ဒုတိယပဝါရဏာသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု-ပဝါရိတ် သင့်ထားသော ရဟန်းအား နောက်ထပ်စားဘို့ရန် တိုက်တွန်းမှု။
အမှုသည်—ရဟန်းတပါး။
ရဟန်း၂-ပါး ဖြစ်ပုံ
[ပြင်ဆင်ရန်]ရဟန်း ၂-ပါးသည် သာဝတ္ထိမြို့သို့ ခရီးရှည်သွားစဉ် တပါးကဝိနည်းနှင့်မလျော်သော အမှုကို ပြုသောကြောင့် အဖေါ်တပါးက မပြုဘို့ရန် တားမြစ်ရာကို တားမြစ်သော ရဟန်းကို မလျော်သော အမှုကိုပြုသော ရဟန်းက ရန်ငြိုးဖွဲ့လေသည်၊ သာဝတ္ထိသို့ ရောက်သောအခါ ရန်ငြိုးဖွဲ့ထားသော ရဟန်းသည် သူ၏အမျိုး အိမ်သို့သွား၍ ဆွမ်းကို ယူလာပြီးလျှင် (မိမိကိုပြောဘူးသော) ထိုရဟန်းထိ သွား၍ စားစမ်းပါ”ဟု ထိုဆွမ်းကို ပေးလေ၏။ ထိုအပေးခံရသော ရဟန်းကား ပဌမပဝါရဏာသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ပဝါရိတ်သင့်ထားသောကြောင့် အတိရိတ္တ (အပိုအလျှံ စားကြွင်းစားကျန်) ခဲဘွယ် ဘောဇဉ်မဟုတ်လျှင် နောက်ထပ်မစားကောင်းတော့ချေ။ ထိုသို့ ပဝါရိတ်သင့်ပြီးမှန်းကိုလည်း ဆွမ်းလာပေးသော ရဟန်းသည်သိ၏။[၁]
ထိုသို့လာပေးသည့်အခါ “တော်ပါပြီ, ပြည့်စုံပါပြီ”ဟု ပဌမသော် ငြင်းပယ်၏။ ရန်ငြိုးဖွဲ့ထားသော ရဟန်းကား မစားချင် စားချင်အောင် “ကောင်းလွန်းလို့ပါ, စားစမ်းပါ”ဟုတိုက်တွန်းပြန်၏၊ ထိုအခါ သူတိုက်တွန်းလှသဖြင့် အားနာပါးနာ စားရရှာတော့၏၊ ထိုသို့စားလျှင် စားခြင်းပင် သင်လိုလူက ခရီးသွားတုန်းက ငါ့ကိုမအပ်ဘူးလေး ဘာလေးနှင့် ပြောရ သေးသလား, သင်လဲ ပဝါရိတ် သင့်ပြီးပါလျက် အတိရိတ္တမဟုတ်သော ဘောဇဉ်ကိုစားတာဘဲ”ဟု ပြောကာ လက်စားချေလေသည်။ ထိုအခါ “ငါ့ရှင် အစက အတိရိတ္တမဟုတ်ကြောင်းကို ပြောထိုက်သည် မဟုတ်ပါလား”... “ငါ့ရှင်ကလဲ မေးထိုက်သည်မဟုတ်ပါလား”ဟု အပြန်အလှန် ပြောဆိုကြ၍ အခြားရဟန်းတို့အား အစွပ်စွဲခံရသော ရဟန်းက ပြောပြလေသည်၊ ထိုအခါ အခြားရဟန်းတို့က ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်ကို လျှောက်ကြ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယော ပန ဘိက္ခု ဘိက္ခုံ ဘုတ္တာဝိံ ပဝါရိတံ အနတိရိတ္တေန ခါဒနီယေန ဝါ ဘောဇနီယေန ဝါ အဘိဟဋ္ဌုံ ပဝါရေယျ ‘‘ဟန္ဒ ဘိက္ခု ခါဒ ဝါ ဘုဉ္ဇ ဝါ’’တိ ဇာနံ အာသာဒနာပေက္ခော, ဘုတ္တသ္မိံ ပါစိတ္တိယံ။[၁]
မြန်မာပြန်
[ပြင်ဆင်ရန်]အကြင်ရဟန်းသည် ဆွမ်းစားစဉ် ပဝါရိတ်သင့်ပြီး ရဟန်းကို ပဝါရိတ် သင့်ထားမှန်းလည်း သိပါလျက် သက်သက် အပြစ်တင်ခြင်းကို ရှူငဲ့သည် (အပြစ်တင်မည်ဟု ကြံစည်ချက်ရှိသည်) ဖြစ်၍ “ရော့.... ဒီခဲဘွယ်ကလေးကို ခဲစမ်းပါ, ဒီစားဘွယ်ဘောဇဉ်ကို စားစမ်းပါ”ဟု အတိရိတ် မဟုတ်သော ခဲဘွယ်ဘောဇဉ်ဖြင့် ဖိတ်မံအံ့ (ပေးအံ့) (ထိုသို့ဖိတ်လျှင် ပေးလျှင်ပင် ဒုက္ကဋ်အာပတ် သင့်နှင့်ပြီ၊) ထိုအပေးခံရသော ရဟန်းက စားလျှင်ကား ပေးသော ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။[၁]