ရတနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ငွေထုပ်ကိုသိမ်းထားမှု။

အမှုသည်—ရဟန်းတပါး။

ပုဏ္ဏား၏ ငွေထုပ်[ပြင်ဆင်ရန်]

ရဟန်းတော်တပါးသည် အစီရဝတီမြစ်၌ ရေချိုးနေစဉ် ပုန်ဏားတယောက်လည်း အသပြာ(ငွေ)ငါးရာထုပ်ကို ကုန်းပေါ်မှာချထား၍ ရေဆင်းချိုး၏၊ ထိုပုန်ဏားသည် ရေချိုးပြီးနောက် ထိုအသပြာထုပ်ကိုမေ့၍ ပြန်သွားလေသော် ရဟန်းတော် တွေ့၍ (အခြားသူ ယူသွားမည်စိုးသောကြောင့် ပြန်ပေးဘို့ရာ) ကောက်ယူထားလေ၏၊ ထိုပုန်ဏားလည်း အတော်သွားပြီးမှ သတိရ၍ ပြန်လာပြီးလျှင် ရဟန်းကို မေးလေရာ ထိုရဟန်းထံမှ အလွယ်တကူပြန်ရလေ၏။ [၁]

[ထိုခေတ်၌ ထိုကဲ့သို့ ကိစ္စဝယ်ကျေးဇူးတင်၍ ငွေတရာလျှင် ငါးကျပ်ကျ ပြန်ပေးလေ့ရှိ၏၊] ပုန်ဏားသည် ထိုသို့ပေးရမည် စိုးသောကြောင့် “ကျွန်ုပ်ဟာ ငါးရာမဟုတ်ဘူး, တထောင်ဖြစ်တယ်"ဟု ပြော၍ ထိုရဟန်းတော်ကို အနှောက်အရှက် ပေးပြီးမှ လွတ်လိုက်လေသည်။ ရဟန်းတော်လည်း ‌ကျောင်းတော်ရောက်၍ သူ့ဖြစ်ပုံကို ပြောပြလေရာ ရဟန်းကိုသာ ဝိုင်း၍ “ရတနာ (ငွေ) ကိုကောက်ယူ သိမ်းထားရမလား”ဟု အပြစ်တင်ကြလေသည်၊ ထိုအကြောင်းကို သိတော်မူ၍ “ယောပန ဘိက္ခု ရတနံဝါ ရတန သမ္မတံဝါ ဥဂ္ဂဏှေယျဝါ ဥဂ္ဂဏှာပေယျဝါ၊ ပါစိတ္တိယံ”၊ ရတနာကိုဖြစ်စေ ရတနာဟု သမုတ်အပ်သော ဝတ်စားတန်ဆာကိုဖြစ်စေ ကိုယ်တိုင်ကောက်ယူလျှင် သို့မဟုတ် အကောက်အယူခိုင်းလျှင် ပါစိတ်အာပတ်သင့်၏။]ဟု မူလပညတ်ကိုထားတော်မူရလေသည်။ [၁]

ဝိသာခါ၏ ဘဏ္ဍာထုပ်[ပြင်ဆင်ရန်]

ထိုသို့ မူလပညတ်တော်ကို ပညတ်တော်မူပြီးရာ အခါတပါး သာဝတ္ထိမြို့တော်ဝယ် ကြီးကျယ်သောဥယျာဉ်ပွဲ ရှိ၏၊ လူအများပင် ဝတ်စားတန်ဆာပြင်ဆင်၍ ဥယျာဉ်သို့ သွားကြ၏၊ ဝိသာခါလည်း ဥယျာဉ်သွားမည်ဟု ဆင်ပြင် ထွက်လာပြီးမှ ဘုရားအထံတော်သို့ သွားလိုသောစိတ် ဖြစ်ပေါ်လာသဖြင့် ဆင်ပြင်ထားသော တန်ဆာကို ချွတ်၍ နောက်ပါကျွန်မထံ ထိုးအပ်လျက် ဘုရားအထံ ချဉ်းကပ်လေသည်။ ဘုရားရှင်၏ ဩဝါဒကို နာယူပြီးနောက် ပြန်သွားသောအခါ ကျွန်မသည် ထိုတန်ဆာထုပ်ကို မေ့ထားခဲ့လေရာ ရဟန်းများတွေ့၍ ဘုရားရှင်အား လျှောက်ကြသဖြင့် “ကောက်ယူသိမ်းထား လိုက်ကြ”ဟု မိန့်တော်မူပြီးလျှင် “ကျောင်းတိုက် အာရာမ်အတွင်း၌ ဖြစ်မူ ကောက်ယူနိုင် သိမ်းထားနိုင်၏။ ကျောင်းတိုက်အာရာမ်မှ အခြားအရပ်၌ ကောက်ယူသိမ်းထားလျှင် ပါစိတ်အာပတ်”ဟု မိန့်တော်မူ၍ “ယောပန ဘိက္ခု ရတနံဝါ ရတနသမ္မတံဝါ အညတြ အဇ္ဈာရာမာ ဥဂ္ဂဏှေယျဝါ ဥဂ္ဂဏှာပေယျဝါ၊ ပါစိတ္တိယံ”ဟု အနုပညတ် တပ်တော်မူရလေသည်။ [၁]

အလုပ်သ္မား၏ လက်စွပ်[ပြင်ဆင်ရန်]

ထိုသို့ ပညတ်တော် မူပြီးသောအခါ များစွာသော ရဟန်းတော်တို့သည် ကာသိနယ်သို့ ဒေသစာရီ လှည့်လည်ကြလေရာ အနာထပိဏ် သဌေး၏ အလုပ်သ္မားများနေရာ ရွာသို့ရောက်ကြလေသည်။ အနာထပိဏ်သူဌေးသည် သူ၏ အတွင်းလူတယောက်ကို “ရဟန်းတော်များ ရောက်လာလျှင် ဆွမ်းပြုစုဘို့ မှာထား၏” ထို့ကြောင့် ထိုအတွင်းလူ အလုပ်သ္မားသည် ရဟန်းတော်များကို ပင့်၍ ဆွမ်းကပ်ခါနီးတွင် သူ၏ လက်စွပ်ကို ချွတ်ထား၏၊ ဆွမ်းကပ်ပြီးလျှင် “အရှင်ဘုရားများလဲ ဆွမ်းဘုန်းပေးပြီး အလိုရှိရာ ကြွကြပေတော့၊ တပည့်တော်လဲ အလုပ်သွားစရာ ရှိပါသေးသည်”ဟုလျှောက်၍ လက်စွပ်ကို မေ့ပြီး အလုပ်သွားလေသည်။

ထို့နောက် ရဟန်းတော်များသည် ထိုလက်စွပ်ကိုမြင်၍ “ငါတို့သွားလျှင် ဤလက်စွပ် ပျောက်ရှာတော့မည်”ဟု စိုးရိမ်ကြသောကြောင့် မပြန်သေးဘဲ ဆွမ်းစားသော နေရာ၌ပင် နေကြလေရာ အလုပ်သ္မားပြန်လာမှ အကြောင်းကို ပြောပြ၍ ပြန်ကြွတော်မူကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ “ကျောင်းတိုက်အတွင်း မဟုတ်သော်လည်း (ခေတ္တဖြစ်စေ) မိမိနေထိုင်ရာ အိမ်ကျောင်းစသော အရပ်၏အတွင်း၌ ကောက်ယူ သိမ်းထားနိုင်၏၊ အာရာမ်အတွင်း နေရာအရပ်အတွင်းမဟုတ်လျှင် မကောက်မယူရ”ဟု ဒုတိယ အနုပညတ် တပ်ဆင့်တော်မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု ရတနံ ဝါ ရတနသမ္မတံ ဝါ အညတြ အဇ္ဈာရာမာ ဝါ အဇ္ဈာဝသထာ ဝါ ဥဂ္ဂဏှေယျ ဝါ ဥဂ္ဂဏှာပေယျ ဝါ, ပါစိတ္တိယံ။ ရတနံ ဝါ ပန ဘိက္ခုနာ ရတနသမ္မတံ ဝါ အဇ္ဈာရာမေ ဝါ အဇ္ဈာဝသထေ ဝါ ဥဂ္ဂဟေတွာ ဝါ ဥဂ္ဂဟာပေတွာ ဝါ နိက္ခိပိတဗ္ဗံ ‘‘ယဿ ဘဝိဿတိ, သော ဟရိဿတီ’’တိ, အယံ တတ္ထ သာမီစိ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

ရဟန်းသည် ရတနာကိုဖြစ်စေ ရတာဟု သမုတ်အပ်သော အသုံးအဆောင်ကိုဖြစ်စေ အာရာမ်အတွင်း မိမိနေရာဌာန အတွင်းကို ကြဉ်၍ ကိုယ်တိုင်သော်လည်း ကောက်ယူအံ့၊ သူတပါးကိုသော်လည်း ကောက်အယူခိုင်းအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ ဆက်ဉုးအံ့၊ ရဟန်းသည် ရတနာကိုဖြစ်စေ ရတနာဟု သမုတ်အပ်သော အသုံးအဆောင်ကိုဖြစ်စေ အာရာမ်အတွင်း၌သော်၎င်း မိမိနေရာဌာနအတွင်း၌သော်၎င်း ကိုယ်တိုင်ကောက်ယူပြီး၍ ဖြစ်စေ သူတပါးကို ကောက်အယူခိုင်း၍ ဖြစ်စေ သိမ်းထားနိုင်၏၊ အဘယ်သို့ ရည်ရွယ်၍ သိမ်းထားရမည်နည်း၊ [၁]

စာမျက်နှာ-၂၅၂ “အကြင်သူ၏ ဥစ္စာဖြစ်လတံ့၊ ထိုဥစ္စာရှင်သည် ဆောင်ယူလာလိမ့်မည်” ဤသို့ရည်ရွယ်၍ သိမ်းထားရမည်၊ ဤသို့ကောက်ယူ၍ သိမ်းထားခြင်းသည် ထိုရတန, ရတနသမ္မတကို တွေ့ရာ၌ လောကုတ္တရာတရားအားလျော်သော ကျင့်ဝတ်တမျိုးပေတည်း။[၁]

မှတ်ချက်[ပြင်ဆင်ရန်]

“ရတနာ”ဟူသည် ရွှေငွေ ပုလဲစသော ရတနာ ၇-ပါးတည်း၊ “ရတနာဟု သမုတ်အပ်သော အသုံးအဆောင်” ဟူသည် ရတနာ အတုများနှင့် ဝတ်စားတန်ဆာ အဝတ်အထည် အသုံးအဆောင်များတည်း၊ ထိုပစ္စည်းများကို ကျောင်းတိုက်အတွင်း မိမိနေရာဌာန အတွင်း၌ မေ့နေရစ်သော်၎င်း ကျရစ်သော်၎င်း သိမ်းဆည်းမထားလျှင် ရဟန်း သာမဏေများ ယူထားသည်ဟု ထင်ဘွယ်ရှိသောကြောင့် ကောက်ယူ သိမ်းထားဘို့ရန် ဝတ်တရားရှိသည်ဟု ပညတ်တော်မူခြင်းဖြစ်သည်၊ ထိုသို့ ကောက်ယူသိမ်းထားဘို့ရန် ဝတ်တရားရှိလျက် ဝတ်တရားပျက်ကွက်လျှင်ကား-ဝတ္တဘေဒဒုက္ကဋ်(ဝတ်ပျက်မှုအာပတ်)သင့်သေး၏။ [၁]

ဆက်ဉုးအံ့[ပြင်ဆင်ရန်]

ထိုသို့ အထင်မှားမည်စိုး၍သာ သိမ်းထားခွင့်ရှိသောကြောင့် အထင် မှားစရာမရှိသော လူအများ နေထိုင်ရာ သွားလာရာအရပ်၌ကား ကောက်ယူသိမ်းထား ခွင့်မရ၊ ထို့ပြင် လူဝတ်ကြောင်တို့က “မည်သည့်ပစ္စည်းကို သိမ်းထားပေးစမ်းပါ”ဟု စေခိုင်းလျှင်လည်း မိဘပစ္စည်းပင်ဖြစ်စေကာမူ သိမ်းဆည်းမပေးရ၊ “ငါတို့မှာမအပ်ဘူး” ဟု ပယ်ရမည်၊ သူတို့က အရေးကြီး၍ အတင်းထားသွားလျှင်ကား မတတ်သာ၍ ကြည့်ရှု သိမ်းထားခွင့်ရှိသည်-ဟူ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး