သူပေါဒနဝိညတ္တိသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

သူပေါဒနဝိညတ္တိသိက္ခာပုဒ် (သက္ကစ္စဝဂ်)

ဆွမ်း-ဟင်းတို့ကို တောင်းမှု[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းကို၎င်း ဆွမ်းကို၎င်း မိမိ စားဖို့ လူတို့ထံ တောင်း၍ စားကြကုန်၏။ လူတို့သည် “ကောင်းတာကို ဘယ်သူ, မကြိုက်ဘဲ ရှိမှာလဲ”ဟု ကဲ့ရဲ့ကြကုန်၏၊ ထို့ကြောင့် “မိမိအတွက် ဟင်း-ဆွမ်းကိုတောင်း၍ မစားရ”ဟု ပဌမ ပညတ်တော်မူပြီးလျှင် ထိုပညတ်တော်ကြောင့် မကျန်းမမာသော(ဂိလာန) ရဟန်းတို့လည်း တောင်း၍ မစားရသဖြင့် ရောဂါ မသက်သာကြောင်းကို ကြားတော်မူ၍ “ဂိလာနရဟန်းသည် ဟင်းကို၎င်း ဆွမ်းကို၎င်း မိမိအတွက် တောင်း၍ စားနိုင်သည်ဟု ခွင့်ပြုတော်မူကား-[၁]

“န သူပံဝါ ဩဒနံဝါ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဗုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

“ဟင်းကို၎င်း ဆွမ်းကို၎င်း ဂိလာနမဟုတ်လျှင် မိမိအတွက် တောင်း၍-မစားအံ့” ဟု အလေ့အကျင့်ကို ပြုရမည်။ [“မတောင်းကောင်း”ဟု ဆိုသော်လည်း-ဆွေမျိုးမတော်သူ “အလိုရှိရာ တောင်းပါ”ဟု ဖိတ်မန် မထားသူတို့ကိုသာ မတောင်းကောင်း၊ ဆွေမျိုးတော်လျှင်၎င်း ဖိတ်မန်ထားဘူးလျှင်၎င်း တောင်းကောင်း ပါ၏။]

မှတ်ချက်[ပြင်ဆင်ရန်]

မိမိအတွက် မတောင်းကောင်း”ဟု ဆိုသောကြောင့် “သူများ အတွက်ကား တောင်းကောင်းပါ၏”ဟု ဆိုရာရောက်နေ၏။ သို့သော် အညာတကဝိညတ္တိသိက္ခာပုဒ် အဋ္ဌကထာရင်း၌ အခြားရဟန်းအတွက် မိမိ၏ ဉာတိပဝါရိတ(ဖိတ်မန်ထားသူ) အထံ တောင်းပေးခြင်း, အခြား ရဟန်း၏ ဉာတိပဝါရိတ အထံ (ထိုရဟန်းမသွားနိုင်သဖြင့် မိမိသွား၍) ထိုရကန်းအတွက် တောင်းပေးခြင်းကြောင့် အနာပတ္တိ(အာပတ်မသင့်) ဟု ဖွင့်သည်၊ ဉာတိပဝါရိတ မဟုတ်သူ့ထံ, အခြားရဟန်းအတွက် တောင်းပေးခြင်းကြောင့် အနာပတ္တိဟု မဖွင့်။

ဝိမတိ[ပြင်ဆင်ရန်]

ပဉ္စသဟဓမ္မိကာနံ အတ္ထာယ အညာတက အပ္ပဝါရိတဋ္ဌာနေ ဝိညာပေန္တော ဝိညတ္တက္ခဏေ အဋ္ဌကထာသု သုတ္တာနလောမတော ဝုတ္တအကတဝိညတ္တိဒုက္ကဋတော န မုစ္စတိ၊ သဉ္စိစ္စ ဘုဉ္ဇနက္ခဏေ သယံစ အညေစ မိစ္ဆာဇီဝတော န မုစ္စတိ။


မြန်မာပြန်[ပြင်ဆင်ရန်]

ဘိက္ခု၊ ဘိက္ခုနီ သာမဏေ သိက္ခမာန် သာမဏေမတို့ကို သီတင်းသုံးဘော် ၅-ဦးကို ခေါ်၏။ ထိုသူတို့အတွက် ဉာတိမဟုတ်သူ မဖိတ်ဘူးသူတို့ထံ တောင်းသောရဟန်းသည် တောင်းဆဲခဏ၌ အဋ္ဌကထာဝယ် ပါဠိတော်နှင့် အလျော်ဆိုအပ်သော အကတဝိညတ္တိ ဒုက္ကဋ်အာပတ်မှမလွတ်၊ (သူများအတွက် မတောင်းကောင်း-ဟူလို၊) ထိုတောင်းအပ်သော ပစ္စည်းကို မိမိနှင့်တကွ သုံးစွဲသူ အားလုံးလည်း မိစ္ဆာဇီဝမှ မလွတ်ကြ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤဋီကာကိုထောက်၍၊ ဉာတိ-ပဝါရိက မဟုတ်သော လူတို့အထံ၌ ဂိလာန မဟုတ်လျှင် အယုတ်သဖြင့် ရေကိုမျှ မတောင်းအပ်၊ ဆွမ်းဖိတ် ပေးခြင်း, ပစ္စည်း ၄-ပါး အဖိတ်ခိုင်းခြင်း, ရဟန်းဒါယကာ ရှင့်ဒါယကာ အလုပ်ခိုင်းခြင်းများလည်း မအပ်, ခိုင်းသူလည်း အပြစ်မလွတ်, ထိုသို့ ခိုင်း၍ တောင်း၍ရသောပစ္စည်းလည်း အဆက်ဆက်မအပ်-ဟုမှတ်။

[ဆောင်ပုဒ်] အပ္ပဝါရိ, အညာတိကို မိမိတွက်တောင်း, သူ့တွက်တောင်းတည့်, သောင်းပြောင်း ဟင်းဆွမ်း, ဖိတ်မန်ခန်းနှင့်, ရဟန်းဒကာ, ရှင့်ဒကာဟု, လုပ်စေမှုစပ်, အရပ်ရပ်, မအပ်ဆက်ဆက်တည်း။

အချုပ်[ပြင်ဆင်ရန်]

သံဃာ့အတွက် ဖိတ်ထားသော ဆေးပစ္စည်းကို ဂိလာန မဟုတ်ဘဲ တောင်းလျှင် မဟာနာမသိက္ခာပုဒ်အရ ပါစိတ်အာပတ်၊ ဉာတိပဝါရိတ မဟုတ်သူထံ ထောပတ်ဆွမ်းစသော ပဏီတ ဘောဇဉ်ကို တောင်းလျှင် ပဏီတဘောဇနသိက္ခာပုဒ်အရ ပါစိတ် အာပတ်၊ အခြားအစာကို တောင်းလျှင် ဤသိက္ခာပုဒ်အရ ဒုက္ကဋ် အာပတ်သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး