ဘိက္ခုနီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဘိက္ခုနီဟူသော အမည်သည် ပါဠိအမည်ဖြစ်၏။ မြန်မာပြန်ဆိုလျှင် ရဟန်းမိန်းမဟု အဓိပ္ပာယ်ရ၏။

ထိုရဟန်းမိန်းမ ကား မြတ်စွာဘုရား လက်ထက် တော်ကပင် ရှိခဲ့၏။ မိထွေးတော် ဂေါတမီသည် သာကီဝင် မင်းသမီး ငါးရာနှင့်တကွ ရှေးဦးစွာ ရဟန်းပြု၏။ နောက် အဆင့်ဆင့် ပွားများလာ၍ သာသနာ တော်တွင် ရဟန်းမိန်းမ သာသနာ ရဟန်းမိန်းမသံဃာဟု သီးခြားဖြစ်လာသည်။ ထိုစဉ်အခါက မဇ္ဈိမဒေသတွင် ရဟန်းမိန်းမတို့သည် အလွန်များကုန်၏။

သာသနာနှစ် ၂၃၅ ခုသို့ရောက်သောအခါ အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်သည် တတိယ သင်္ဂါယနာတင်ကြီး ကိုးတိုင်းကိုးဌာနသို့သာသနာပြု စေလွှတ်တော်မူရာ အရှင်မဟိန္ဒမထေရ်သည် သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွတော်မူ၏။ ထိုအခါ အနုဋ္ဌာဒေဝီသည် သတို့သမီးငါးရာ၊ နန်းတွင်းသူ ငါးရာအားဖြင့် နောက်ပါ မိန်းမတစ်ထောင်နှင့်တကွ ရဟန်းပြုသဖြင့် သီဟိုဠ်ကျွန်း၌ ရဟန်းမိန်းမ သာသနာပြန့်ပွားထွန်းကားခဲ့သည်။

အရှင်ယောနက ဓမ္မရက္ခိတ မထေရ်သည် မြန်မာနိုင်ငံ အထက်ပိုင်း အပရန္တတိုင်း ( သုနာပရန္တတိုင်း ) သို့သာသနာ ပြု ကြွလာတော်မူ၏။ ထိုအခါ အမျိုးသမီး ခြောက်သောင်းတို့ သည် ရဟန်းပြုသဖြင့် အပရန္တတိုင်း၌ ရဟန်းမိန်းမ သာသနာ ပြန့်ပွားထွန်းကားခဲ့သည်။

အရှင် သောဏမထေရ်နှင့် အရှင်ဥတ္တရ မထေရ်တို့ သည် မြန်မာနိုင်ငံ အောက်ပိုင်း သုဝဏ္ဏဘူမိတိုင်း သထုံပြည် သို့သာသနာပြု ကြွလာတော်မူကြ၏။ ထိုအခါ အမျိုးသမီး တစ်ထောင့်ငါးရာ တို့သည် ရဟန်းပြုကြသဖြင့် ရဟန်းမိန်းမ သာသနာ ပြန့်ပွားထွန်းကားခဲ့သည်။ ( အခြားဌာနတို့၌ ရဟန်း မိန်းမ သာသနာ ပြန့်ပွားထွန်း ကားခြင်း မရှိ၊ ရဟန်း ယောကျာ်း သာသနာသာ ပြန့်ပွားထွန်းကားခဲ့သည်။ )

ဤသို့မြန်မာနိုင်ငံ အထက်ပိုင်း၊ အောက်ပိုင်းတို့၌ သာသနာနှစ် ၂၃၅ ခုလောက်က ပြန့်ပွားထွန်းကား ခဲ့သော် လည်း သာသနာနှစ် ၁၆ဝ၁ ခုတွင် ပုဂံပြည် နော်ရထာ မင်းစောသည် သထုံပြည်သို့ချီတက်၍ ပိဋထကတ် တော်တို့ကို ပင့်သောအခါ၌ ဓာတ်တော်မွေတော် ပိဋထကတ်တော်အစုံ သုံးဆယ်နှင့် ပိဋထကတ်ကျမ်းဂန် တတ်မြောက်သော အရိယာ သံဃာတော် တစ်ထောင်တို့ကို ပင့်ဆောင်သည်ဟုမဟာရာဇဝင် ကြီးနှင့် သာသနာလင်္ကာရ၌ အဆို ရှိသဖြင့် ထိုစဉ်အခါက ရဟန်းမိန်းမ မပါလာသည့်ပြင် ပုဂံပြည်၌ ရဟန်းယောကျာ်း များပင် အဆက်ပြတ်၍ မရှိ တော့ကြောင်း ထင်ရှားသည်။

ထိုအတွက် မဇ္ဈိမဒေသ၌ ရဟန်းမိန်းမ သာသနာသည် နှစ်ပေါင်းမည်မျှလောက် တည်ရှိ၏ဟု ခန့်မှန်း နိုင်သော်လည်း မြန်မာနိုင်ငံ၌ကား နှစ်ပေါင်း တစ်ထောင် သို့မဟုတ် တစ်ထောင်ကျော်မျှလောက်သာ တည်ရှိ လိမ့်မည်ဟု ခန့်မှန်း နိုင်သည်။ ပိဋကတ်ကျမ်းဂန် တတ်မြောက်သော ဆရာတော် ကြီးတို့ကလည်း ရဟန်းမိန်းမ သာသနာကား နှစ်ပေါင်း တစ်ထောင်လောက်သာ တည်ရှိ၏ဟု အမိန့်ရှိသည်ကို ကြားရ ဘူး၏။[၁]

ဂရုဓံရှစ်ပါး[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ရဟန်းမများအတွက် ပညတ်ထားသည့် ဂရုဓံရှစ်ပါး ဖြစ်သည် —

(၁) ရဟန်းမသည် ဝါတစ်ရာပင်ရသည်ဖြစ်စေ ယနေ့မှဖြစ်သော ရဟန်းသစ်ကို ရှိခိုးရမည်။ ခရီးဦး ကြိုဆိုရမည်။ လက်အုပ်ချီရမည်။ အရိုအသေပေးရမည်။

(၂) ယူဇနာဝက်အတွင်း၌ ရဟန်းတစ်ပါးမှ မရှိသော ကျောင်းတွင် ဝါမဆိုရ။

(၃) ရဟန်းသံဃာထံသို့ လပြည့်လကွယ်နေ့တိုင်း ဥပုသ်အမေး သွားရမည်။ ဩဝါဒခံယူရန် သွားရမည်။

(၄) ဝါကျွတ်ပြီးသော ရဟန်းမသည် ရဟန်းနှင့် ရဟန်းမ သံဃာနှစ်ရပ်လုံး၌ ကိုယ်တိုင်သိမြင်သော၊ တစ်ဆင့်ကြားသော၊ ယုံမှားသင်္ကာရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြောဆိုရန် ပန်ကြားရမည်။

(၅) ဂရုက အာပတ်ကြီးများသင့်သော ရဟန်းမသည် သံဃာနှစ်ရပ်လုံး၌ ပက္ခမာနတ် ကျင့်ရမည်။

(၆) ဝိကာလ ဘောဇနတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခာမာန်ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိင်ရန် ကြိုးစားအားထုတ်ရမည်။

(၇) မည်သို့သော အကြောင်းရှိသည်ဖြစ်စေ ရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ ရေရွတ်တိုင်းထွာခြင်း မပြုရ။

(၈) ရဟန်းမတို့က ရဟန်းတို့အပေါ် ပြောဆိုခွင့် မရှိပေ။ ရဟန်းမများအပေါ်တွင်ကား ရဟန်းတို့က ပြောခွင့်ရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. ဝဏ္ဏသီရိ. ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း, ပထမတွဲ.