ဂဏဘောဇနသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—အဖေါ်အပေါင်းနှင့်အတူ ဂဏဘောဇဉ်ကိုစားမှု။
အမှုသည်—ရှင်ဒေဝဒတ်။
ရှင်ဒေဝဒတ် လာဘ်လျော့လာပုံ
[ပြင်ဆင်ရန်]အရှင်ဒေဝဒတ်သည် ဈာန်အဘိညာဉ်ကို ရဘူးသေးသောကြောင့် နဂိုက လာဘ်လာဘ မရှားသော ပုဂ္ဂိုလ်တပါးပင် ဖြစ်၏၊ ဗိမ္ဗိသာရမင်းကို သတ်ဘို့ရန် (အဇာတသတ်အား)အကြံပေးမှု, လေးသမားများအား စေလွှတ်၍ ဘုရားကို အပစ်သတ်ခိုင်းမှု, ဘုရားကို ကျောက်ဖြင့် လှိမ့်ချ၍ လုပ်ကြံမှုတို့၌လည်း အကြောင်းသိသူ နည်းပါးသောကြောင့် မှုပြစ်မထင်ရှားရကား လာဘ်လာဘ မလျော့သေးချေ၊ နာဠာဂိရိ မည်သော ဓနပါလလည်းမည်သော ဆင်ကြီးကို အရက်တိုက်စေ၍ ဘုရားကြွလာတော်မူမည့် လမ်းသို့လွှတ်ကာ ဆင်နှင့်အတိုက်ခိုင်းရာ၌ကား နေ့လယ် ကြောင်တောင် မြို့လယ်ခေါင် ဖြစ်နေ၍ သူ၏ပြစ်မှု ထင်ရှားသောကြောင့် ထိုအမှုကိုအစပြု၍ ရှေးကပြစ်မှုတွေပါ (နဂိုကသိလျက် မပြောဝံ့၍ ဖုံးထားရ သူတို့က)ထုတ်ဖေါ်ပြောကြလေသည်၊ ထိုအခါ “ဒီအမှုတွေကို ရှင်ဘုရင်နှင့် ပင်း၍ပြခြင်းဖြစ်သည်၊ ရှင်ဘုရင်က ဘာ့ကြောင့် ဒီလောက် ယုတ်မာသူကို ကြည်ဖြူစွာ ချီးမြှောက်ထားရသလဲ”ဟု မြို့သူမြို့သားတို့ လှုပ်ရှား ထကြွလာသောကြောင့် အဇာတသတ်မင်းလည်း ရှင်ဒေဝဒတ်ကို နှင်ထုတ်ကာ ထောက်ပံ့မြဲဖြစ်သော ဆွမ်းအိုးငါးရာကိုလည်း ဖြတ်ပစ်ရလေတော့သည်။ [၁]
တောင်းရမ်းစားသောက်ရပုံ
[ပြင်ဆင်ရန်]ထိုအခါမှ စ၍ လာဘ်လာဘ ယုတ်လျော့ရကား ရှင်ဒေဝဒတ်သည် မိမိပရိသတ်နှင့်အတူ ဟိုအိမ် ဒီအိမ် စားသောက်ရပုံ လှည့်လည်၍ “သင်တို့က တပါးစာ ထမင်းကို ပေးကြပါ, သင်တို့က နှစ်ပါးစာ ထမင်းပေးကြပါ, ”စသည်ဖြင့်တောင်း၍ မိမိပရိသတ် နှင့်အတူ စားရလေသည်၊ ထိုအကြောင်းကို သိတော်မူ၍ “ဂဏဘောဇနေ ပါစိတ္တိယံ”ဟု မူလပညတ်ကို ထားတော်မူရလေသည်၊ [ဤ၌ ဂဏဟူသည် ၄-ပါးမှ အထက်ဖြစ်သော ရဟန်းအပေါင်းတည်း၊ ထို၄-ပါးမှအထက် ဖြစ်သော ရဟန်းအပေါင်းတို့အား လှူအပ်သော ဘောဇဉ်ကို “ဂဏဘောဇဉ်”ဟု ခေါ်သည်၊ ထိုဂဏဘောဇဉ်ကို စားလျှင် ပါစိတ်အာပတ်သင့်၏။] [၁]
ဘောဇဉ် ၅-ပါး
[ပြင်ဆင်ရန်]ဩဒနော သတ္တုကုမ္မာသော, မစ္ဆော မံသဉ္စ ဘောဇနံ” နှင့်အညီ
ဩဒန = စပါးမျိုး ၇-ပါးမှဖြစ်သော ဆန်တမျိုးမျိုးကို ချက်ထားသောထမင်း၊ (လက်ဖြင့်ကော်ယူ၍ ရလောက်သော ယာဂုအပြစ်လည်း ဩဒန၌ပါဝင်၏၊)
သတ္တု = စပါးမျိုး ၇-ပါး၏ ဆန်ကို အမှုန့်ထောင်း ထားသောမုံ့မှုန့်၊ (ထိုမုံမှုန့်ကို သကြား ထောပတ် နွားနို့စသည်ဖြင့် ရောစပ်၍ အရည်ဖြစ်စေ, အခဲဖြစ်စေ သောက်ကြစားကြရသည်၊)
ကုမ္မာသော = မုယောစပါး (ဂျုံဖြူ) ကိုလုပ်သော မုံ့အမျိုးမျိုး၊ (ယခုကာလ များစွာသော ဂျုံမုံ့)၊
မစ္ဆော = ငါး (ရေသတွာအမျိုးမျိုး၏ အသား)၊
မံသ = အသား (ကုန်းသတွာ အမျိုးမျိုး၏ အသား)၊ ဤ ၅-ပါးကို ဘောဇဉ် ၅-ပါးဟုခေါ်၏။ [၁]
အပ်-မအပ်ပင့်နည်း
[ပြင်ဆင်ရန်]ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ “ပိဏ္ဍပါတ = ပိဏ္ဍဆွမ်း”ဟူသော အသုံးအနှုန်းပါလျှင် ရဟန်းသုံးဖြစ်၍ အပ်သော အသုံးအနှုန်းတည်း၊ ဩဒန = ဘတ္တ = ထမင်း၊ သတ္တု, ကုမ္မာသ = မုံ့၊ မစ္ဆ = ငါး, ငါးခြောက်, ငါးပိ၊ မံသ-နွားသား, အမဲသားဟင်း, ဝက်သားဟင်းစသော အသုံးနှုန်းများကား အရပ်သုံး လူသုံးဖြစ်၍ မအပ်သော အသုံး အနှုန်းတည်း၊ ထိုမအပ်သော အသုံးအနှုန်းဖြင့် လာ၍ပင့်လျှင် သုံးပါးအထိသာ ထိုအစာကို ခံယူသုံးဆောင်ကောင်း၏၊ ၄-ပါးဖြစ်၍ ဂဏဖြစ်နေလျှင်ကား မခံယူကောင်း၊ ထို့ကြောင့် ဂဏဘောဇနဟူရာ၌ ၄-ပါးပေါင်း၍ ထမင်း ပေးပါစသည်ဖြင့် တောင်းခြင်းကို၎င်း, လူတို့က “ထမင်းစား ကြွပါ-မုံ့ဘုဉ်းပေးကြွပါ” စသည် ရဟန်း ၄-ပါးအား မအပ်မရာ ပင့်ဖိတ် လာခြင်းကို၎င်း မခံယူကောင်းဟုမှတ်၊ “ဆွမ်းဘုဉ်းပေး ကြွပါ = ဆွမ်းစား လာပါ၊ မုံ့တီဆွမ်း ဘုဉ်းပေးလှည့်ပါ” စသည်ဖြင့် ဆွမ်းဟုနာမည်ထည့်၍ ပင့်ဖိတ်လာလျှင်ကား အပ်လောက်ပါ၏-ဟု ယူကြသည်။ ဝတ္ထုကြောင်း၌ ၄-ပါး ၅-ပါး စသည်ပေါင်း၍ တောင်းမှုသာရှိသော်လည်း ပညတ်တော် မူသည့်အခါ၌မူ မအပ်မရာ ပင့်ဖိတ်မှုကို ထည့်ထားတော်မူသည်။ [၁]
အနုပညတ်
[ပြင်ဆင်ရန်]ထိုသို့ မူလပညတ်ကို ထားတော်မူပြီးနောက် ဝတ္ထု အမျိုးမျိုး ပေါ်ပေါက်လာသဖြင့် မကျန်းမာသည့်အခါ၌၎င်း, စီဝရဒါနဟု ခေါ်သော သင်္ကန်းလှူချိန်နှင့် စပ်ဆိုင်သည့် သီတင်းကျွတ်လပြည့်မှ (ကထိန်ရလျှင်) တန်ဆောင်မုန်းလပြည့်အထိ (ကထိန်ရလျှင်) တပေါင်းလပြည့် အထိ အခါ၌၎င်း, သင်္ကန်းချုပ်ကြရာ အခါ၌၎င်း, အနည်းဆုံး တယူဇနာ ဝက်မျှလောက် ခရီးရှည်သွားရမည့်အခါ၌၎င်း, လှေစီးသွားရာ အခါ၌၎င်း ရဟန်းအများစုမိ၍ လာသောဇဉ်ကိုမှ မစားလျှင် မမျှတလောက်ရာ အခါ၌၎င်း, ရဟန်း-ရသေ့-ပရိဗိုဇ် (ဘိုးသူတော်) စသူတို့က ကျွေးမွေးရာ အခါ၌၎င်း ဂဏဘောဇဉ်ကိုစားနိုင်၏၊ ထိုအခါမျိုး မဟုတ်လျှင် မစားရ-ဟု အနုပညတ် ထပ်တော်မူရလေသည်။[၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ဂဏဘောဇနေ အညတြ သမယာ ပါစိတ္တိယံ။ တတ္ထာယံ သမယော, ဂိလာနသမယော, စီဝရဒါနသမယော, စီဝရကာရသမယော, အဒ္ဓါနဂမနသမယော, နာဝါဘိရုဟနသမယော, မဟာသမယော, သမဏဘတ္တသမယော, အယံ တတ္ထ သမယော။[၁]
မြန်မာပြန်
[ပြင်ဆင်ရန်]စားသင့်ရာအခါကိုကြဉ်၍ ဂဏဘောဇဉ်ကိုစားခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ထိုစားသင့်ရာ အခါတို့ကား-မကျန်းမာရာ အခါ, သင်္ကန်းလှူရာအခါ, သင်္ကန်းချုပ်ဆိုးရာအခါ, အဓွန့်ရှည်သော ခရီးကိုသွားရာအခါ, လှေစီးရာအခါ, ရဟန်းများစွာ စုမိရာအခါ, သမဏအမည်ရသူတို့၏ ထမင်းကျွေးရာ အခါများတည်း။[၁]