဒေါ်မုန်းတို့၏သမီး ဒေါ်မြရွှေနှင့် လက်ထပ်ခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော် တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော အငြိမ်းစား ဗိုလ်မှူးချုပ်၊ အငြိမ်းစား နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အငြိမ်းစား နိုင်ငံတော် ကောင်စီဝင် ဦးစိန်ဝင်းသည် ၁၉၉၃ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန် ခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်မြရွှေ နှင့်

  1. ဦးဖုန်းမင်းခေါင်+ဒေါ်အေးအေးသွယ်၊
  2. ဦးတင့်မင်းခေါင်+ဒေါ်မြင့်မြင့်အေး၊
  3. ဦးဌေးမင်းခေါင်၊
  4. ဦးကြည်မင်းခေါင်+ဒေါ်ဇင်မာအောင်၊
  5. ဦးသန့်မင်းခေါင်၊
  6. ဒေါ်မီမီဖိုးသာ၊
  7. ဦးအောင်မင်းခေါင်၊
  8. ဒေါ်ခင်ဦးလွင်၊
  9. ဒေါ်အေးအေးလွင် တို့ကျန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  • မင်းမင်းစိုး၊ ဝိဇ္ဇာဘွဲ့ (ဉပဒေ) (၂၀၀၆). ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ နှင့် ဝန်ကြီးချုပ်များ အတ္ထုပ္ပတ္တိ (၁၉၄၈ ခုနုစ် မှ ၁၉၈၈ခုနှစ် အထိ). ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန။ 

ရည်ညွန်း[ပြင်ဆင်ရန်]

  1. မကွေးမြင့်မောင် တပ်မတော် စစ်သည်တစ်ဦး၏ မှတ်တမ်းများ။ (ရန်ကုန်၊ ဝင်းစာပေ၊ ၁၉၉၉) စာ ၂၄၂။
  2. သခင်တင်မြ၊ ဖက်ဆစ်တော်လှန်းရေး ဌာနချုပ် နှင့် တိုင်း (၁၀) တိုင်း။ ၃ -ကြိမ်။ (ရန်ကုန်၊ မဟာနန္ဒ စာပေ၊ ၁၉၇၆) စာ ၃၃၄။
  3. မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(ဒုတိယတွဲ)၊ ၁၉၄၅ ဖက်ဆစ် တော်လှန်ရေးကာလ။ တ-ကြိမ်။ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၉) စာ ၇၇။
  4. မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(တတိယတွဲ)၊ ၁၉၄၅ − ၁၉၄၈ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၅) စာ ၆၀
  5. မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(စတုတ္ထတွဲ)၊ ၁၉၄၈ − ၁၉၆၂ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၆) စာ ၁၃၃။
  6. မြဝင်း၊ တပ်မတော် ခေါင်းဆောင်များ သမိုင်းအကျဉ်း (၁၉၄၁ မှ ၁၉၉၀ ပြည့်နှစ်အထိ)။ ၃ကြိမ် ရန်ကုန်၊ သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း ၊ ၁၉၉၂။ စာ ၃၁။
  7. မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(ပဉ္စမတွဲ)၊ ၁၉၆၂ − ၁၉၇၄ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၉) စာ ၁၂၃။
  8. မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်၊ ၁၉၉၄ (ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၉၄) စာ ၁၈၆