ဝိလေခနသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ဝိနည်းသိက္ခာပုဒ်ကို ကဲ့ရဲ့ မှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
ဝိနည်း ချီးမွမ်းတော်မူခြင်း
[ပြင်ဆင်ရန်]အခါတပါး၌ ဘုရားရှင်သည် ဝိနည်းနှင့်စပ်သော တရားစကားကို များစွာ ဟောပြောတော်မူ၏၊ ဝိနည်းသိက္ခာပုဒ် (မာတိကာ)ကို အကျယ်ချဲ့၍ ဝိနည်းကို သင်ယူခြင်း၏ ဂုဏ်ကျေးဇူးများကို ဟောတော်မူ၏၊ ဟောတော်မူပုံကား—[၁]
၁။ ဝိနည်းကို နားလည်သော(ဝိနည်းဓိုရ်)ပုဂ္ဂိုလ်သည် မိမိသီလကိုလည်း လုံခြုံအောင် စောင့်ထိန်းနိုင်၏။ “နားမလည်သူကား မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ရမည်ဟု မသိသောကြောင့် သီလကျိုး ပျက် ပေါက်ကြားလျှက် ရှိတတ်သည်” ဟူလို။
၂။ ဝိနည်းနှင့်စပ်၍ အပ်လေသလား မအပ်လေသလားဟု ယုံမှား သံသယရှိနေသော ရဟန်းကောင်းများ၏ မှီခိုအားထားရာလည်း ဖြစ်၏။ “ထိုဝိနည်းဓိုရ်ထံ မေးမြန်းလိုက်ရမှ သံသယကင်း၍ စိတ်ရှင်းသွားသည်”ဟူလို။
၃။ မိမိက အပ်-မအပ်ကို ပြတ်ပြတ်သားသား နားလည်ပြီးဖြစ်သောကြောင့် သံဃာ့အလယ်၌ ပြောဆိုဆုံးဖြတ်ဘွယ်ရှိလျှင် ရဲရဲရင့်ရင့် ပြောဆိုနိုင်၏။
၄။ သာသနာတော်၏ ဆူးငြောင့် ခလုတ်သဘွယ်ဖြစ်သော ရန်သူ့, မိမိ၌ စွပ်စွဲလာသော ရန်သူများကို (ဝိနည်း ဥပဒေတော်ကို ညွှန်ပြ၍ ကျကျ နန နိုင်နင်းနိုင်၏။
၅။ သူတော်ကောင်းတရား (သာသနာတော်)တည်တံ့ဘို့ရာ ကျင့်သော ပုဂ္ဂိုလ်လည်းဖြစ်၏၊ ဤသို့စသည်ဖြင့် ဝိနည်းကို သင်ယူခြင်း၏ အကျိုးများကို ဟောတော်မူသည်။ [၁]
ဝိနည်းအရာဝယ် ဧတဒဂ်ရတော်မူသော အရှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကိုလည်း (ဥပါလိသည် ဤသို့ဤပုံ ဝိနည်းကို တတ်သိ နားလည်၏-စသည်ဖြင့် ဝိနည်းနားလည်ပုံ အမျိုးမျိုးကိုညွှန်ပြ၍)မိန့်တော်မူ၏၊ ဤသို့ မိန့်တော် မူခြင်းကား ရဟန်းအများ ဝိနည်းသင်ယူချင်လာအောင် မိန့်တော်မူခြင်းဖြစ်သည်။[၁]
ရဟန်းများ ဝိနည်းသင်ကြပုံ
[ပြင်ဆင်ရန်]ဤပြုခဲ့သော နည်းအားဖြင့် ဘုရားရှင်သည် ဝိနည်း၏ ဂုဏ်ကျေးဇူးကို၎င်း ဝိနည်းဓိုရ် အရှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကို၎င်း မိန့်တော်မူသောအခါ များစွာသော ရဟန်းတို့သည် ဝိနည်းကိုတတ်သိ နားလည်လိုသောစိတ်, အရှင်ဥပါလိအထံ ဝိနည်းကို သင်ယူလိုသောစိတ်များ ဖြစ်ပေါ်လာကြသောကြောင့် ရဟန်းငယ် ရဟန်းလတ်နှင့် ထေရ်ကြီးအများပင် အရှင်ဥပါလိအထံ၌ ဝိနည်းတရားတော်ကို သင်ယူကြလေသည်။ [ထိုသို့ သင်ယူ၍ မိမိတို့ သိသမျှကိုလည်း “ဘယ်ဟာကို ပြုကောင်းတယ်, ဘယ်ဟာကို မပြုကောင်းဘူး စသည်ဖြင့် ပြောကြဟန်တူသည်။] [၁]
ဆဗ္ဗဂ္ဂီတို့ ဝိနည်းကဲ့ရဲ့ပုံ
[ပြင်ဆင်ရန်]ထိုသို့ ရဟန်းကောင်းအများပင် ဝိနည်းကို သင်ယူလေ့လာကြသောအခါ (အရာရာ၌ ပေါ့ပေါ့ဆဆနေလို ကြသော) ဆဗ္ဗဂ္ဂီရဟန်းတို့ တိုင်ပင်ကြသည်မှာ-“ငါ့လူတို့...ယခုအခါ ရဟန်းအများပင် ဥပါလိအထံ၌ ဝိနည်းကို သင်ယူနေကြသည်၊ သူတို့တတွေ ဝိနည်းတတ်လာတဲ့အခါ ငါတို့ကို (ယေနိစ္ဆကံ = အလိုရှိသော အကြောင်းအရာဖြင့်။ ယဒိစ္ဆကံ-အလိုရှိသော အပြစ်သို့၊ ယာဝဒိစ္ဆကံ-အလိုရှိတိုင်း) ဆွဲကြငင်ကြလိမ့်မည် ... ဒါ့ကြောင့် ငါတို့က ဝိနည်း အပြစ်ကို ယခုနှယ်က တင်ကြို၍ ပြောထားကြစို့”[၁]
ဤသို့ တိုင်ပင်ကြပြီးလျှင်... “ဤ ခုဒ္ဒါနုခုဒ္ဒက (သေးသေးနုပ်နုပ်) သိက္ခာပုဒ်ကလေးတွေကို သင်ယူနေခြင်းဖြင့် ဘာအကျိုးရှိမှာလဲ၊ (ပါရာဇိက, သံဃာဒိသေသ် သိက္ခာပုဒ်ကြီးတွေကို တတ်သိ နားလည်လျှင်တော် ရော့ပေါ့-ဟု ဆိုလိုသည်)၊ ဤ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ကလေးတွေဟာ (သူတို့ကို သင်အံလေ့ကျက် ဆောင်ရွက်နေသမျှ) ကုက္ကုစ္စ-ဝိဟေသ-ဝိလေခ ဖြစ်ဘို့သာရှိတယ်၊ (သည့်ပြင် ဘာအကျိုးမှမရှိ)ဟု-သိက္ခာပုဒ်များကို ကဲ့ရဲ့ကြလေသည်။ [၁]
ကုက္ကုစ္စ
[ပြင်ဆင်ရန်]တစုံတခု မိပြောမိလျှင် ငါပြုတာ ငါပြောတာ အပြစ် ရှိလေမလား, မရှိဘူးလား ဟု တွေးတော ကြံဆနေမှုကို “ကုက္ကုစ္စ”ဟု ခေါ်၏။ [၁]
ဝိဟေသာ
[ပြင်ဆင်ရန်]ထိုသို့တွေးတောနေရသဖြင့် စိတ်ပင်ပန်းမှုကို “ဝိဟေသာ” ဟု ခေါ်၏။ [၁]
ဝိလေခ
[ပြင်ဆင်ရန်]ဤသို့ ကုက္ကုစ္စဖြစ်နေသောအခါ စိတ်ကို တစုံတခုဖြင့် ရေးခြစ်နေသကဲ့သို့ ဖြစ်ခြင်းကို “ဝိလေခ”ဟု ခေါ်သည်။ [၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယော ပန ဘိက္ခု ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ ‘‘ကိံ ပနိမေဟိ ခုဒ္ဒါနုခုဒ္ဒကေဟိ သိက္ခာပဒေဟိ ဥဒ္ဒိဋ္ဌေဟိ, ယာဝဒေဝ ကုက္ကုစ္စာယ ဝိဟေသာယ ဝိလေခါယ သံဝတ္တန္တီ’’တိ, သိက္ခာပဒဝိဝဏ္ဏကေ ပါစိတ္တိယံ။[၁]
မြန်မာပြန်
[ပြင်ဆင်ရန်]အကြင် ရဟန်းသည် ပါတိမောက်ကို ရွတ်ဆိုအပ်သော် ဤသို့ ပြောဆိုအံ့၊ (အဘယ်သို့ ပြောဆိုရာသနည်း၊) “ရွတ်ဆိုအပ်ကုန်သော ငယ်ကုန် သာ၍ငယ်ကုန်သော ဤသိက္ခာပုဒ်တို့ဖြင့် ဘာအကျိုးရှိမှာလဲ၊ ဤခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့သည် အလွန်အကဲသာလျှင် ကုက္ကုစ္စ အကျိုးငှါ၎င်း, ပင်ပန်းခြင်းငှါ၎င်း, စိတ်ကိုရေးခြစ်သကဲ့သို့ ဖြစ်သော ဝိစိကိစ္ဆာ အကျိုးငှါ၎င်း, ဖြစ်ကုန်၏။ ဤသို့ ပြောဆိုအံ့၊ ဤသို့ သိက္ခာပုဒ်ကို ကဲ့ရဲ့ခြင်းကြောင့် ထိုရဟန်းမှာ ပါစိတ်အာပတ် သင့်၏။ [၁]
မှတ်ချက်
[ပြင်ဆင်ရန်]ဝိနည်းကို ကဲ့ရဲ့၍ ဝိနည်းကို မသင်ကြပါနှင့်”ဟု ပြောလျှင်လည်း ဤသိက္ခာပုဒ်အရ အပြစ်ရှိ၏။ ကဲ့ရဲ့လို၍ မဟုတ်ဘဲ “သုတ္တန်ကို အလျင် သင်ပါ, နောက်မှ ဝိနည်းသင်တာပေါ့”ဟု ပြောခြင်း မျိုးကား အာပတ် မသင့်။ [၁]