စူဠဝါ

ဝီကီပီးဒီးယား မှ

စူဠဝါ (ပါဠိ: စူဠဝဂ္ဂ; Culavagga) သည် ထေရဝါဒဗုဒ္ဓဘာသာရှိ ဝိနည်းငါးကျမ်းထဲမှ စတုတ္ထမြောက်ကျမ်းစာဖြစ်သည်။[၁] ဝိနည်းပိဋကတ်ကို သင်္ဂါယနာတင်သောပုံစံဖြင့် ဘိက္ခုဝိဘင်းဘိက္ခုနီဝိဘင်းမဟာဝဂ်၊ စူဠဝဂ်၊ ပရိဝါ ဟူ၍ ပိုင်းခြားပြီး ကျမ်းစာအနေဖြင့် ပါရာဇိကဏ်ပါစိတ်မဟာဝဂ်၊ စူဠဝဂ်၊ ပရိဝါ ဟူ၍ ပိုင်းခြားထားကြသည်။[၂]

စူဠဝဂ္ဂပါဠိတော် (သို့) စူဠဝဂ်ပါဠိတော် (သို့) စူဠဝါကျမ်းစာတွင် သံဃကမ္မဟု သိရှိကြသော သံဃအဖွဲ့အစည်းနှင့်ပတ်သက်သော လုပ်ဆောင်ချက်များအတွက် ဝိနည်းဆိုင်ရာ စည်းမျဉ်းဥပဒေများကို ဖော်ပြထားလေသည်။[၃] ဝဂ် (သို့) အပိုင်းအားဖြင့် ၁၂ ပိုင်းပါရှိသည်။[၁] စူဠဝါကို စူဠဝါ ခန္ဓက (ငယ်သော၊ တိုသော သုတ်များပေါင်းစု၍ ဟောထားသောကျမ်း) ဟူလည်း ခေါ်ဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဝိနည်းမဟာဝါတွင် ခန္ဓက (၁၀) ပါးဖြင့် ဖွဲ့စည်း၍ စူဠဝါတွင် နောက်ထပ် ခန္ဓက (၁၂) ဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်၏ ။

သေးငယ်သော အဆုံးအမကျမ်းဖြစ်သည့် အားလျော်စွာ အထွေထွေစည်းကမ်းများစွာကို ဖော်ပြထားရာ သပိတ်မှောက်ခြင်း၊ သပိတ်လှန်ခြင်း၊ အာဂန္တုကကျင့်ဝတ်၊ ခရီးသွားရဟန်းကျင့်ဝတ်များပါသကဲ့သို့ အချို့သော အရေးကြီးသည့် ထုတ်ပြန်ထားသော စည်းမျဉ်းများကိုလည်း တွေ့ရှိရာ ဥပမာအနေဖြင့် အဓိကရုဏ်း၊ ပဋိပက္ခ၊ အချင်းများမှုဖြစ်စေသော ရဟန်းများ၊ ဘုရား၊ တရား၊ သံဃာကို ပုတ်ခတ်ပြောဆိုသော ရဟန်းများ ကို မည်သို့ဆောင်ရွက်အရေးယူရပုံ တဇ္ဇနိယကံနှင့်ပတ်သတ်သော တရားများ၊ ဒေဝဒတ်အဇာတသတ်ပကာသနိယကံအကြောင်း စသည်များလည်း ပါဝင်သည်။ ထို့အပြင် မဟာပဇာပတိ ဂေါတမီတို့ ဘိက္ခုနီအဖြစ် ဝင်ရောက်ပုံများလည်း ဖော်ပြထားကာ နောက်ဆုံးနှစ်ပိုင်း၌ ဝေသာလီပြည်ရှိ ရဟန်းများ၊ အဓိကရုဏ်းနှင့် ရာဇဂြိုဟ်တွင် ကျင်းပသော ပထမသံဃအစည်းအဝေး၊ ဝေသာလီတွင် ကျင်းပသော ဒုတိယသံဃအစည်းအဝေး အသေးစိတ်များ စသောအကြောင်းအရာများလည်း ထည့်သွင်းဖွဲ့စည်းထားသည်။[၁][၄]

ပါဝင်ဖွဲ့စည်းထားမှု[ပြင်ဆင်ရန်]

  1. ကမ္မက္ခန္ဓက
  2. ပရိဝါသိကက္ခန္ဓက
  3. သမုစ္စယက္ခန္ဓက
  4. သမထက္ခန္ဓက
  5. ခုဒ္ဒကဝတ္ထုက္ခန္ဓက
  6. သေနာသနက္ခန္ဓက
  7. သံဃဘေဒကက္ခန္ဓက
  8. ဝတ္ထက္ခန္ဓက
  9. ပါတိမောက္ခဋ္ဌပနက္ခန္ဓက
  10. ဘိက္ခုနီက္ခန္ဓက
  11. ပဉ္စသတိကက္ခန္ဓက
  12. သတ္တသတိကက္ခန္ဓက တို့ဖြစ်ကြသည်။[၄]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Ko Lay (1991)။ Myanmar Pitaka Association (ed.)။ Guide to Tipitaka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Kuala Lumpur, Malaysia: Sin Jayanti Buddhist Temple။
  2. ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့, ed. (၁၉၆၅)။ ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ။ ရန်ကုန်မြို့: မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့။
  3. Cullavagga (selected texts)
  4. ၄.၀ ၄.၁ စူဠဝဂ်ပါဠိတော်မြန်မာပြန်။ ရန်ကုန်၊ ကမ္ဘာအေး: သာသနာရေးဦးစီးဌာန။ ၂၀၁၁။