အာဝသထပိဏ္ဍသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—တည်းခိုရာဇရပ်၌ အမြဲနေ၍ ဆွမ်းစားမှု

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ


တည်းခိုရာဇရပ်[ပြင်ဆင်ရန်]

သာဝတ္ထိမြို့၌အသင်းတသင်းသည်၏ အနီးအပါးဝယ် ဧည့်သည်တို့ တည်းခို နေထိုင်ဘို့ရာ ဇရပ်တဆောင်ကို ဆောက်လုပ်ထား၏၊ ထိုဇရပ်ကို ကောင်းစွာ လုံခြုံအောင် ကာရံ၍ ဇရပ်တွင်း၌ ခရီးသွားသူ မကျန်းမာသူ ကိုယ်ဝန်ဆောင် မိန်းမနှင့် ရသေ့ ရဟန်းများအတွက် ထိုက်သည်အားလျော်စွာ ညောင်စောင်း အင်းပျဉ် (ခုဋင်-ထိုင်ခုံ)များကိုလည်း ခင်း၍ သူ့ အခန်းနှင့်သူ တကန့်စီကန့်ပြီးလျှင် အခန်းမျက်နှာသာ အဝင်ပေါက်၌ ဆင်ဝင်စမုတ်များကိုလည်း အသီးအသီး ထားသဖြင့် တန်းလျားရှည် ဇရပ်မျိုးဖြစ်လေသည်။[၁]


ဆဗ္ဗဂ္ဂီတို့အမြဲနေ၍ ဆွမ်းစားမှု[ပြင်ဆင်ရန်]

ထိုဇရပ်၌ဧည့်သည်အာဂန္တုများအတွက် ဆွမ်း = ထမင်းကိုလည်းထားကြလေရာ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံ၍ မရလျှင် ထိုဇရပ်သို့ လာကြကုန်၏၊ ကောင်းမှုရှင်တို့ ကလည်း “အရှင်မြတ်တို့သည် တရံတခါ အတော်ကြာမှ လာကြပေသည်”ဟု ကောင်းမွန်စွာ ပြုစုကြကုန်၏၊ ဆဗ္ဗဂ္ဂီတို့ကား အလိုက်မသိကြ, နောက်တနေ့ ဆွမ်းမရလျှင်လည်း လာကြပြန်-ထိုနောက်တနေ့ ဆွမ်းမရလျှင်လည်း လာကြပြန်၏၊ ထိုသို့ ၃-ရက်မျှ စားပြီးသည့် အခါ၌ကား နက်ဖြန်လည်း လာဥုးမည့်အတူ မပြန်ဘဲနေကြ”ဟု တိုင်ပင်ကာ အမြဲနေ၍ ဆွမ်းစားကြလေသည်။ တိတ္ထိတို့ကား ရှောင်ရှားထွက်သွားကြကုန်၏၊ တိတ္ထိတို့ကို မမြင်ရ၍ မေးကြသည့်အခါ ရဟန်းများ အမြဲနေကြသည်ကို မြင်၍ ရှောင်သွားကြကြောင်းကို ကြားရသဖြင့် “ကိုယ်တော်တွေဟာ ဘာ့ကြောင့် နေ့စဉ်နေ၍ စားကြရသတဲ့လဲ, သူတို့ကို့ချည်းမဟုတ်ဘူး, လာလာသမျှအတွက် စားဘို့ ချက်ထားတာဖြစ်တယ်” ဟု ကဲ့ရဲ့ကြသည်ကို ဘုရားရှင် ကြားတော်မူ၍ “ဧကော အာဝသထပိဏ္ဍော ဘုဉ္ဇိတဗ္ဗော။ တတော စေ ဥတ္တရိ ဘုဉ္ဇေယျ, ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။ [၁]

အနုပညတ်[ပြင်ဆင်ရန်]

ထိုကဲ့သို့သော တည်းဇရပ်မျိုးကား ထိုထိုအရပ်၌လည်း ရှိတတ်၏၊ ထို့ကြောင့်အရှင်သာရိပုတြာသည် သာဝတ္ထိသို့ ကြွတော်မူလာရာဝယ် ထိုကဲ့သို့သောတည်းဇရပ်၌ တနေ့စာမျှ ဘုဉ်းပေးပြီးနောက် အတော် ပြင်းထန်သော ရောဂါဖြစ်၍ ထိုဇရပ်မှ မကြွနိုင်လောက်အောင် ပြင်းထန်သော ရောဂါဖြစ်လေသည်၊ ထို့ကြောင့် ဒါယကာတို့က နောက်တရက် ဆွမ်းကပ်ကြသည့်အခါ “မအပ်”ဟု အယူရှိ၍ မဘုဉ်းပေးဘဲ နေတော်မူရှာလေသည်၊ ထို့နောက် ရောဂါသက်သာ၍ သာဝတ္ထိသို့ ရောက်သောအခါ ထိုအကြောင်းကို ရဟန်းများအား ပြောပြ၍ ဘုရားရှင်လည်း သိတော်မူရသဖြင့် “အဂိလာနေန ဘိက္ခုနာ”ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်၊ ဤအနုပညတ်တော်အရ ဂိလာနဖြစ်နေလျှင် ရောဂါမပျောက်သေးခင် နေ့စဉ်စားကောင်း၏ဟု ခွင့်ပြုတော်မူရာရောက်သည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

အဂိလာနေန ဘိက္ခုနာ ဧကော အာဝသထပိဏ္ဍော ဘုဉ္ဇိတဗ္ဗော။ တတော စေ ဥတ္တရိ ဘုဉ္ဇေယျ, ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

ဂိလာန မဟုတ်သော ရဟန်းသည် တနေ့စာဖြစ်သော တည်းခိုရာ ဇရပ်စသည်၌ ဝတ်တည်အပ်သောဆွမ်းကို စားအပ် စားနိုင်၏၊ ထိုတနေ့စာထက် အလွန် အကယ်၍စားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး