ပါရာဇိကဏ်

ဝီကီပီးဒီးယား မှ

ပါရာဇိကဏ် (ပါဠိ: ပါရာဇိက; အင်္ဂလိပ်: Parajika) သည် ထေရဝါဒဗုဒ္ဓဘာသာရှိ ဝိနည်းကျမ်း ငါးကျမ်းထဲမှ ပထမဆုံးကျမ်းဖြစ်သည်။[၁] ဝိနည်းပိဋကတ်ကို သင်္ဂါယနာတင်သောပုံစံဖြင့် ဘိက္ခုဝိဘင်းဘိက္ခုနီဝိဘင်း'၊ မဟာဝဂ်၊ စူဠဝဂ်၊ ပရိဝါ ဟူ၍ ပိုင်းခြားပြီး ကျမ်းစာအနေဖြင့် ပါရာဇိကဏ်၊ ပါစိတ်၊ မဟာဝဂ်၊ စူဠဝဂ်၊ ပရိဝါ ဟူ၍ ပိုင်းခြားထားကြသည်။ ပါရာဇိကဏ်ကို ဘိက္ခုဝိဘင်းမှ ပါရာဇိက၊ သံဃာဒိသေသ၊ အနိယတ၊ နိဿဂ္ဂိယ အပိုင်းများကို ထုတ်နှုတ်၍ ပါရာဇိကပါဠိတော် (သို့) ပါရာဇိကဏ် ဟူ၍ ကျမ်းအဖြစ် ဖွဲ့စည်းထားသည်။ ထို့ကြောင့် ဤကျမ်းတွင် ရဟန်းတို့ကျင့်သုံးလိုက်နာရသည့် (၂၂၇) သိက္ခာပုဒ်များထဲက အချို့အဝက်ပါရှိသည်။[၂]

ပါရာဇိကပါဠိ[ပြင်ဆင်ရန်]

ဝိနည်းပိဋကတော်၏ ပထမဦးဆုံး ဝေရဉ္ဇကဏ္ဍ၌ ဝိနည်းသိက္ခာပုဒ်များ စတင်ပညတ်ရန်အတွက် အားထုတ်မှုတစ်ရပ်အနေဖြင့် ဝေရဉ္ဇာပြည်တွင် အရှင်သာရိပုတ္တရာမထေရ်မြတ်မှ မြတ်စွာဘုရားရှင်အား တောင်းပန်ပုံ အဖြစ်အပျက်နိဒါန်းအဖြစ်လည်းကောင်း၊ တနည်းအားဖြင့် ဝိနယပိဋကစတင်ပေါ်ပေါက်လာပုံ သမိုင်းအခြေခံအဖြစ်လည်းကောင်း လေ့လာနိုင်သည်။ မြတ်စွာဘုရားရှင်သည် ဝိနည်းသိက္ခာပုဒ်များကို ပညတ်ခဲ့သော်လည်း “မလိုအပ်ဘဲ စည်းကမ်းဥပဒေများကို ထုတ်ပြန်ခြင်း မျိုး” ကိုလိုလားဟန်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဝိနည်းသိက္ခာပုဒ်များကို ဝါတော်(၂၀)ရှိမှ စတင်ပညတ်ခြင်းကိုထောက်ဆ၍သော်လည်းကောင်း၊ ထို့အပြင် အောက်ပါ ဝေရဉ္ဇကဏ္ဍလာစကားရပ်ကိုထောက်ဆ၍သော်လည်းကောင်း သိသာနိုင်သည်။ “သာရိပုတ္တရာ! ဤသာသနာတော်၌ အာသဝေါတရားလျှင်တည်ရာရှိကုန်သော လွန်ကျူးမှုတရားတို့သည် ရဟန်းအဖွဲ့အစည်းများ၌ ထင်ရှားမဖြစ်ပေါ်သေးသမျှကာလပတ်လုံး မြတ်စွာဘုရားရှင်သည် တပည့်တို့အား သိက္ခာပုဒ်တို့ကို ပညတ်တော် မမူချေ၊ ပါတိမောက်ကိုပြတော်မမူချေ”။[၃]

ဖွဲ့စည်းမှု[ပြင်ဆင်ရန်]

ထို့နောက် ပါရာဇိကကဏ္ဍ-ရဟန်းတော်တို့အတွက် သိက္ခာပုဒ်တို့တွင် အရေးကြီးဆုံး လိုက်နာရန်နှင့် အပြင်းထန်ဆုံး ပါရာဇိကအာပတ် (သာသနာတော်မှ ရွေ့လျောကျခြင်း) လေးမျိုးတို့ကို ပြဆိုထားသည်။

ဤ ပါရာဇိကအာပတ်လေးမျိုးသည် ရဟန်းတော်တို့၏ ဝိနည်းစည်းကမ်း များတွင် အရေးကြီးဆုံးဖြစ်သကဲ့သို့ ကျူးလွန်မိသော ရဟန်းသည်လည်း ယခု ဘဝတွင်ပင် အလိုအလျောက်သိက္ခာကျပြီးသားဖြစ်သွားပြီး မဂ်ဖိုလ် နိဗ္ဗာန်မှ လွဲချော်နိုင်သည်အထိ အပြစ်ကြီးလေးလှပေသည်။ ပါရာဇိက အာပတ်သို့ရောက်သော ရဟန်းတစ်ပါးကို ဦးခေါင်းပြတ်သွားသော လူ၊ ကြွေကျသွားသောသစ်ရွက်၊ နှစ်လွှာကွဲသောကျောက်ဖြာ၊ လည်ဆစ်ပြတ် သွားသောထန်းပင်တို့နှင့် တင်စားလေ့ရှိသည်။ အဆိုပါ အပြစ်ကြီးလေးမျိုးမှာ-[၃]

ပါရာဇိက (၄) ပါး[ပြင်ဆင်ရန်]

  1. မေထုနပါရာဇိက= မေထုန်မှီဝဲမှု (အနိမ့်ကျဆုံးတိရစ္ဆာန်နှင့်မေထုန်မှီဝဲမူ)
  2. အဒိန္နာပါရာဇိက= ခိုးယူမှု (အနိမ့်ကျဆုံးတစ်မတ်၊ တစ်မတ်တန်သောသူတစ်ပါးဥစ္စာကို ခိုးယူမှု)
  3. မနုဿဝိဂ္ဂဟပါရာဇိက= လူသတ်မှု (အနိမ့်ကျဆုံး ကိုယ်ဝန်ပျက်ကျဆေးပေးမှု)
  4. ဥတ္တရိမနုဿဓမ္မပါရာဇိက= လူအထင်ကြီးစေလိုသောဆန္ဒဖြင့် တရားထူး၊ တရားမြတ်တို့ကို မရရှိသေးဘဲကြွားဝါမှုတို့ ဖြစ်သည်။

ပထမပါရာဇိကအခန်းတွင် မိမိစိတ်ဆန္ဒမပါဘဲ မိသားစုကိစ္စကြောင့် နောင်တရခဲ့ရသော အရှင်သုဒိန်၏ ကြေကွဲဖွယ်ဇာတ်လမ်းနှင့် မေထုန်နှင့်စပ်သတ်မှတ်ချက်များ၊ ဖြတ်ထုံးများကို လေ့လာနိုင်သည်။ ပထမပါရာဇိက အာပတ်နှင့်ပတ်သက်၍ အလွယ်ကူဆုံးချုပ်၍ဆိုရလျှင် “မည်သည့်နည်း၊ မည်သည့်ပုံစံနှင့်ကျူးလွန်သည်ဖြစ်စေ အာပတ်မှမလွတ်” ဟုအလွယ်တကူ မှတ်သားနိုင်သည်။

ရဟန်းတော်များအတွက် ဒုတိယပါရာဇိကအာပတ်မှ လွဲလျှင်ကျန်သုံးမျိုးမှာ ရှောင်ကြဉ်ရန် လွယ်ကူသိသာလှသော်လည်း ဒုတိယပါရာဇိကအာပတ်မှာမူ နေရာဒေသ၊ ယဉ်ကျေးမှုနှင့်ခေတ်အခြေအနေများကိုလိုက်၍ အငြင်းပွားရမှု မကြာ ခဏဖြစ်ရပြီး ဖြေရှင်းချက်များမကြာ ခဏပေးရလေ့ရှိသည်ကို တွေ့ရသည်။ ဥပမာ-နိုင်ငံတော်က တရားဝင်သတ်မှတ်ထားသော အကောက်အခွန် ဆိုင်ရာဥပဒေများနှင့် မညီညွတ်သောပစ္စည်းများကို ရဟန်းတော်များ ပါဝင်ပတ်သက်သုံးစွဲရာ၌ မည်ကဲ့သို့ဆုံးဖြတ်မည်နည်း? ဟူသော ပြဿနာမျိုးသည် ရဟန်းတော်များအတွက် သိမ်မွေ့ နူးညံ့ပြီး သတိလည်း ထားရသောကိစ္စမျိုးဖြစ်သည်။

ပါရာဇိကအာပတ်လေးပါးကို ခြုံ၍ကြည့်လျှင် ရဟန်းတစ်ပါးသည် အထက်ပါပြစ်မှုကြီးလေးမျိုးကို မည်သည့်နည်းနှင့်မှ ဥပဒေလက် တစ်လုံးခြားလုပ်၍ အပြစ်မှလွတ်နိုင်ခြင်း မရှိကြောင်းကို လေ့လာတွေ့ရှိရသည်။ သို့သော်လည်း ချွင်းချက်အနေဖြင့် ရူးသွပ်နေသော ရဟန်း၊ အစ လက်ဦးကျူးလွန်သောရဟန်း စသူတို့မှာ အပြစ်မှလွတ်ငြိမ်းခွင့် ပေးထား သည်ကိုလည်း တွေ့ရှိရသည်။[၃]

သံဃာဒိသိသ် (၁၃) ပါး[ပြင်ဆင်ရန်]

သံဃာဒိသေသကဏ္ဍ-အာပတ်သင့်လျှင် သံဃာအများ ပါဝင် သောသံဃကံဖြင့်ကုစားရသော သံဃာဒိသိသ်အာပတ်အမျိုးအစား (၁၃) မျိုးပါဝင်သည်။ ဤကဏ္ဍလာ ကုလဒူသကသိက္ခာပုဒ် (ဒါယကာတို့၏ ယုံကြည်မှုကို ဖျက်ဆီးမှု)တွင် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်တို့၏ ဆရာ+ ဒကာဆက်ဆံရေးတွင် သတိထားသင့်သော အချက်များ ပါဝင်သည်။ သတိမထားမိပါက မသိမသာဖြင့်နှစ်ဦးနှစ်ဖက်အကျိုးယုတ်စေနိုင်သော အန္တရာယ်အစွန်းများရှိကြောင်း တွေ့ ရှိနိုင်သည်။ [၃]

  1. သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်
  2. ကာယသံသဂ္ဂသိက္ခာပုဒ်
  3. ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်
  4. အတ္တကာမပါရိစရိယသိက္ခာပုဒ်
  5. သဉ္စရိတ္တသိက္ခာပုဒ်
  6. ကုဋိကာရသိက္ခာပုဒ်
  7. ဝိဟာရကာရသိက္ခာပုဒ်
  8. ဒုဋ္ဌဒေါသသိက္ခာပုဒ်
  9. ဒုတိယ ဒုဋ္ဌဒေါသသိက္ခာပုဒ်
  10. သံဃဘေဒသိက္ခာပုဒ်
  11. ဘေဒါနုဝတ္တကသိက္ခာပုဒ်
  12. ဒုဗ္ဗစသိက္ခာပုဒ်
  13. ကုလဒူသကသိက္ခာပုဒ်

အနိယတ (၂) ပါး[ပြင်ဆင်ရန်]

အနိယတကဏ္ဍ-အာပတ်ကျူးလွန်သူဝန်ခံချက်အတိုင်းဆုံးဖြတ်ရသည့် အနိယတသိက္ခာပုဒ် (၂) မျိုးပါဝင်သည်။ ဤသိက္ခာပုဒ်နှစ်ပုဒ်ကား ရဟန်းတော်နှင့်အမျိုးသမီး ဆက်ဆံရာတွင် နေရာဒေသနှင့်ပတ်သက်၍ သတိပေးချက်များသာ ဖြစ်ပါသည်။ [၃]

  1. ပထမ အနိယတသိက္ခာပုဒ်
  2. ဒုတိယ အနိယတသိက္ခာပုဒ်

နိဿဂ္ဂိယ (၃၀) ပါး[ပြင်ဆင်ရန်]

နိဿဂ္ဂိယကဏ္ဍ-အာပတ်သင့်ပစ္စည်းကို ရှေးဦးစွာစွန့်ပြီးမှ ကုစားရသော ပညတ်ချက်အမျိုးအစား (၃၀)တို့ကို ပြဆိုထားသည်။ ဤကဏ္ဍတွင် ယေဘုယျအားဖြင့်ရဟန်းတော်တို့အတွက် သင်္ကန်း၊ သပိတ် နှင့်ပတ်သက်၍ သတိပေး၊ တားမြစ်ချက်များကို အများဆုံးပညတ်ထားသည်။ [၃]

  1. ပထမကထိနသိက္ခာပုဒ်
  2. ဒုတိယကထိနသိက္ခာပုဒ်
  3. တတိယကထိနသိက္ခာပုဒ်
  4. ပုရာဏစီဝရသိက္ခာပုဒ်
  5. စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်
  6. အညာတကဝိညတ္တိသိက္ခာပုဒ်
  7. တတုတ္တရိသိက္ခာပုဒ်
  8. ဥပက္ခဋသိက္ခာပုဒ်
  9. ဒုတိယ ဥပက္ခဋသိက္ခာပုဒ်
  10. ရာဇသိက္ခာပုဒ်
  11. ကောသိယသိက္ခာပုဒ်
  12. သုဒ္ဓကာဠကသိက္ခာပုဒ်
  13. ဒွေဘာဂသိက္ခာပုဒ်
  14. ဆဗ္ဗဿသိက္ခာပုဒ်
  15. နိသီဒနသန္တတသိက္ခာပုဒ်
  16. ဧဠကလောမသိက္ခာပုဒ်
  17. ဧဠကလောမဓောဝါပနသိက္ခာပုဒ်
  18. ရူပိယသိက္ခာပုဒ်
  19. ရူပိယသံဝေါဟာရသိက္ခာပုဒ်
  20. ကယဝိက္ကယသိက္ခာပုဒ်
  21. ပတ္တသိက္ခာပုဒ်
  22. ဦနပဉ္စဗန္ဓနသိက္ခာပုဒ်
  23. ဘေသဇ္ဇသိက္ခာပုဒ်
  24. ဝဿိကသာဋိကသိက္ခာပုဒ်၊ ပတ္တဝဂ်
  25. စီဝရအစ္ဆန္ဒိနသိက္ခာပုဒ်
  26. သုတ္တဝိညတ္တိသိက္ခာပုဒ်
  27. မဟာပေသကာရသိက္ခာပုဒ်
  28. အစ္စေကစီဝရသိက္ခာပုဒ်
  29. သာသင်္ကသိက္ခာပုဒ်
  30. ပရိဏတသိက္ခာပုဒ်

ကိုးကား[ပြင်ဆင်ရန်]

  1. Ko Lay (1991)။ Myanmar Pitaka Association (ed.)။ Guide to Tipitaka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Kuala Lumpur, Malaysia: Sin Jayanti Buddhist Temple။
  2. ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့, ed. (၁၉၆၅)။ ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ။ ရန်ကုန်မြို့: မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ဘိက္ခု သကျလောကပဏ္ဍိတ (၂၀၁၀)။ ပဉ္စနိကာယ(ပိဋကတ်သုံးပုံ၊ ပါဠိတော်ကျမ်းများမိတ်ဆက်)