ကဏ္ဍုပ္ပဋိစ္ဆာဒိသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—အနာလွှမ်း သင်္ကန်းကို ပမာဏလွန်အောင်ပြုလုပ်မှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

အနာလွှမ်းသင်္ကန်း ခွင့်ပြုခြင်း[ပြင်ဆင်ရန်]

အရှင်အာနန္ဒာဥပဇ္ဈာယ်ဆရာတော်ဖြစ်သော အရှင်ဗေလဋ္ဌသီသမှာ ထူပြစ်နေအောင် အိုင်းကျနေသော ဝဲနာပေါက်နေ၏၊ ထိုအနာစေးတို့ကြောင့် သင်္ကန်းတို့သည် ကိုယ်၌ ကပ်တွယ်နေကုန်၏၊ ဂိလာန ပြုစုသော ရဟန်းတို့သည် ထိုသင်္ကန်းတို့ကို ရေဖြင့် ဆွတ်၍ ဆွတ်၍ ကိုယ်မှ ခွါယူကြရကုန်၏၊ ဘုရားရှင်သည် ကျောင်းစဉ်လှည့်၍ ကြည့်ရှုတော်မူသောအခါ တွေ့မြင်တော်မူရကား ကဏ္ဍု-ယားနာဖြစ်စေ, ပီဠကာ-အိုင်းအမာ (သွေးစုနာ) ဖြစ်စေ, အဿာဝ-အရိအရွဲယိုသော ဘဂန္ဒိုရ်စသော အနာတမျိုးမျိုးဖြစ်စေ, ထုလ္လကစ္ဆု-ထူပြစ်အိုင်းကျနေသော ဝဲနာဖြစ်စေ ပေါက်သောအခါ သင်္ကန်း မပေအောင် ထိုအနာကို ဖုံးထားဘို့ရာ အနာလွှမ်းသင်္ကန်းကို ခွင့်ပြုတော်မူ ရလေသည်။[၁]

ကြီးကျယ်သော အနာလွှမ်းပြုမှု[ပြင်ဆင်ရန်]

ထိုသို့ အနာလွှမ်း သင်္ကန်းကို ခွင့်ပြုတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည် ပမာဏမထားဘဲ အလွန်ကြီးမားသော အနာလွှမ်းသင်္ကန်းကို ပြုကြကုန်၏၊ [၁]

ထိုအနာလွှမ်းသင်္ကန်းကို အနာပေါ် ဖုံးလွှမ်း၍ ထားသောအခါ ရှေ့ရော နောက်ပါ တွဲလျားကျကုန်၏၊ ထို့ကြောင့် ရဟန်းအများက ကဲ့ရဲ့ကြသဖြင့် အတိုင်းအရှည် ပမာဏကို ညွှန်ပြသော ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ကဏ္ဍုပ္ပဋိစ္ဆာဒိံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ, တတြိဒံ ပမာဏံ, ဒီဃသော စတဿော ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အနာလွှမ်းသင်္ကန်းကိုပြုစေလိုသော ရဟန်းသည် ပမာဏနှင့်ယှဉ်သော အနာလွှမ်းသင်္ကန်းကို ပြုစေလိုက်၏။ ထိုအနာလွှမ်း သင်္ကန်း၏ ပမာဏကား ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၄-ထွာ အနံ ၂-ထွာဖြစ်၏၊ ထိုပမာဏကို လွန်စေသောရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ် အာပတ်သင့်၏။ [၁]

မှတ်ချက်[ပြင်ဆင်ရန်]

“အနာ”ဟူရာ၌ ချက်၏အောက်နှင့် ပုဆစ်ဒူးဝန်း ၂-ဘက်၏ အထက် အရပ်မှာပေါက်သော ပြခဲ့သော အနာတည်း၊ အခြားနေရာ၌ ပေါက်သော အနာကိုကား သာမန်အဝတ်စဖြင့် ဖုံးထားနိုင်သောကြောင့် ထိုနေရာကိုသာ သီးခြားပြတော်မူဟန်တူသည်။ ဤသိက္ခာပုဒ်လည်း ပြုလုပ်မှုကြောင့် ပညတ်ရသော သိက္ခာပုဒ်တည်း၊ သုံးစွဲမှုကြောင့်ကား ဒုက္ကဋ်အာပတ် သင့်၏၊ သူတပါးထံမှ ပမာဏလွန်သော အနာလွှမ်းသင်္ကန်းကိုရလျှင် ပိုသောပမာဏကို ဖြတ်၍ သုံးစွဲကောင်း၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး