ပါစိတ်
ပါစိတ် (ပါဠိ: ပါစိတ္တိယ; Pācittiya ) သည် ထေရဝါဒဗုဒ္ဓဘာသာရှိ ဝိနည်းငါးကျမ်းထဲမှ ဒုတိယမြောက်ကျမ်းစာဖြစ်သည်။[၁] ဝိနည်းပိဋကတ်ကို သင်္ဂါယနာတင်သောပုံစံဖြင့် ဘိက္ခုဝိဘင်း၊ ဘိက္ခုနီဝိဘင်း၊ မဟာဝဂ်၊ စူဠဝဂ်၊ ပရိဝါ ဟူ၍ ပိုင်းခြားပြီး ကျမ်းစာအနေဖြင့် ပါရာဇိကဏ်၊ ပါစိတ်၊ မဟာဝဂ်၊ စူဠဝါ၊ ပရိဝါ ဟူ၍ ပိုင်းခြားထားကြသည်။ ပါစိတ်ပါဠိတော်ကျမ်းကို ဘိက္ခုဝိဘင်းမှ ပါစိတ္တိယ၊ ပါဋိဒေသနီ၊ သေခိယ၊ အဓိကရဏသမထ စသည့်အပိုင်းကြီး လေးပိုင်း၊ ဘိက္ခုနီဝိဘင်းမှ အပိုင်းအားလုံးကို ပေါင်းစပ်၍ ပါစိတ်ကျမ်း (သို့) ပါစိတ္တိယကျမ်းအဖြစ် ဖွဲ့စည်းထားသည်။ ထို့ကြောင့် ဤကျမ်းတွင် ရဟန်းတို့ကျင့်သုံးလိုက်နာရသည့် (၂၂၇) သိက္ခာပုဒ်များထဲက အချို့အဝက်ပါရှိပြီး ဘိက္ခုနီခေါ် ရဟန်းမများအတွက် ဝိနည်းစည်းကမ်း (၃၁၁) (သို့) (၃၀၄) သိက္ခာပုဒ်များလည်း ပါရှိသည်။[၂]
ဤကျမ်းတွင် ရဟန်းယောင်္ကျား(ဘိက္ခု)တို့အတွက် ပါစိတ္တိယကဏ္ဍ-ကုသိုလ်စိတ်မှလျောကျစေတတ်သော သိက္ခာပုဒ်အမျိုးအစား (၉၂) မျိုးနှင့် ပါဋိဒေသနီယကဏ္ဍ၊ သေခိယကဏ္ဍတို့ပါဝင်သည်။ ဤ ကျမ်းတွင် ရဟန်းယောင်္ကျား(ဘိက္ခု)များအတွက် စည်းမျဉ်းများနှင့် နောက်ပိုင်းတွင် ရဟန်းမ(ဘိက္ခုနီ)တို့အတွက် စည်းမျဉ်းများ ပါဝင်သည်။
ဤကျမ်းသည် စာပေဗဟုသုတရှာဖွေလိုသူများအနေဖြင့် အနည်းငယ် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော်လည်း အချို့သောသိက္ခာပုဒ်များ ဖြစ်ပေါ်လာရခြင်း၏ နောက်ခံအကြောင်းရင်းကို လေ့လာရသောအခါ မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ရဟန်းတော်များနှင့် လူဒါယကာတို့၏ ဆက်ဆံရေးအခြေအနေ တစိတ်တဒေသကိုသော်လည်းကောင်း၊ ရဟန်းများနှင့်ရဟန်းမတို့၏ ဆက်ဆံရေးအခြေအနေများကိုလည်းကောင်း လေ့လာအကဲခတ်နိုင်သည်။
အစေလကဝဂ်လာ၊ အစေလကသိက္ခာပုဒ်နှင့် သဘောဇနသိက္ခာပုဒ်တို့ဖြစ်ပေါ်လာရခြင်း၏အကြောင်းကို ဖတ်ရှုရသောအခါ မထေရ်မြတ်အရှင်အာနန္ဒာနှင့် အရှင်ဥပနန္ဒတို့၏ လူမှုရေးဒုက္ခများကို ကိုယ်ချင်းစာ၊ နားလည်ရလေသည်။ မြတ်စွာဘုရားရှင်၏အမိန့်တော်ဖြင့် မထေရ်မြတ်အရှင်အာနန္ဒာသည် စားကြွင်းစားတို့အား ဆွမ်းကျန်ကွမ်း ကျန်များပေးဝေခဲ့သည်။ မထေရ်လည်း ပရိဗိုဇ်မတစ်ယောက်အား မုန့်နှစ်ခုကို တစ်ခုအမှတ်အဖြစ်ဖြင့် ပေးမိသောကြောင့် ပရိဗိုဇ်မနှင့်ပေးစားခံရသောဒုက္ခနှင့် ရာဂစိတ်ဖြင့် ယစ်နေသော မိတ်ဆွေဒါယကာအိမ်သို့ ဆွမ်းခံကြွမိရာတွင် ဆွမ်းလောင်းပြီးသောအခါ အတင်းပြန်ကြွခိုင်းနေသော ဒါယကာနှင့် ယောင်္ကျား၏အခြေအနေကို ရိပ်မိသောဒါယိကာမက အတင်းတားနေရာ အရှင်ဥပနန္ဒမှာ ထိုင်ရမလို၊ ထရမလိုဖြစ်နေသော မထေရ်မြတ်တို့၏ အစားတစ်လုပ်၊ ဒုက္ခထုပ်တို့ကို ကိုယ်ချင်းစားနားလည် ရသည်။
နောက်ပိုင်း သေခိယသိက္ခာပုဒ်အချို့မှာ ရဟန်းတော်များသာမက လူပုဂ္ဂိုလ်များအနေဖြင့်လည်း လိုက်နာသင့်သောသိက္ခာပုဒ်များ ဖြစ်သည်။ လူကြီးလူကောင်းပီသစွာ သွားလာနေထိုင်မှုနှင့်အစား အသောက် ဆိုင်ရာ ယဉ်ကျေးမှုများကို နှိုက်နှိုက်ချွတ်ချွတ်ပညတ်ထားသည်မှာ အားကျနည်းယူဖွယ် ကောင်းလှသည်။
ရဟန်းတော်တို့၏ “နှစ်ရာ့နှစ်ဆယ်၊ ခုနှစ်သွယ်” သော သိက္ခာပုဒ်အားလုံး အထက်ပါနှစ်ကျမ်းလုံးတွင် ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရ ပေမည်။ ဤရဟန်းတော်တို့၏သိက္ခာပုဒ်များနှင့်ပတ်သက်၍ (၂၂၇)ပုဒ် ရှိသည်ဟု လက်ခံထားကြသော်လည်း အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သမဏဝဂ်၊ ဝဇ္ဇီပုတ္တသုတ်၌ “အရှင်ဘုရားတို့ ! တစ်ရာ့ငါးဆယ်သော သိက္ခာပုဒ်တို့ကို ရွတ်ဆိုရန်အချိန်တန်ပါပြီ” ဟူသောစကားရပ်နှင့် မိလိန္ဒပဥှာကျမ်း၊ အနဝသေသသိက္ခာပဒပဉှာ၌ “ရဟန်းကောင်းဟူသည် တစ်ရာ့ငါးဆယ်သော သိက္ခာပုဒ်တို့၌ ကျွမ်းကျင်သူ” စသော စကားရပ်တို့ကိုထောက်ဆ၍ “မူလကသိက္ခာပုဒ် အရေအတွက်မှာ (၁၅၀)သာရှိပြီးနောက်ပိုင်းမှ သေခိယသိက္ခာပုဒ်(၇၅)ပုဒ်ကို ထည့်သွင်း၍ (၂၂၇)ပုဒ် ဖြစ်လာသည်” ဟုယူဆသော သုတေသီပညာရှင်များလည်းရှိသေးသည်။ အဋ္ဌကထာဆရာ၊ အရှင်မဟာဗုဒ္ဓဃောသ၏အဆိုရမူ အင်္ဂုတ္တိုရ်၊ တိကနိပါတ်လာစကားရပ်ကို “ထိုအချိန်က သိက္ခာပုဒ်ပေါင်း (၁၅၀)သာ ရှိ၍ ထိုကဲ့သို့ဆိုကြောင်း” ဖြေရှင်းချက်ထုတ်ထားသည်။ သို့သော် အထက်ပါ ဖြေရှင်းချက်သည် လက်ခံနိုင်စရာအကြောင်းရှိသော်လည်း ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးကာလအတန်ကြာမှ ဗုဒ္ဓစာပေအတွင်းသို့ဝင်ရောက်လာသော မိလိန္ဒပဉှာကျမ်း၌လည်း သိက္ခာပုဒ် (၁၅၀)ဟုသာ ဆိုထားခြင်းမှာလည်း ပညာရှင်များအနေဖြင့် သုတေသနပြုဖွယ်ကောင်းလှသည်။
ပါစိတ္တိယပါဠိကျမ်းနောက်ပိုင်းတွင် အမျိုးသမီးရဟန်း(ဘိက္ခုနီ) တို့အတွက် သတ်မှတ်ပြဋ္ဌာန်းထားသော သိက္ခာပုဒ်များကို ပြဆိုထားသည်။ သိက္ခာပုဒ်များကို ဤကျမ်းတွင် ထည့်သွင်းအသိမှတ်ပြုထားသေးသော်လည်း လက်ရှိရဟန်းတော်တို့၏ အယူဆအားဖြင့်မူ မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းလေးရာကျော်ငါးရာခန့်ကပင် ဘိက္ခုနီသာသနာ ကွယ်ခဲ့ပြီဖြစ်ကြောင်း လက်ခံထားကြသည်။ အမျိုးသမီးရဟန်းတော်များ လိုက်နာရသည့် စည်းကမ်းများသည် အမျိုးသားရဟန်းတော်များထက် ပိုမိုများပြားကြောင်းကိုလည်း တွေ့ရှိရသည်။[၃]
ဘိက္ခု နှင့် ဘိက္ခုနီ ဝိနည်းနှိုင်းယှဉ်ချက်
[ပြင်ဆင်ရန်]ဘိက္ခုနီဆိုင်ရာ ဝိနည်းများမှာ ဘိက္ခုဝိနည်းမှ အများစုပါဝင်ပြီး အတိုးအလျှော့စည်းမျဉ်းများမှာ အောက်ပါအတိုင်းဖြစ်၏။[၁]
| ဝိနည်းစည်းကမ်း | ဘိက္ခု | ဘိက္ခုနီ |
|---|---|---|
| ပါရာဇိက | ၄ | ၈ |
| သံဃာဒိသိသ် | ၁၃ | ၁၇ |
| အနိယတ | ၂ | 0 |
| နိဿဂ္ဂိယပါစိတ် | ၃၀ | ၃၀ |
| သုဒ္ဓပါစိတ် | ၉၂ | ၁၆၆ |
| ပါဋိဒေသနီ | ၄ | ၈ |
| သေခိယ | ၇၅ | ၇၅ |
| အဓိကရဏသမထ | ၇ | ၇ |
| ၂၇၇ | ၃၁၁ |
ဖွဲ့စည်းပါဝင်မှု
[ပြင်ဆင်ရန်]ဤ၌ ဘိက္ခုများအတွက် ဘိက္ခုဝိဘင်းမှ ပါစိတ္တိယ၊ ပါဋိဒေသနီ၊ သေခိယ၊ အဓိကရဏသမထ စသည့်အပိုင်းကြီး လေးပိုင်းကိုဖော်ပြထားသည်။
သုဒ္ဓပါစိတ် (၉၂) ပါး
[ပြင်ဆင်ရန်]| စဉ် | သိက္ခာပုဒ်အမည် | No | ဝိနည်းပညတ် |
|---|---|---|---|
| ၁ | မုသာဝါဒသိက္ခာပုဒ် | ၅၀ | မုသားမပြောရ။ |
| ၂ | ဩမသဝါဒသိက္ခာပုဒ် | ၅၁ | မဆဲရ။ |
| ၃ | ပေသုညသိက္ခာပုဒ် | ၅၂ | ကုန်းမတိုက်ရ။ |
| ၄ | ပဒသောဓမ္မသိက္ခာပုဒ် | ၅၃ | လူ ၊ သာမဏေနှင့် ပုဒ်ပြိုင်စာမချရ။ |
| ၅ | သဟသေယျသိက္ခာပုဒ် | ၅၄ | တစ်ကျောင်းတည်း၌လူ ၊ သာမဏေနှင့် (၃)ညဉ့်ထက် မအိပ်ရ။ |
| ၆ | ဒုတိယသဟသေယျသိက္ခာပုဒ် | ၅၅ | မာတုဂါမနှင့် တစ်ကျောင်းတည်းမအိပ်ရ။ |
| ၇ | ဓမ္မဒေသနာသိက္ခာပုဒ် | ၅၆ | မာတုဂါမနှင့် နှစ်ယောက်ချင်း(၆) ခွန်းထက် မဟောရ။ |
| ၈ | ဘူတာရောစနသိက္ခာပုဒ် | ၅၇ | မိမိရသော ဈာန်၊မဂ်၊ဖိုလ်ကို လူ၊သာမဏေအား မပြောရ။ |
| ၉ | ဒုဋ္ဌုလ္လာရောစနသိက္ခာပုဒ် | ၅၈ | ရဟန်းတစ်ပါး၏ သံဃဒိသိသ်ကို လူ၊သာမဏေအား မပြောရ။ |
| ၁၀ | ပထဝီခဏနသိက္ခာပုဒ် | ၅၉ | မြေကိုမတူးရ။ |
| ၁၁ | ဘူတဂါမသိက္ခာပုဒ် | ၆၀ | သစ်ပင်မခုတ်ရ။ |
| ၁၂ | အညဝါဒကသိက္ခာပုဒ် | ၆၁ | ရဟန်းတပါးမေးသည်ကို ပြန်၍မပြောဘဲ မနေရ။ |
| ၁၃ | ဥဇ္ဈာပနကသိက္ခာပုဒ် | ၆၂ | သမ္မုတိရသောရဟန်းကို မရှုတ်ချအပ်။ |
| ၁၄ | ပဌမသေနာသနသိက္ခာပုဒ် | ၆၃ | သံဃိကညောင်းစောင်းကို အပြင်မှာမထားအပ်။ |
| ၁၅ | ဒုတိယသေနာသနသိက္ခာပုဒ် | ၆၄ | သံဃိကအိပ်ရာကို အထဲမှာမထားဘဲ မသွားရ။ |
| ၁၆ | အနုပခဇ္ဇသိက္ခာပုဒ် | ၆၅ | သံဃိကကျောင်း၌ အိပ်နေသောရဟန်းကို နှိုး၍ မအိပ်ရ။ |
| ၁၇ | နိက္ကဍ္ဎနသိက္ခာပုဒ် | ၆၆ | သံဃိကကျောင်းမှ အမျက်ထွက်၍ နှင်မထုတ်ရ။ |
| ၁၈ | ဝေဟာသကုဋိသိက္ခာပုဒ် | ၆၇ | စို့မရိုက်သော ညောင်စောင်းကို မထိုင်ရ။ |
| ၁၉ | မဟလ္လကဝိဟာရသိက္ခာပုဒ် | ၆၈ | စိမ်းစိုသော ကောက်ပဲမရှိရာ၌ အမိုးသုံးဆင့်ထက်ပို၍ အင်္ဂတေ မလိမ်းကျံရ။ |
| ၂၀ | သပ္ပါဏကသိက္ခာပုဒ် | ၆၉ | ပိုးရှိသော ရေကို မြေပေါ်၊မြက်ပေါ်သို့ မသွန်ရ။ |
| ၂၁ | ဩဝါဒသိက္ခာပုဒ် | ၇၀ | သမ္မုတိမရဘဲနှင့်ရဟန်းမအား မဆုံးမရ။ |
| ၂၂ | အတ္ထင်္ဂတသိက္ခာပုဒ် | ၇၁ | သမ္မုတိရသော်လည်းနေဝင်လျှင် မဆုံးမရ။ |
| ၂၃ | ဘိက္ခုနုပဿယသိက္ခာပုဒ် | ၇၂ | မနာဖျားဘဲ ရဟန်းမတို့၏ ကျောင်းသို့ သွား၍ မဆုံးမအပ်။ |
| ၂၄ | အာမိသသိက္ခာပုဒ် | ၇၃ | ရဟန်းမများအား ဆုံးမသော မထေရ်ကြီးများကို မကဲ့ရဲ့အပ်။ |
| ၂၅ | စီဝရဒါနသိက္ခာပုဒ် | ၇၄ | ရဟန်းမကို သင်္ကန်းမပေးအပ်။ |
| ၂၆ | စီဝရသိဗ္ဗနသိက္ခာပုဒ် | ၇၅ | ရဟန်းမကို သင်္ကန်းချုပ်မပေးရ။ |
| ၂၇ | သံဝိဓာနသိက္ခာပုဒ် | ၇၆ | ရဟန်းမနှင့်တိုင်ပင်၍ ခရီးမသွားရ။ |
| ၂၈ | နာဝါဘိရုဟနသိက္ခာပုဒ် | ၇၇ | ရဟန်းမနှင့်တိုင်ပင်၍ လှေမစီးရ။ |
| ၂၉ | ပရိပါစိတသိက္ခာပုဒ် | ၇၈ | ရဟန်းမ စီစဉ်သောဆွမ်း မစားရ။ |
| ၃၀ | ရဟောနိသဇ္ဇသိက္ခာပုဒ် | ၇၉ | အမျိုးသမီးနှင့်နှစ်ယောက်ချင်း မနေရ။ |
| ၃၁ | အာဝသထပိဏ္ဍသိက္ခာပုဒ် | ၈၀ | ဧည့်သည်အတွက်ဆွမ်းကို တစ်ကြိမ်ထက်ပို၍မစားရ။ |
| ၃၂ | ဂဏဘောဇနသိက္ခာပုဒ် | ၈၁ | ရဟန်း(၄)ပါး ထိုင်နေသည့်အခါ၌ထမင်းစားဖိတ်လျှင် မစားရ။ |
| ၃၃ | ပရမ္ပရဘောဇနသိက္ခာပုဒ် | ၈၂ | ရှေးဦးဒါယကာ၏ ဆွမ်းကို မစားဘဲ နောက်ဆွမ်းကို မစားရ။ |
| ၃၄ | ကာဏမာတုသိက္ခာပုဒ် | ၈၃ | လက်ဆောင်မုန့်များ သုံးသပိတ်ထက် ပိုအလှူမခံရ။ |
| ၃၅ | ပထမပဝါရဏာသိက္ခာပုဒ် | ၈၄ | စားနေတုန်း ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ပယ်လျှင် နောက်ထပ်မစားရ။ |
| ၃၆ | ဒုတိယပဝါရဏာသိက္ခာပုဒ် | ၈၅ | ပဝါရိတ်သင့်သော ရဟန်းအား စွပ်စွဲလို၍ ဆွမ်းစားမဖိတ်ရ။ |
| ၃၇ | ဝိကာလဘောဇနသိက္ခာပုဒ် | ၈၆ | နေလွဲသောအခါ ညစာမစားရ။ |
| ၃၈ | သန္နိဓိကာရကသိက္ခာပုဒ် | ၈၇ | သိုမှီးထား၍ ဘောဇဉ်ကို မစားရ။ |
| ၃၉ | ပဏီတဘောဇနသိက္ခာပုဒ် | ၈၈ | မနာမဖျားဘဲ မွန်မြတ်သောဘောဇဉ်ကို တောင်းမစားရ။ |
| ၄၀ | ဒန္တပေါနသိက္ခာပုဒ် | ၈၉ | အကပ်မခံဘဲ ဘာကိုမျှမစားရ။ |
| ၄၁ | အစေလကသိက္ခာပုဒ် | ၉၀ | ပရိဗိုရ်ကို ဘောဇဉ်မပေးရ။ |
| ၄၂ | ဥယျောဇနသိက္ခာပုဒ် | ၉၁ | ဆွမ်းခံရာ၌ မာတုဂါမနှင့် စကားပြောလို၍ အဖော်ရဟန်းကို ပြန်မလွှတ်ရ။ |
| ၄၃ | သဘောဇနသိက္ခာပုဒ် | ၉၂ | အကြင်လင်မယား အခန်း၌ မနေရ။ |
| ၄၄ | ရဟောပဋိစ္ဆန္နသိက္ခာပုဒ် | ၉၃ | မျက်စိကွယ်ရာ၌ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။ |
| ၄၅ | ရဟောနိသဇ္ဇသိက္ခာပုဒ် | ၉၄ | နားကွယ်ရာမှ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။ |
| ၄၆ | စာရိတ္တသိက္ခာပုဒ် | ၉၅ | ဆွမ်းစားပင့်ဖိတ်သော အိမ်မှတပါး အခြားအိမ်သို့ မလှည့်ရ။ |
| ၄၇ | မဟာနာမသိက္ခာပုဒ် | ၉၆ | ဆေးပစ္စည်းကို ဖိတ်ကြားထားသည်ထက် လွန်၍ မတောင်းရ။ |
| ၄၈ | ဥယျုတ္တသေနာသိက္ခာပုဒ် | ၉၇ | အင်္ဂါ(၄)ပါးရှိသော စစ်ဒရိန်းပြရာသို့ သွား၍ မကြည့်ရ။ |
| ၄၉ | သေနာဝါသသိက္ခာပုဒ် | ၉၈ | အကြောင်းရှိ၍ စစ်မြေပြင်သို့ သွားသော် (၇)ရက်ထက် မလွန်ရ။ |
| ၅၀ | ဥယျောဓိကသိက္ခာပုဒ် | ၉၉ | စစ်ဆင်ရာအရပ်သို့ မသွားရ။ |
| ၅၁ | သုရာပါနသိက္ခာပုဒ် | ၁၀၀ | ယစ်မျိုးငါးပါး မသောက်ရ။ |
| ၅၂ | အင်္ဂုလိပတောဒကသိက္ခာပုဒ် | ၁၀၁ | ရဟန်းချင်း ချိုင်းထိုး မကျီစားရ။ |
| ၅၃ | ဟသဓမ္မသိက္ခာပုဒ် | ၁၀၂ | ရေထဲမှာ မကစားရ။ |
| ၅၄ | အနာဒရိယသိက္ခာပုဒ် | ၁၀၃ | သိက္ခာကြီး၊ဝါတော်ကြီးကို မရိုမသေမနေရ။ |
| ၅၅ | ဘိံသာပနသိက္ခာပုဒ် | ၁၀၄ | ရဟန်းချင်း မလှန့် မခြောက်ရ။ |
| ၅၆ | ဇောတိကသိက္ခာပုဒ် | ၁၀၅ | ရဟန်းသည် မနာမဖျားဘဲ မီးမမွေးရ။ |
| ၅၇ | နှာနသိက္ခာပုဒ် | ၁၀၆ | မဇ္ဈိမဒေသ၌နေသော ရဟန်းသည်(၁၅)ရက်တစ်ကြိမ် ရေချိုးရမည်။ |
| ၅၈ | ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ် | ၁၀၇ | ဗိန္ဓုမထိုးဘဲ သင်္ကန်းမဝတ်ရ။ |
| ၅၉ | ဝိကပ္ပနသိက္ခာပုဒ် | ၁၀၈ | ဝိကပ္ပနပြုသည့် သင်္ကန်းကို ဝိကပ္ပနမပြန်ဘဲ မသုံးရ။ |
| ၆၀ | စီဝရအပနိဓာနသိက္ခာပုဒ် | ၁၀၉ | ပရိက္ခရာရှစ်ပါးကို မဝှက်ရ ၊ မကျီစားရ။ |
| ၆၁ | သဉ္စိစ္စသိက္ခာပုဒ် | ၁၁၀ | ပိုး၊တိရစ္ဆာန်တို့ကို မသတ်ရ။ |
| ၆၂ | သပ္ပါဏကသိက္ခာပုဒ် | ၁၁၁ | ပိုးရှိသော ရေကို မသောက်ရ။ |
| ၆၃ | ဥက္ကောဋနသိက္ခာပုဒ် | ၁၁၂ | ငြိမ်းအေးပြီးသော အဓိကရုဏ်းကို မချောက်ချားစေရ။ |
| ၆၄ | ဒုဋ္ဌုလ္လသိက္ခာပုဒ် | ၁၁၃ | ရဟန်းတစ်ပါး၏ သံဃဒိသိသ်အာပတ်ကို မဖုံးကွယ်ရ။ |
| ၆၅ | ဦနဝီသတိဝဿသိက္ခာပုဒ် | ၁၁၄ | အသက်(၂၀)မပြည့်သောသူအား ရဟန်းမခံစေရ။ |
| ၆၆ | ထေယျသတ္ထသိက္ခာပုဒ် | ၁၁၅ | ခိုးသား၊ဓားပြနှင့် တိုင်ပင်၍ ခရီးမသွားရ။ |
| ၆၇ | သံဝိဓာနသိက္ခာပုဒ် | ၁၁၆ | အမျိုးသမီးများနှင့် တိုင်ပင်၍ ခရီးမသွားရ။ |
| ၆၈ | အရိဋ္ဌသိက္ခာပုဒ် | ၁၁၇ | မိစ္ဆာဒိဋ္ဌိဝါဒများကို မယူရ။ |
| ၆၉ | ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ် | ၁၁၈ | မိစ္ဆာဒိဋ္ဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သောရဟန်းနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။ |
| ၇၀ | ကဏ္ဍကသိက္ခာပုဒ် | ၁၁၉ | မိစ္ဆာဒိဋ္ဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သော သာမဏေနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။ |
| ၇၁ | သဟဓမ္မိကသိက္ခာပုဒ် | ၁၂၀ | ဝိမည်းဓိုရ်များ၏ စကားကို ရိုသေစွာ နားထောင်ရမည်။ |
| ၇၂ | ဝိလေခနသိက္ခာပုဒ် | ၁၂၁ | သိက္ခာပုဒ်များကို မကဲ့ရဲ့ရ။ |
| ၇၃ | မောဟနသိက္ခာပုဒ် | ၁၂၂ | ပါတိမောက်ပြရာ၌ ပြောင်လှောင်မှုမပြုရ။ |
| ၇၄ | ပဟာရသိက္ခာပုဒ် | ၁၂၃ | ရဟန်းချင်း မရိုက်နှက်ရ။ |
| ၇၅ | တလသတ္တိကသိက္ခာပုဒ် | ၁၂၄ | ရဟန်းကို လက်ဖြင့်မရွယ်ရ။ |
| ၇၆ | အမူလကသိက္ခာပုဒ် | ၁၂၅ | လူ ၊ သာမဏေတို့ကိုလည်း မရိုက်နှက်ရ။ |
| ၇၇ | သဉ္စိစ္စသိက္ခာပုဒ် | ၁၂၆ | ရဟန်းကို နှလုံးမသာအောင်မပြောရ။ |
| ၇၈ | ဥပဿုတိသိက္ခာပုဒ် | ၁၂၇ | ရဟန်းချင်း ရန်ဖြစ်နေသည်ကိုချောင်း၍ နားမထောင်ရ။ |
| ၇၉ | ကမ္မပဋိဗာဟနသိက္ခာပုဒ် | ၁၂၈ | ဆန္ဒမဲပေးပြီး မကဲ့ရဲ့ရ။ |
| ၈၀ | ဆန္ဒံအဒတွာဂမနသိက္ခာပုဒ် | ၁၂၉ | ဝိနည်းကံကို ဆန္ဒမပေးဘဲ မသွားရ။ |
| ၈၁ | ဒုဗ္ဗလသိက္ခာပုဒ် | ၁၃၀ | တိုင်ပင်၍ သင်္ကန်းပေးပြီးမှမကဲ့ရဲ့ရ။ |
| ၈၂ | ပရိဏာမနသိက္ခာပုဒ် | ၁၃၁ | သံဃာအား ညီညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ မညွတ်စေရ။ |
| ၈၃ | အန္တေပုရသိက္ခာပုဒ် | ၁၃၂ | မင်း၊မိဖုရား အိပ်ခန်းထဲသို့ မဝင်ရ။ |
| ၈၄ | ရတနသိက္ခာပုဒ် | ၁၃၃ | ကျောင်းအရံအပြင်ဘက် ရတနာကို မကောက်ရ။ |
| ၈၅ | ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ် | ၁၃၄ | ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲ ရွာဝင် မသွားရ။ |
| ၈၆ | သူစိဃရသိက္ခာပုဒ် | ၁၃၅ | ဆင်စွယ်ကို အပ်ကျည်မလုပ်ရ။ |
| ၈၇ | မဉ္စပီဌသိက္ခာပုဒ် | ၁၃၆ | တစ်တောင့်ထွာထက်ပိုမြင့်သော ညောင်စောင်း၌ မအိပ်ရ။ |
| ၈၈ | တူလောနန္ဓသိက္ခာပုဒ် | ၁၃၇ | ညောင်စောင်းထဲမှာ လဲထည့်၍ မလုပ်ရ။ |
| ၈၉ | နိသီဒနသိက္ခာပုဒ် | ၁၃၈ | အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ၊ အဆာတစ်ထွာထက်ပို၍ နိသိဒိုင် မပြုလုပ်ရ။ |
| ၉၀ | ကဏ္ဍုပ္ပဋိစ္ဆာဒိသိက္ခာပုဒ် | ၁၃၉ | အမာလွှမ်းသင်္ကန်းကို အလျား(၄)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။ |
| ၉၁ | ဝဿိကသာဋိကသိက္ခာပုဒ် | ၁၄၀ | မိုးရေခံ သင်္ကန်းကို အလျား (၆)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။ |
| ၉၂ | နန္ဒသိက္ခာပုဒ် | ၁၄၀ | ဘုရားသင်္ကန်း ပမာဏကို မပြုရ။ |
ပါဋိဒေသနီ (၄) ပါး
[ပြင်ဆင်ရန်]| စဉ် | သိက္ခာပုဒ်အမည် | No | ဝိနည်းပညတ် |
|---|---|---|---|
| ၃ | ပထမပါဋိဒေသနီသိက္ခာပုဒ် | ၁၄၂ | ရဟန်းမ၏ ဘောဇဉ်ကို မိမိလက်ဖြင့် မယူရ။ |
| ၂ | ဒုတိယပါဋိဒေသနီသိက္ခာပုဒ် | ၁၄၃ | ဒါယကာများ ဆွမ်းကျွေးရာ ရဟန်းမများ ဝင်၍စီစဉ်လျှင် မောင်းမဲတားမြစ်ရမည်။ |
| ၃ | တတိယပါဋိဒေသနီသိက္ခာပုဒ် | ၁၄၄ | သမ္မုတိရသော သေက္ခအိမ်ကို ဆွမ်းမခံရ။ |
| ၄ | စတုတ္ထပါဋိဒေသနီသိက္ခာပုဒ် | ၁၄၅ | ဘေးရန်ရှိသည်ကိုမပြောကြားဘဲ အရံတွင်း၌ မိမိလက်ဖြင့် ဘောဇဉ်မခံယူအပ်။ |
သေခိယ (၇၅) ပါး
[ပြင်ဆင်ရန်]| စဉ် | သိက္ခာပုဒ်အမည် | No | ဝိနည်းပညတ် |
|---|---|---|---|
| ၁ | ပရိမဏ္ဍလသိက္ခာပုဒ် | ၁၄၆ | သင်္ကန်းကို ညီညီဝတ်ရမည်။ |
| ၂ | ပရိမဏ္ဍလသိက္ခာပုဒ် | ၁၄၇ | သင်္ကန်းကို ညီညီရုံရမည်။ |
| ၃ | သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် | ၁၄၈ | လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲသွားရမည်။ |
| ၄ | သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် | ၁၄၉ | လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲမှာနေရမည်။ |
| ၅ | သုသံဝုတသိက္ခာပုဒ် | ၁၅၀ | မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာ သွားရမည်။ |
| ၆ | သုသံဝုတသိက္ခာပုဒ် | ၁၅၁ | မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာနေရမည်။ |
| ၇ | ဩက္ခိတ္တစက္ခုသိက္ခာပုဒ် | ၁၅၂ | မျက်လွှာချ၍ ရွာထဲမှာသွားရမည်။ |
| ၈ | ဩက္ခိတ္တစက္ခုသိက္ခာပုဒ် | ၁၅၃ | မျက်လွှာချ၍ ရွာထဲမှာ နေရမည်။ |
| ၉ | ဥက္ခိတ္တကသိက္ခာပုဒ် | ၁၅၄ | သင်္ကန်းကိုပင့်၍ ရွာထဲမှာ မနေရ။ |
| ၁၀ | ဥက္ခိတ္တကသိက္ခာပုဒ် | ၁၅၅ | သင်္ကန်းကို ပင့်၍ ရွာထဲမှာမသွားရ။ |
| ၁၁ | ဥဇ္ဇဂ္ဃိကသိက္ခာပုဒ် | ၁၅၆ | ရွာထဲမှာကျယ်ကျယ်ရယ်၍ မသွားရ။ |
| ၁၂ | ဥဇ္ဇဂ္ဃိကသိက္ခာပုဒ် | ၁၅၇ | ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မနေရ။ |
| ၁၃ | အပ္ပသဒ္ဒသိက္ခာပုဒ် | ၁၅၈ | ရွာထဲမှာကျယ်ကျယ် စကားပြော၍ မသွားရ။ |
| ၁၄ | အပ္ပသဒ္ဒသိက္ခာပုဒ် | ၁၅၉ | ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မနေရ။ |
| ၁၅ | ကာယပ္ပစာလကသိက္ခာပုဒ် | ၁၆၀ | ရွာထဲမှာ ကိုယ်ကို လှုပ်၍ မသွားရ။ |
| ၁၆ | ကာယပ္ပစာလကသိက္ခာပုဒ် | ၁၆၁ | ရွာထဲမှာ ကိုယ်ကို လှုပ်၍ မနေရ။ |
| ၁၇ | ဗာဟုပ္ပစာလကသိက္ခာပုဒ် | ၁၆၂ | ရွာထဲမှာ လက်ရုံးကိုလှုပ်၍မသွားရ။ |
| ၁၈ | ဗာဟုပ္ပစာလကသိက္ခာပုဒ် | ၁၆၃ | ရွာထဲမှာ လက်ရုံးကိုလှုပ်၍မနေရ။ |
| ၁၉ | သီသပ္ပစာလကသိက္ခာပုဒ် | ၁၆၄ | ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မသွားရ။ |
| ၂၀ | သီသပ္ပစာလကသိက္ခာပုဒ် | ၁၆၅ | ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မနေရ။ |
| ၂၁ | ခမ္ဘကတသိက္ခာပုဒ် | ၁၆၆ | ရွာထဲမှာ ခါးထောက်လျက် မသွားရ။ |
| ၂၂ | ခမ္ဘကတသိက္ခာပုဒ် | ၁၆၇ | ရွာထဲမှာ ခါးထောက်လျက် မနေရ။ |
| ၂၃ | ဩဂုဏ္ဌိတသိက္ခာပုဒ် | ၁၆၈ | ရွာထဲမှာ ခေါင်းမြီးခြုံ၍မသွားရ။ |
| ၂၄ | ဩဂုဏ္ဌိတသိက္ခာပုဒ် | ၁၆၉ | ရွာထဲမှာ ခေါင်းမြီးခြုံ၍မနေရ။ |
| ၂၅ | ဥက္ကုဋိကသိက္ခာပုဒ် | ၁၇၀ | ရွာထဲမှာ ခြေဖျားထောက်၍ မသွားရ။ |
| ၂၆ | ပလ္လတ္ထိကသိက္ခာပုဒ် | ၁၇၁ | ရွာထဲမှာ လက်ဖြင့် ဒူးကိုပိုက်၍၎င်း၊ သင်္ကန်းပတ်၍၎င်း မနေရ။ |
| ၂၇ | သက္ကစ္စပဋိဂ္ဂဟဏသိက္ခာပုဒ် | ၁၇၂ | မရိုမသေ ဆွမ်းမခံရ။ |
| ၂၈ | ပတ္တသညီပဋိဂ္ဂဟဏသိက္ခာပုဒ် | ၁၇၃ | သပိတ်၌ အမှတ်ထား၍ ဆွမ်းခံရမည်။ |
| ၂၉ | သမသူပကပဋိဂ္ဂဟဏသိက္ခာပုဒ် | ၁၇၄ | လေးပုံတစ်ပုံ ထက်ပို၍ ဆွမ်းဟင်းမခံရ။ |
| ၃၀ | သမတိတ္ထိကသိက္ခာပုဒ် | ၁၇၅ | သပိတ်အနားရေးထက်ပို၍ ဆွမ်းမခံရ။ |
| ၃၁ | သက္ကစ္စဘုဉ္ဇနသိက္ခာပုဒ် | ၁၇၆ | ဆွမ်းကိုရိုသေစွာ စားရမည်။ |
| ၃၂ | ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ် | ၁၇၇ | သပိတ်ထဲ၌ အမှတ်မထားဘဲ မထားရ။ |
| ၃၃ | သပဒါနသိက္ခာပုဒ် | ၁၇၈ | ဆွမ်းကို အစဉ်လိုက်စားရမည်။ |
| ၃၄ | သမသူပကဘုဉ္ဇနသိက္ခာပုဒ် | ၁၇၉ | ဆွမ်း၏လေးပုံတစ်ပုံထက်ပို၍ ဆွမ်းဟင်းကို မစားရ။ |
| ၃၅ | ထူပကတသိက္ခာပုဒ် | ၁၈၀ | ဆွမ်းဦးကို နှိပ်၍ မစားရ။ |
| ၃၆ | ဩဒနပ္ပဋိစ္ဆာဒနသိက္ခာပုဒ် | ၁၈၁ | ဟင်းလျာများကို ဆွမ်းနှင့်ဖုံး၍မစားရ။ |
| ၃၇ | သူပေါဒနဝိညတ္တိသိက္ခာပုဒ် | ၁၈၂ | မနာဖျားဘဲ ဟင်းလျာတောင်း၍ မစားရ။ |
| ၃၈ | ဥဇ္ဈာနသညီသိက္ခာပုဒ် | ၁၈၃ | ကဲ့ရဲ့လို၍ သူတစ်ပါးသပိတ်ကို မကြည့်ရ။ |
| ၃၉ | အတိမဟန္တကဗဠသိက္ခာပုဒ် | ၁၈၄ | ဆွမ်းလုတ်ပမာဏထက် မလွန်ရ။ |
| ၄၀ | ပရိမဏ္ဍလအာလောပသိက္ခာပုဒ် | ၁၈၅ | ဆွမ်းလုတ်ကို အဝန်းညီအောင်ပြု၍ စားရမည်။ |
| ၄၁ | အနာဟဋသိက္ခာပုဒ် | ၁၈၆ | ဆွမ်းမရောက်ခင် ခံတွင်းမဖွင့်ရ။ |
| ၄၂ | ဘုဉ္ဇမာနသိက္ခာပုဒ် | ၁၈၇ | ဆွမ်းစားလျက် ခံတွင်းဖွင့်ထားခြင်း မပြုရ။ |
| ၄၃ | သကဗဠသိက္ခာပုဒ် | ၁၈၈ | ဆွမ်းစားလျက် စကားပြောခြင်း မပြုရ။ |
| ၄၄ | ပိဏ္ဍုက္ခေပကသိက္ခာပုဒ် | ၁၈၉ | ဆွမ်းလုတ်ကို မြောက်၍မစားရ။ |
| ၄၅ | ကဗဠာဝစ္ဆေဒကသိက္ခာပုဒ် | ၁၉၀ | ဆွမ်းလုတ်ကို ဖြတ်၍မစားရ။ |
| ၄၆ | အဝဂဏ္ဍကာရကသိက္ခာပုဒ် | ၁၉၁ | ပါးစောင်၌ ဆွမ်းလုတ်ငုံ၍ မစားရ။ |
| ၄၇ | ဟတ္ထနိဒ္ဓုနကသိက္ခာပုဒ် | ၁၉၂ | ဆွမ်းစားရင်း လက်မခါရ။ |
| ၄၈ | သိတ္ထာဝကာရကသိက္ခာပုဒ် | ၁၉၃ | ဆွမ်းလုံးကို ကြဲ၍ မစားရ။ |
| ၄၉ | ဇိဝှါနိစ္ဆာရကသိက္ခာပုဒ် | ၁၉၄ | လျှာထုတ်၍ ဆွမ်းစားခြင်းမပြုရ။ |
| ၅၀ | စပုစပုကာရကသိက္ခာပုဒ် | ၁၉၅ | ပျတ်ပျတ်မြည်အောင် ဆွမ်းမစားရ။ |
| ၅၁ | သုရုသုရုသိက္ခာပုဒ် | ၁၉၆ | ရှုပ်ရှုပ်မြည်အောင် ဆွမ်းမစားရ။ |
| ၅၂ | ဟတ္ထနိလ္လေဟကသိက္ခာပုဒ် | ၁၉၇ | လက်ကိုလျှက်၍ဆွမ်းမစားရ။ |
| ၅၃ | ပတ္တနိလ္လေဟကသိက္ခာပုဒ် | ၁၉၈ | သပိတ်ကိုခြစ်၍ ဆွမ်းမစားရ။ |
| ၅၄ | ဩဋ္ဌနိလ္လေဟကသိက္ခာပုဒ် | ၁၉၉ | နှုတ်ခမ်းကိုလျက်၍ ဆွမ်းမစားရ။ |
| ၅၅ | ပါနီယထာလကသိက္ခာပုဒ် | ၂၀၀ | ဆွမ်းလုံးပေကျံသောလက်နှင့် ရေခွက်ကို မကိုင်ရ။ |
| ၅၆ | သသိတ္ထကသိက္ခာပုဒ် | ၂၀၁ | သပိတ်ဆေးရေကို ရွာထဲမှာမသွန်ရ။ |
| ၅၇ | ဆတ္တပါဏိသိက္ခာပုဒ် | ၂၀၂ | ထီး လက်၌ရှိသောသူကိုတရားမဟောရ။ |
| ၅၈ | ဒဏ္ဍပါဏိသိက္ခာပုဒ် | ၂၀၃ | တုတ်လက်၌ရှိသောသူကို တရားမဟောရ။ |
| ၅၉ | သတ္ထပါဏိသိက္ခာပုဒ် | ၂၀၄ | ဓား လက်၌ရှိသောသူကိုတရားမဟောရ။ |
| ၆၀ | အာဝုဓပါဏိသိက္ခာပုဒ် | ၂၀၅ | လေး လက်၌ရှိသောသူကိုတရားမဟောရ။ |
| ၆၁ | ပါဒုကာရုဠှသိက္ခာပုဒ် | ၂၀၆ | ခြေနင်းစီးထားသောသူကို တရားမဟောရ။ |
| ၆၂ | ဥပါဟနရုဠှသိက္ခာပုဒ် | ၂၀၇ | ဖိနပ်စီးထားသောသူကို တရားမဟောရ။ |
| ၆၃ | ယာနသိက္ခာပုဒ် | ၂၀၈ | ယာဉ်စီး၍နေသောသူကို တရားမဟောရ။ |
| ၆၄ | သယနသိက္ခာပုဒ် | ၂၀၉ | အိပ်ရာနေရာ၌ နေသောသူကို တရားမဟောရ။ |
| ၆၅ | ပလ္လတ္ထိကာယသိက္ခာပုဒ် | ၂၁၀ | အာယောဂပတ်ဖွဲ့သူကို တရားမဟောရ။ |
| ၆၆ | ဝေဌိတသီတဿသိက္ခာပုဒ် | ၂၁၁ | ဦးရစ်ခေါင်းပေါင်းထားသူကို တရားမဟောရ။ |
| ၆၇ | ဩဂုဏ္ဌိတသီတဿသိက္ခာပုဒ် | ၂၁၂ | အိပ်ရာနေရာထက်၌ နေသောသူကို တရားမဟောရ။ |
| ၆၈ | ဆမာသိက္ခာပုဒ် | ၂၁၃ | ခေါင်းမြီးခြုံထားသူကို တရားမဟောရ။ |
| ၆၉ | နီစေအာသနသိက္ခာပုဒ် | ၂၁၄ | နိမ့်ရာကနေ၍ မြင့်ရာ၌ နေသောသူကို တရားမဟောရ။ |
| ၇၀ | ဌိတနိသိန္နသိက္ခာပုဒ် | ၂၁၅ | ရပ်လျက် ထိုင်နေသောသူကိုတရားမဟောရ။ |
| ၇၁ | ပစ္ဆတောဂစ္ဆန္တီသိက္ခာပုဒ် | ၂၁၆ | ရှေ့ကသွားသောသူကို နောက်ကလိုက်၍ တရားမဟောရ။ |
| ၇၂ | ဥပ္ပထေနဂစ္ဆန္တီသိက္ခာပုဒ် | ၂၁၇ | လမ်းကိုသွားသောသူကို လမ်းမဟုတ်ရာက တရားမဟောရ။ |
| ၇၃ | ဌိတောဥစ္စာရသိက္ခာပုဒ် | ၂၁၈ | မတ်တတ်ရပ်လျက် ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။ |
| ၇၄ | ဟရိတေဥစ္စာရသိက္ခာပုဒ် | ၂၁၉ | မြက်၊သစ်ပင်ရှိရာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊တံတွေး မစွန့်ရ။ |
| ၇၅ | ဥဒကေဥစ္စာရသိက္ခာပုဒ် | ၂၂၀ | ရေထဲမှာ ကျင်ကြီး၊ကျင်ငယ်၊နှပ်၊တံတွေး မစွန့်ရ။(နာဖျားသော ပုဂ္ဂိုလ်တို့ကိုမူ ဟောပြောတရားပြခြင်း၊နာဖျားချိန်၌ ကျင်ကြီး၊ကျင်ငယ်၊တံတွေး စွန့်ပစ်ခြင်းတို့ကို ခွင့်ပြုပါသည်။) |
အဓိကရဏသမထ (၇) ပါး
[ပြင်ဆင်ရန်]| စဉ် | သိက္ခာပုဒ်အမည် | No | ဝိနည်းပညတ် |
|---|---|---|---|
| ၁ | ၂၂၁ | သံဃာဝတ္ထု၏ ဟုတ်မှန်ခြင်း ၊ဓမ္မဝိနည်း ပုဂ္ဂိုလ်တို့၏ မျက်မှောက်ရှိသည်၏ အဖြစ်ဟူသော သမ္မုခါဝိနည်း။ | |
| ၂ | ၂၂၂ | ရဟန္တာပုဂ္ဂိုလ်အား ပေးအပ်သော သတိဝိနည်း။ | |
| ၃ | ၂၂၃ | ရူးသောရဟန်းအား ပေးအပ်သော အမူဠဝိနည်း။ | |
| ၄ | ၂၂၄ | ဝန်ခံသဖြင့် ငြိမ်းစေအပ်သော ပဋိညာတကာရေတဗ္ဗဝိနည်း။ | |
| ၅ | ၂၂၅ | ဓမ္မဝါဒီ ရဟန်းများရာသို့လိုက်၍ပြုအပ်သောယေဘုယျဝိနည်း။ | |
| ၆ | ၂၂၆ | ယုတ်မာသောရဟန်းအား ပေးအပ်သော တဿပါပိယသိကဝိနည်း။ | |
| ၇ | ၂၂၇ | မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော တိဏဝတ္တာရကဝိနည်း။[၄] | |
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Ko Lay (1991)။ Myanmar Pitaka Association (ed.)။ Guide to Tipitaka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Kuala Lumpur, Malaysia: Sin Jayanti Buddhist Temple။
- ↑ ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့, ed. (၁၉၆၅)။ ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ။ ရန်ကုန်မြို့: မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့။
- ↑ ဘိက္ခု သကျလောကပဏ္ဍိတ (၂၀၁၀)။ ပဉ္စနိကာယ(ပိဋကတ်သုံးပုံ၊ ပါဠိတော်ကျမ်းများမိတ်ဆက်)။
- ↑ https://mm.pubbarum.com/2019/09/blog-post_80.html