မဟာနာမသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—နှိပ်နှိပ်စက်စက်တောင်းမှု။
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
မဟာနာမ်မင်းကြီး ဆေးလှူခြင်း
[ပြင်ဆင်ရန်]“မဟာနာမ်မင်းကြီး”ဟူသည် ဗုဒ္ဓရှင်တော်၏ ဘထွေးတော် သား(ညီအစ်ကို တဝမ်းကွဲတော်သူ နောင်တော်ကြီး ဖြစ်သော) သကဒါဂါမ် ဥပါသကာကြီး ပေတည်း၊ သူသည် သံဃာတော်အား ဆေးပစ္စည်းများ အလိုရှိလျှင် တောင်းခံတို့ရာ ၄-လအတွက် တာဝန်ခံ၍ ဖိတ်မန်ထားလေသည်။ ရဟန်းတော်များသည် မတောင်းကောင်းဘူးထင်၍ မတောင်းကြကုန်၊ ဗုဒ္ဓရှင်တော် သိတော်မူ၍ ၄-လပတ်လုံးဆေးပစ္စည်းဖြင့် ဖိတ်မန်ခြင်းကို(ရောဂါရှိလျှင် တောင်းမည်, ဟူသော စိတ်ထားဖြင့် လက်ခံနိုင် သာယာနိုင်သည်”ဟု ထပ်လောင်း၍ ခွင့်ပြုတော်မူရလေသည်။ ထိုသို့ ခွင့်ပြုထားသော်လည်း နဲနဲပါးပါးသာ တောင်းကြသောကြောင့် ထောပတ်စသော ဆေးပစ္စည်းတွေ များပြားနေလေသော် နောက် ၄-လအတွက်ထပ်၍ ဖိတ်ပြန်လေသည်၊ ရှေးအတိုင်းပင် အတောင်းအခံနည်းပါးသဖြင့် များမြဲများပြန်ရာ ဗုဒ္ဓထံတော်လျှောက်၍ အမြဲမပြတ် တသက်လုံးအတွက် ထပ်၍ ဖိတ်ပြန်လေသည်။[၁]
ဆဗ္ဗဂ္ဂီတို့ အလွန် တောင်းကြပုံ
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့ကား သင်းပိုင်ဝတ်ပုံ ဧကသီရမ်းပုံ ရုံပုံ သပ်သပ် ရပ်ရပ် မရှိကြ၊ နေထိုင်ပြောဆိုပုံများလည်း ရဟန်းနေ ရဟန်းထိုင် မဟုတ်ဘဲ လူနေ လူထိုင် ဖြစ်နေကြ၏။ မဟာနာမ်မင်းကြီးသည် ထိုဆဗ္ဗဂ္ဂီတို့ကိုမြင်၍ “ရဟန်းဆိုတာ ညီညီ ညာညာ ဝတ်ရ ရမ်းရ ရုံရပါတယ်၊ ရဟန်းအချိုးကျအောင် နေထိုင်ပြောဆို ရပါတယ်”ဟု (သွန်သင်သော အနေအားဖြင့်) လျှောက်ထားသည်ကို ဘုန်းကြီးမာန်တက်၍ နေသော ဆဗ္ဗဂ္ဂီတို့ မခံနိုင်ရကား မင်းကြီးအပေါ် အငြိုးထားကြလေသည်။ ထို့နောက် “ဒီမင်းကြီးကို ဘယ်နည်းနှင့် နာမည်ပျက်၍ အရှက်ရအောင် လုပ်ကြရပါ့မလဲ”ဟု စဉ်းစားတိုင်ပင်ကြလေရာ ဆေးပစ္စည်းဖြင့် ဖိတ်မန်ထားသည်ကို သတိရ၍ “ဟန်ကျပြီ သူ့ကို ထောပတ် တောင်းကြစို့”ဟု တိုင်ပင်ကာ မင်းကြီးထံသွား၍ “ထောပတ် တစိတ် သားလောက် အလိုရှိတယ်”ဟု တောင်းကြလေသည်။
မင်းကြီး။ ။ အဇ္ဇဏှော ဘန္တေ အာဂမေထ = ယနေ့တရက် ဆိုင်းငံ့ကြ ပါဘုရား၊ (လုပ်သားများ နွားခြံသို့ ထောပတ်ယူရန်သွားကြပါပြီ။ ကာလံ အာဟရိဿထ နက်ဖြန်ခါ၌ ဆောင်ယူကြပါလိမ့်မည်။ [ဝိမတိဋီကာ၌ “ကာလ ဘဿထ-ယနေ့ကာလကို လွန်သွား ပါလိမ့်”ဟုလည်း မူကွဲရှိ၏။
ဆဗ္ဗဂ္ဂီ။ ။ (၂-ကြိမ်ထပ်၍ တောင်းကြ၏၊ မင်းကြီး ထိုအတိုင်းလျှောက်၏၊ ၃-ကြိမ်ထပ်၍ တောင်းကြပြန်၏၊ မင်းကြီးကား ထိုအတိုင်းပင် လျှောက်သည်၊ ဆဗ္ဗဂ္ဂီတို့သည် နဂိုကပင် မင်းကြီးကို နှိပ်စက်လို၍ တောင်းခြင်းဖြစ်ရကား) –ဒါယကာကြီး အသင် ဒါယကာကြီးဟာ ဖိတ်တော့ဖိတ်ပြီး မလှူဘူး, မလှူချင်ဘဲနှင့် ဖိတ်ထားလို့ ဘာလုပ်မှာလဲ”ဟု နှိပ်နှိပ်စက်စက် ပြောဆိုပြန်သွားကြ လေသည်။
မင်းကြီး။ ။ “ကိုယ်တော်တွေ့နှယ်— ယနေ့ တရက်လောက် ဆိုင်းငံ့ကြပါ, နွားခြံသို့ အယူသွားကြပါတယ်, နက်ဖြန် ယူလာပါလိမ့်မယ်-ဟု လျှောက်ပါလျက် မဆိုင်းငံ့ကြဘူး”ဟု ကဲ့ရဲ့သည်ကို အခြား ရဟန်းတော်များကြား၍ ရှင်တော်ဘုရားအား လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]အဂိလာနေန ဘိက္ခုနာ စတုမာသပ္ပစ္စယပဝါရဏာ သာဒိတဗ္ဗာ အညတြ ပုနပဝါရဏာယ, အညတြ နိစ္စပဝါရဏာယ။ တတော စေ ဥတ္တရိ သာဒိယေယျ, ပါစိတ္တိယံ။ [၁]
မြန်မာပြန်
[ပြင်ဆင်ရန်]ဂိလာန မဟုတ်သော (ကျန်းကျန်း မာမာ ရှိသော) ရဟန်းသည် (နောက်ထပ်ဖိတ်ခြင်း သို့မဟုတ် အမြဲအသက်ထက်ဆုံး ဖိတ်ခြင်းမျိုး မဟုတ်ဘဲ) ၄-လဟု ကန့်သတ်၍ ဆေးပစ္စည်းဖြင့် ဖိတ်ခြင်းကို (မကျန်းမာသည့်အခါ တောင်းမည်ဟု ရည်ရွယ်၍) လက်ခံသာယာကောင်း၏၊ ထို၄-လထက်ပို၍ လက်ခံသာယာလျှင်ကား ပါစိတ်အာပတ်သင့်၏။ ဤသိက္ခာပုဒ်၌ ဝတ္ထုကြောင်း ၃-ချက်ရှိသော်လည်း ပညတ်တော်မှာ တမျိုးသာရှိ၏၊ မူလပညတ် အနုပညတ်ဟု မကွဲပြားတော့ချေ။ [၁]
မှတ်ချက်
[ပြင်ဆင်ရန်]မူလဝတ္ထုကြောင်း၌ ၄-လဖိတ်, နောက်ထပ်ဖိတ်, အမြဲဖိတ်ဟု ၃-မျိုး ကွဲပြားသောကြောင့် “စတုမာသ ပစ္စယပါရဏာ သာဒိတဗ္ဗာ”ဟု၎င်း “အညတြ ပုန ပဝါရဏာယ”ဟု၎င်း “အညတြ နိစ္စပဝါရဏာယ” ဟု၎င်း မိန့်တော်မူသည်၊ အချုပ်မှာ-ဆေးပစ္စည်းဖြင့် ဖိတ်လာလျှင် ဘယ်အခါမဆို လက်ခံကောင်းပါသည်၊ တနှစ်အတွက် ဖိတ်လျှင် တနှစ်အတွက်တောင်းကောင်း၏၊ ကန့်သတ်ထားသော ကာလထက်ပို၍ကား မတောင်းကောင်း၊ မည်သည့်ဆေး (ထောပတ် သို့မဟုတ် ပျားရည် စသည်ဖြင့်) ဆေးနာမည်တပ်၍ ကန့်သတ်ထားပြန်လျှင်လည်း ထိုဆေးကို သာတောင်းကောင်း၏၊ နာမည်မတပ်ပါမူ အခါမရွေး ဆေးမရွေး တောင်းကောင်း၏။ သို့သော် “အဂိလာနေန ဘိက္ခုနာ”ဟု မိန့်တော်မူသောကြောင့် တောင်းသည့်အချိန်မှာ ဆိုင်ရာဆေးနှင့် သင့်တော်သော ရောဂါရှိသူ ဂိလာနလည်း ဖြစ်စေရမည်၊ ရောဂါမရှိဘဲကား မတောင်းကောင်း၊ ဖိတ်ထားသောဆေးက တခြား, ရောဂါက တခြား ဖြစ်နေပြန်လျှင်လည်း အကျိုးအကြောင်းပြောပြ၍ မဖိတ်သောဆေးကိုပင် တောင်းကောင်းပါ၏။ ဖိတ်ထားသောရက် လွန်သွားမှ ရောဂါဖြစ်ပြန်လျှင်လည်း လွန်သွားကြောင်းကို ပြောပြ၍ တောင်းကောင်းပါသေး၏။ ဤကား ဆေးအတွက် သက်သက် ဖိတ်ထားသူထံ တောင်းခံနည်းတည်း၊ အမြဲပစ္စည်း ၄-ပါး ဖိတ်ထားသူ၌ကား အခါမရွေး တောင်းကောင်းသည်။ [၁]
သတိပြုဘွယ်
[ပြင်ဆင်ရန်]ဤသိက္ခာပုဒ်၌ ဖိတ်မန်ထားသူထံ အလွန်အမင်း တောင်းခြင်း ဟူသော အပြစ်ကိုတွေ့ရ၏။ ယခုကာလ၌လည်း ပစ္စည်း ၄-ပါးဖိတ်ထားသူကို အတောင်းအရမ်းများခြင်းကြောင့် အပြစ်ပြောသံကို မကြာခဏ ကြားရ၏။ ထို့ပြင်-မဟာနာမမင်းကြီးသည် ဆဗ္ဗဂ္ဂီတို့ ဝတ်ပုံရုံပုံနေထိုင်ပုံမှ စ၍ မသပ်ရပ်ခြင်းကြောင့် အပြစ်တင်၏။ ယခုကာလ၌လည်း အဝတ်အစား အနေအထိုင် မသပ်ရပ်မှုကြောင့် လူများ၏အထင်သေးကို ခံနေကြရလေပြီ၊ ဘုန်းကြီးများကို မိရိုးဖလာ ကိုးကွယ်ခဲ့ကြသော်လည်း များစွာသော နောက်ခေတ် လူတို့က အထင်သေးလျက် ရှိကြလေပြီ။ ထို့ကြောင့် အထင်သေးခံရခြင်း၏ အကြောင်းများကို အနာဂတ် သာသနာရေး၌ အကျယ်ရေးထားပြီးဖြစ်ရကား ထိုအပြစ်များကို မိမိတို့၌ မရှိရအောင် အထူးသတိပြုကာ သာသနာတော်ကို မြှင့်တင်တော် မူကြပါကုန်။ [၁]