ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—သင်္ကန်းမမှတ်မိမှု။

အမှုသည်—ရဟန်းအများ။


ခရီးသွားစဉ် ဒမြတိုက်[ပြင်ဆင်ရန်]

ရဟန်းအများနှင့် ရသေ့ပရိဗိုဇ်အများသည် သာကေတမြို့မှ သာဝတ္ထိသို့ခရီးသွားကြစဉ် ဒမြတို့ထွက်၍ လုကြကုန်၏၊ သာဝတ္ထိမှ မင်းမှုထမ်းများ ထွက်လာ၍ ထိုဒမြတို့ကို ခိုးထုပ်ခိုးသည်နှင့်တကွ ဖမ်းပြီးလျှင် ရဟန်းများအထံသို့ “အရှင်ဘုရားတို့ ကြွခဲ့ကြပါ, ကိုယ့်သင်္ကန်းကို မှတ်သား၍ ယူလှည့်ကြပါ”ဟု တမန်လွှတ်၍ လျှောက်ကြလေသည်၊ (ရသေ့ပရိဗိုဇ်တို့၏ သင်္ကန်းနှင့် ရဟန်းများ၏ သင်္ကန်းမှာ ရောနှောနေသောကြောင့်) ရဟန်းများသည် ကိုယ့်သင်္ကန်းကို မမှတ်မိကြကုန်၊ ထိုအခါ မင်းမှုထမ်းများက “အရှင်ကောင်းအရှင်မြတ်တွေ လုပ်နေပါလျက် ကိုယ့်သင်္ကန်းကိုမျှ မမှတ်မိကြ”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

နဝံ ပန ဘိက္ခုနာ စီဝရလာဘေန တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ အာဒါတဗ္ဗံ နီလံ ဝါ ကဒ္ဒမံ ဝါ ကာဠသာမံ ဝါ။ အနာဒါ စေ ဘိက္ခု တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ နဝံ စီဝရံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

သင်္ကန်း အသစ်ကိုရသော ရဟန်းသည် “အညိုရောင် ကပ္ပဗိန္ဒု, ရွှံ့ညွှန်ရောင် ကပ္ပဗိန္ဒု, မဲညိုရောင် ကပ္ပဗိန္ဒု”ဤ ၃-မျိုးတွင် တမျိုးမျိုးသော ကပ္ပဗိန္ဒုကို ယူရမည်၊ ထို၃-မျိုးသော ကပ္ပဗိန္ဒုတို့တွင် တမျိုးမျိုးကို မယူဘဲ သင်္ကန်းသစ်ကိုသုံးစွဲ ဝတ်ရုံလျှင် ပါစိတ် အာပတ်သင့်၏။ [အညိုရောင်ဟူသည် ယခုကာလ၌ သစ်ရွက်မှ ထွက်သော စိမ်းညိုရောင်တည်း၊ ထိုကြောင့် သစ်ရွက်စိမ်းကို သင်္ကန်းထောင့်၌ ထား၍ တုတ်ချောင်းများဖြင့် အရည်ထွက်အောင် ထိုးလျှင် အညိုရောင်ဗိန္ဒု ဖြစ်၏၊ ခဲတန်ဖြင့် ထိုးလျှင် ရွှံ့ညွန်ရောင် ဖြစ်၏။ မင်နက်ဖြင့်ထိုးလျှင် မဲညိုရောင်ဖြစ်၏။][၁]

မှတ်ချက်[ပြင်ဆင်ရန်]

“ကပ္ပဗိန္ဒု”ထိုးခြင်းဟူသည် မိမိသင်္ကန်းကို မိမိမှတ်မိအောင် အမှတ် အသား ပြုခြင်းပင်တည်း၊ ကပ္ပဗိန္ဓုမထိုးရသေးလျှင် အတော်ဟောင်းသော သင်္ကန်းဖြစ်စေကာမူ သင်္ကန်းသစ်ဟုပင် ဆိုရလည်း ထို့ကြောင့် အသစ် ကျပ်ချွတ်သင်္ကန်းဖြစ်ဖြစ် တပတ်ရစ် အဟောင်း အနွမ်းဖြစ်ဖြစ်၊ သူများ လက်ထဲတုန်းက ကပ္ပဗိန္ဓုမထိုးရသေးလျှင်) မိမိလက်ထဲ၌ ဝတ်မည့် သင်္ကန်းဟူသမျှကို ကပ္ပဗိန္ဒုထိုးပြီးမှ ဝတ်ရသည်၊ သူများလက်ထဲ၌ ထိုးပြီးဖြစ်လျှင်ကား ထပ်၍ထိုးသွယ်မလို။ [ကပ္ပ = ရဟန်းများ၌ အပ်စပ်ကြောင်းဖြစ်သော+ဗိန္ဓု = အပြောက်လုံး။][၁]

ကပ္ပဗိန္ဓုပမာဏနှင့်ထိုးရာဌာန[ပြင်ဆင်ရန်]

ထိုဗိန္ဒုပြောက်ကို သင်္ကန်း ၄ ထောင့် လုံးမှာလည်း ထိုးနိုင်, ၃ ထောင့်, ၂ ထောင့်, ၁ ထောင့်မှာလည်း ထိုးနိုင်၏၊ ထိုသို့ထိုးရာ၌ တထောင့်လျှင် တပြောက်စီသာ ထိုးနိုင်၏၊ ၂-ပြောက်-၃ ပြောက်စသည်တန်း၍ ဖြစ်စေ, ၄-၅ ပြောက်ပိုင်း၍ဖြစ်စေ, ၃-ပွင့်ဆိုင်၍ ဖြစ်စေ မထိုးကောင်း၊ ပါဠိကပ္ပ(အတန်းကပ္ပဗိန္ဒု)ကဏ္ဏိကကပ္ပ (ကြာချက် ကဲ့သို့ ၄-ပြောက် ၅-ပြောက် ပိုင်း၍ ထိုးအပ်သောကပ္ပဗိန္ဒု) အာဒယော ပန သဗ္ဗတ္ထ ပဋိသိဒ္ဓါ= အဋ္ဌကထာ အားလုံး၌ တားမြစ်ထားသည်။ ထိုကပ္ပဗိန္ဒု၏ အယွယ်ပမာဏမှာ ဥဒေါင်းမျက်ဝန်းလောက်, သို့မဟုတ် ကြမ်းပိုး ကျောက်ကုန်းလောက်ရှိစေရမည်။ [ယခုကာလ၌ အချို့ ဗိန္ဒု ပြောက်များသည် သေးငယ်လွန်း၏။ ဗိန္ဒုထိုးပြီးမှ လျှော်ပါများ၍ ပျက်သွားသော်လည်း ဝတ်ကောင်းပါ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး