ကမ္မပဋိဗာဟနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု−ဆန္ဒပေးပြီးမှ ကံကိုတားမြစ်မှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ၊


ကံပြုရာ၌ ထုံးစံ[ပြင်ဆင်ရန်]

ကံသည် ရဟန်းခံခြင်းကိစ္စကဲ့သို့ ပုဂ္ဂိုလ် တပါးပါးကို ချီးမြှောက်သော (ပဂ္ဂဟ)ကံလည်းရှိ၏၊ ရဟန်းတပါးကို သံဃာကအပေါင်းအသင်း မပြုဘို့ရန် ထုတ်ပယ်သော (နိဂ္ဂဟ) ကံလည်းရှိ၏၊ သံဃာစည်းဝေး၍ ပြုရသော ထိုကံ ဟူသမျှ၌ ထိုအစည်းအဝေးတွင် ပါဝင်သော သံဃာအားလုံး သဘောတူ ကျေနပ်မှ ထိုကံ အထမြောက်သည်၊ ကံပြုရာတွင် ကိုယ်တိုင်မလိုက်နိုင်သော ရဟန်းများလည်း (သိမ်ထဲမှာနေလျှင်) ယခုပြုမည့်ကံကို သဘောတူကြောင်း ဆန္ဒပေး လိုက်ရသည်၊ ထိုသို့ ဆန္ဒပေးလျှင် မည်သည့်ကံကို ပြုပြု သဘောတူပြီး ဖြစ်တော့သည်။ [၁]

ဆဗ္ဗဂ္ဂီတို့ကို နှိပ်သောကံပြုခြင်း[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် မတော်မလျော်သော အကျင့်ကို ကျင့်လေ့ရှိသောကြောင့် ထိုအကျင့်မှ ရှောင်ပါစေတော့ ဟု သဘောထား၍ ဆဗ္ဗဂ္ဂီ တပါးပါးကို သံဃာမှ ဝိုင်းပယ်သော နိဂ္ဂဟကံတခုခုကို ပြုမည်ဟု သံဃာစည်းဝေးလျှင် ထိုဆဗ္ဗဂ္ဂီ အများကပင် ဝိုင်း၍ကန့်ကွက်ကြသောကြောင့် ကံအထမမြောက်ဘဲ ရှိခဲ့ကြလေသည်။ အခါတပါး၌ကား “သံဃာက ကံတခု ပြုစရာရှိလို့ သံဃာများ ကြွပါ” ဟု အစည်းအဝေးဖိတ်သောအခါ ဆဗ္ဗဂ္ဂီအများပင် သင်္ကန်း ချုပ်ဆိုးစရာ ကိစ္စရှိ၍ မလိုက်နိုင်ကြဘဲ ဆဗ္ဗဂ္ဂီတပါးအား ဆန္ဒယူသွားပါဟု ပြော၍ ဆန္ဒပေးလိုက်ကြလေသည်။ [၁]

ထိုအခါ သံဃာက ထိုရောက်လာသောဆဗ္ဗဂ္ဂီတပါးကိုပင် နှိပ်သောကံကို ပြုလိုက်ကြလေသည်၊ ထိုကံပြုခံရသော ရဟန်းပြန်သွားသောအခါ “သံဃာက ဘာကံပြုသလဲ”ဟုတို့က မေးကြလေသည်၊ ထိုအခါ “တပည့်တော်ကို ကံပြုလိုက်ကြသည်” ဟု ပြောလေသော်... “ဟာ...တပည့်တော်တို့ ဆန္ဒပေးတာက ကိုယ်တော်ကို ကံပြုဘို့ ပေးတာမဟုတ်ဘူး၊ ကိုယ်တော်ကို ကံပြုမည်မှန်းသိလျှင် တပည့်တော်တို့က ဆန္ဒပေးမှာ မဟုတ်ဘူး” ဟုပြောဆိုကာ ထိုကံကို ကဲ့ရဲ့ရှုံ့ချကြလေတော့၏။ ဤအကြောင်းကို ဘုရားရှင်ကြားသိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု ဓမ္မိကာနံ ကမ္မာနံ ဆန္ဒံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ, ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ရဟန်းသည် တရားသဖြင့် ပြုအပ်ကုန်သော ကံတို့ကို့ ဆန္ဒပေးပြီးနောက်၌ ရှုံ့ချခြင်းသဘောသို့ ရောက်အံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

တရားသဖြင့်ပြုအပ်သော ကံကို ကဲ့ရဲ့မှ အာပတ်သင့်သည်။ နဂိုကပင် မတရားပြုသောကံကို မတရားပြုသောကံဟု သိ၍ ကဲ့ရဲ့လျှင်ကား အာပတ် မသင့်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး