မာတိကာသို့ ခုန်သွားရန်

ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—နှင်ထုတ်ခံရသော ရဟန်းနှင့်ပေါင်းသင်းမှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။


သံဃာမှ ဖယ်ထုတ်ခံရသူ

[ပြင်ဆင်ရန်]

ရှေ့သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း အရိဋ္ဌရဟန်းသည် သူ၏မိစ္ဆာအယူကို မစွန့်သောကြောင့် သံဃာတော်က ဥက္ခေပနီယကံ ပြုထား၏၊ [သူများနှင့် အပေါင်းအသင်း အဆက်အဆံ မပြုဘို့ရန် ဖယ်ထုတ်ကြောင်းကံကို ဥက္ခေပနီယကံ” ဟု ခေါ်၏၊ ထိုကံအပြုခံရသူကို “ဥက္ခိတ္တကပုဂ္ဂိုလ်” ဟု ခေါ်၏၊ (ဥက္ခိတ္တက = သံဃာမှ ဖယ်ထုတ်ထားအပ်သူ၊) ထိုသို့ ဖယ်ထုတ်ခံရသော ပုဂ္ဂိုလ်သည် ထိုကံကို ပြန်၍ ရုပ်သိမ်းကြောင်းဖြစ်သော ကျင့်ဝတ်များကို ပြုကျင့်နေရ၏၊ ထိုသို့ကျင့်နေ၍ သံဃာက ကျေနပ်သောအခါ ကံကို ရုပ်သိမ်းပါရန် တောင်းပန်ရ၏၊ ထိုသို့တောင်းပန်၍ ကံကို ရုပ်သိမ်းပြီးသောအခါ သံဃာသို့ ပြန်၍သွင်းရာ ရောက်၏၊ သံဃာတွင်းသို့ ပြန်သွင်းမှုကို “အနုဓမ္မ = လျော်သော အကျင့်” ဟု ခေါ်၏၊ ထိုသို့ မသွင်းရသေးသူကို “အကတာနုဓမ္မ = လျော်သောအကျင့်ကို မပြုရသေးသူ” ဟု ခေါ်သည်။ []

ဥက္ခိတ္တကနှင့် ပေါင်းသင်းမှု

[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် အရိဋ္ဌရဟန်းကို ဥက္ခိတ္တက ပုဂ္ဂိုလ်မှန်းလည်းသိကြ၏၊ ဆိုင်ရာကျင့်ဝတ်ကို မကျင့်ဘဲ မိစ္ဆာအယူကိုလည်း မစွန့်ဘဲ နေသဖြင့် အနုဓမ္မကို (သံဃာက အပေါင်းအသင်း လုပ်ဘို့ရန် ပြန်၍သွင်းမှုကို) မပြုရသေးဟုလည်း သိကြ၏။

ထိုသို့ သိပါလျက် အရိဋ္ဌနှင့်အတူ အစားအဝတ်ကို ပေးလားကမ်းလား ယူလားငင်လား ပြုကြကုန်၏၊ စာပေကိုလည်း သင်လားချထား လုပ်ကြကုန်၏၊ (ဤသို့ အစားအဝတ်ကို ပေးကမ်းယူငင်မှုကို “အာမိသသံဘောဂ = အစားအဝတ်ကို အတူသုံးစွဲခြင်း”ဟု ခေါ်၏၊ စာပေကို သူ့ထံသင်ခြင်း, သူ့ကိုချပေးခြင်းကို “ဓမ္မသံဘောဂ = တရားကို အတူသုံးစွဲခြင်း”ဟု ခေါ်၏။ ဤ ၂-မျိုးလုံးကို သိက္ခာပုဒ်၌ “သံဘုဉ္ဇေယျ”ဟု မိန့်တော်မူသည်။)

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအရိဋ္ဌရဟန်းနှင့်အတူ ဥပုသ်ကံ, ပဝါရဏာကံ စသော ကံကြီးကံငယ်ကိုလည်း ပြုကြကုန်၏၊ (ဤသို့ ပြုခြင်းကို “သံဝါသ = အတူနေထိုင်ခြင်း”ဟု ခေါ်၏၊ သိက္ခာပုဒ်၌ “သံဝသေယျ”ဟု မိန့်တော်မူသည်၊ ထိုအရိဋ္ဌရဟန်းနှင့်အတူ အမိုးတူ အကာတူ ကျောင်း၌ အိပ်ကြကုန်၏၊ (ဤသို့ အိပ်ခြင်းကို “သဟသေယျ”ဟု ခေါ်၏၊ သိက္ခာပုဒ်၌ “သဟသေယျ”ဟု မိန့်တော်မူသည်၊ ဤသို့လျှင် ဥက္ခိတ္တကပုဂ္ဂိုလ်ဖြစ်သော အရိဋ္ဌရဟန်းနှင့် ဆဗ္ဗဂ္ဂီရဟန်းတို့ အတူပေါင်းသင်း ဆက်ဆံမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်၊ [သိက္ခာပုဒ်၏ အဓိပ္ပါယ်မှာ ဝတ္ထုကြောင်းဖြင့် ထင်ရှားပြီ၊ အရိဋ္ဌရဟန်းကား ထိုဥက္ခေပနီယကံ အပြုခံရပြီးနောက် ကျင့်ဝတ်များကို ကောင်းစွာမကျင့်ရုံသာမက, အတော်ကြာလျှင် ထိုမိစ္ဆာ အယူကို မစွန့်နိုင်ဘဲ လူထွက်လေတော့သည်။ []

သိက္ခာပုဒ်

[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု ဇာနံ တထာဝါဒိနာ ဘိက္ခုနာ အကဋာနုဓမ္မေန တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ သမ္ဘုဉ္ဇေယျ ဝါ, သံဝသေယျ ဝါ, သဟ ဝါ သေယျံ ကပ္ပေယျ, ပါစိတ္တိယံ။[]

မြန်မာပြန်

[ပြင်ဆင်ရန်]

အကြင်ရဟန်းသည် ဥက္ခိတ္တက ရဟန်းမှန်းသိလျက် ထို“တထာဟံ ဘဂဝတာ”အစရှိသော စကားကို ပြောလေ့ရှိသော မပြုအပ်သေးသော ဩသာရဏကံရှိသော ထိုမိစ္ဆာအယူကို မစွန့် သေးသော ရဟန်းနှင့်အတူတကွ အာမိသဓမ္မသံဘောဂကိုမူလည်း ပြုအံ့၊ ဥပုသ်ပဝါရဏာစသော သံဝါသကိုမူလည်း ပြုအံ့၊ သဟသေယျကိုမူလည်း ပြုအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး