မဉ္စပီဌသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—မြင့်သောညောင်စောင်း(ခုဋင်) ပေါ်၌အိပ်မှု၊
အမှုသည်—ရှင်ဥပနန္ဒ။
အခြေရှည် ညောင်းစောင်း
[ပြင်ဆင်ရန်]အိပ်ရာခုဋင်ကို ညောင်စောင်းဟု၎င်း, ထိုင်ခုံစားပွဲခုံ စသော ခုံအမျိုးမျိုးကို အင်းပျဉ်ဟု၎င်း ခေါ်၏၊ သာကီဝင် မင်းသားတို့တွင် အပါအဝင်ဖြစ်သော ရှင်ဥပနန္ဒသည် အတော်မြင့်သော ညောင်စောင်းပေါ်၌ အိပ်လေ့ရှိ၏၊ တနေ့သ၌ဘုရားရှင်သည် ကျောင်းစဉ် လှည့်၍ ကြည့်ရှုတော်မူသောအခါ ရှင်ဥပနန္ဒ၏ကျောင်း နားသို့ ရောက်တော်မူလေသော် ရှင်ဥပနန္ဒသည် မြတ်စွာဘုရားကို (သူ့ကိုယ်တိုင်ဟန်လှပြီ-ဟု ထင်နေသော) အိပ်ရာပေါ်၌ လျောင်းတော်မူရန် ဖိတ်မန်လေသည်၊ မြတ်စွာဘုရားသည် ထိုကျောင်းနားမှပင် ပြန်လှည့်တော်မူ၍ ရဟန်းများကိုခေါ်တော်မူပြီးလျှင်...[၁]
“ဘိက္ခုတို့ ... ဤသူဟာ မဂ်ဖိုလ်မှ အချည်းနှီးသော = မဂ်ဖိုလ်မရသော မောဃပုရိသဖြစ်ကြောင်းကို သူ၏အဇ္ဈာသယ (သူ၏အလိုဆန္ဒ = သူကြိုက် နှစ်သက်ပုံ) ကြည့်သော အားဖြင့် သိနိုင်သည်၊ (ခမ်းခမ်းနားနား ဟန်ကြီး ပန်ကြီးနှင့် နေတတ်သူဟာ မဂ်ဖိုလ်ရဘို့ အရေးနှင့် အဝေးကြီးဖြစ်သည်)” ဟု မိန့်တော်မူလိုဟန်တူသည်၊ ဤသို့မိန့်တော်မူ၍ ခုဋင်အမြင့်ကြီးပေါ်မှာ ဟန်ကြီးပန်ကြီး အိပ်တတ်သော ရှင်ဥပနန္ဒကို ကဲ့ရဲ့ရှုံ့ချတော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။ [၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]နဝံ ပန ဘိက္ခုနာ မဉ္စံ ဝါ ပီဌံ ဝါ ကာရယမာနေန အဋ္ဌင်္ဂုလပါဒကံ ကာရေတဗ္ဗံ သုဂတင်္ဂုလေန အညတြ ဟေဋ္ဌိမာယ အဋနိယာ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။[၁]
မြန်မာပြန်
[ပြင်ဆင်ရန်]အသစ်ဖြစ်သော ညောင်စောင်းကိုသော်၎င်း, အင်းပျဉ် ကိုသော်၎င်း ပြုစေလိုသောရဟန်းသည် အောက်၌ဖြစ်သော၊ ဘောင်ကိုကြဉ်၍ (တိုင်းသောအခါ ဘောင်အောက်ကိုသာ) ဘုရားရှင်၏ လက်သစ်တော်ဖြင့် လက်ရှစ်သစ် အခြေရှိအောင် ပြုစေနိုင်၏၊ ထိုလက်ရှစ်သစ်ပမာဏကို လွန်စေသော ရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ်အာပတ်သင့်၏။[၁]
မှတ်ချက်
[ပြင်ဆင်ရန်]လက်သစ်တိုင်းရာ၌ ခုဋင်ပေါင် (ဘောင်) ကိုထည့်၍ မတိုင်းရ။ ပေါင်အောက်က ခြေသက်သက်ကိုသာ တိုင်းရသည်၊ ဘုရားရှင်၏ လက်သစ်တော်အားဖြင့် ရှစ်သစ်သည် မဇ္ဈိမပုရိသ တွက်ကိန်းဖြင့် (၃ ဆတက်၍) ၂၄-သစ် ရှိ၏ဟု ယူကြ၏။ ထို၂၄-သစ်ဖြင့် တိုင်းသောကြောင့်လည်း ယခုကာလ ခုဋင်(ခဋင်) ခြေထောက်များ ပညတ်တော်လာ ပမာဏထက် မပိုဟု ယူဆရသည်။ အကယ်၍ ယခုရိုးရိုး ရှစ်သစ်ဖြင့် တိုင်းလျှင်ကား ပမာဏထက် ပိုနေပေလိမ့်မည်။ [၁]
ထိုကဲ့သို့ ပမာဏထက်ပိုသော ခုဋင်ကို အလုပ်ခိုင်း၍ရလျှင် ဤသိက္ခာပုဒ်အရ ရှေးဉုးစွာ ပိုသောပမာဏကိုဖြတ်ပစ်ပြီးမှ ပါစိတ်အာပတ်ကို ဒေသနာပြောရမည်။ ကိုယ်က အလုပ်မခိုင်းဘဲ လှူလာ၍ ရလျှင်ကား အာပတ်မသင့်၊ အသုံးပြုသောအခါ၌မူ ပမာဏထက်ပိုသမျှကို ဖြတ်ပစ်၍ဖြစ်စေ, မြေကြီး၌မြှုပ်၍ဖြစ်စေ, အပေါ်မှာ တန်းထိုး၍ ထိုတန်းပေါ်၌ ငြမ်းဆင်သလို တင်၍ဖြစ်စေ သုံးစွဲရမည်၊ ထိုသို့ မပြုပြင်ဘဲ သုံးစွဲလျှင်ကား သုံးတိုင်းသုံးတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊ ထို့ကြောင့်လည်း ရှေးကဆရာတော်အချို့၏ အသုံးအဆောင် ခုဋင်ကလေးများမှာ ခြေထောက်ပုတိုတို နှင့် တွေ့ကြရပေသည်။ [တယောက်ထည်း မရွှေ့နိုင်လောက်အောင် ကြီးမားသော ခုဋင်ကြီးများကိုကား ဘူမိဂတိက(မြေနှင့်အလားတူ)ဟု ယူကြ၏။ ထို့ကြောင့် အခြေ ရှည်သော်လည်း သုံးစွဲကောင်း၏ဟု ယူကြသည်။][၁]