ဥယျုတ္တသေနာသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ရန်သူစစ်တပ်သို့ ချီတက်လာသော စစ်တပ်ကို ကြည့်ရှုမှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
စစ်တပ် အကြည့်သွားမှု
[ပြင်ဆင်ရန်]သာဝတ္ထိပြည်ရှင် ကောသလ မဟာရာဇာသည် မိမိ စစ်တပ်နှင့်အတူ ရန်သူစစ်တပ်ရှိရာသို့ ချီတက်ဘို့ရာ မြို့မှ ထွက်လာခဲ့၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကလည်း မြို့တော်မှ ထွက်လာသော ထိုစစ်တပ်ကို အကြည့်အရှုသွားကြ၏၊ မဟာရာဇာသည် ခပ်လှမ်းလှမ်း၌ လာနေကြသော ထိုရဟန်းတို့ကိုမြင်လျှင် အပင့်ခိုင်း၍ “ဘာလုပ်လာကြသတုန်း”ဟု မေး၏၊ “မဟာရာဇာကို ကြည့်ချင်လို့”ဟု ဖြေကြလေသော် “ကိံ ဘန္တေ မံ ဒိဋ္ဌေန ယုဒ္ဓါဘိနန္ဒနံ = စစ်တိုက်မှုကို လွန်စွာနှစ်သက်နေသော ဒကာတော်ကို ကြည့်ရခြင်းဖြင့် ဘာအကျိုးရှိမှာလဲ ဘုရား” နနု ဘဂဝါ ပဿိတဗ္ဗော = ဘုရားကို ဖူးနေလိုက်သည် မဟုတ်ပါလော”ဟု ပြောဆို့လွှတ်လိုက်လေသည်၊ ထိုအခါ စစ်သားတွေကလည်း ကဲ့ရဲ့ကြသဖြင့် “ယောပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ၊ ပါစိတ္တိယံ”ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။[၁]
သွားခွင့်ရပုံ
[ပြင်ဆင်ရန်]ထိုသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ရဟန်းတပါး၏ ဥုးကြီး(သို့မဟုတ်ဉုးလေး) ဖြစ်သော စစ်သားတယောက်သည် စစ်တပ်၌ မကျန်းမမာဖြစ်နေစဉ် သူ့တူ ဦးပဉ္စင်း ကြွလာဘို့ရာ လူလွှတ်၍ လျှောက်ထားလေ၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော်အား လျှောက်ထား၍ ရှင်တော်ဘုရားသည် “အညတြ တထာရူပပစ္စယာ” ဟု ဖြည့်စွက်တော်မူကာ အနုပညတ်ထပ်တော်မူရလေသည်။ [၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယော ပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ အညတြ တထာရူပပ္ပစ္စယာ, ပါစိတ္တိယံ။[၁]
မြန်မာပြန်
[ပြင်ဆင်ရန်]ဆွေမျိုးစစ်သား၏ မကျန်းမမာ ဖြစ်နေခြင်းစသော ထိုသွားထိုက်သော အကြောင်းမရှိဘဲ တိုက်ဘို့ရန် ထွက်လာသော စစ်တပ်ကို ကြည့်ရှူဘို့ရန် သွားသော ရဟန်းမှာ ပါစိတ် အာပတ်သင့်၏။[၁]
မှတ်ချက်
[ပြင်ဆင်ရန်]ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ်၍ ၄-ပါးစုံမှ “စစ်တပ်”ဟုခေါ်၏၊ ထို၄-မျိုး မစုံသော တပ်စိတ်တခုကို အကြည့် အရှုသွားလျှင်ကား ဒုက္ကဋ် အာပတ်သာ သင့်၏။ တိုက်ဘို့ရန်အတွက် လာသော စစ်တပ်မဟုတ်ဘဲ ဥယျာဉ်စသည်သို့ သွားသော စစ်တပ်ကို ကြည့်ရှုရန်သွားလျှင် ဤသိက္ခာပုဒ်အရ အာပတ်မသင့်၊ ဆွေမျိုးသားချင်း စသူက ပင့်ဖိတ်၍ အကြောင်းအားလျော်စွာ သွားလျှင်လည်း အနာပတ္တိပင်၊ တမင်္ဂလာမသွားဘဲ မိမိရှေ့မှောက်ရောက်လာ၍ ကြည့်ခြင်း, ကျောင်းတိုက်တွင်းမှ နေ၍ ကြည့်ခြင်းလည်း အနာပတ္တိပင်။[၁]