တတိယပါဋိဒေသနီယသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(တတိယပါဋိဒေသနီသိက္ခာပုဒ် မှ ပြန်ညွှန်းထားသည်)

အမှု—အတိုင်းအရှည် မသိဘဲ ခံဘွယ်သောဇဉ်ကို ခံယူမှု။

အမှုသည်—ရဟန်းတော်အများ။

သေက္ခ သမုတ်ခြင်း[ပြင်ဆင်ရန်]

သောတာပန်, သကဒါဂါမ်, အနာဂါမ် (အရိယာ) ဖြစ်ပြီးသူများကို “သေက္ခ”ဟု ခေါ်၏၊ ဤသူတို့ကား အစစ်အမှန် သေက္ခဖြစ်သူများတည်း၊ ထိုသို့ အရိယာ ဖြစ်ပြီးသူများသည် အလှူဒါန၌ လွန်စွာမွေ့လျော်ကြ၏၊ အစစ်အမှန် အလှူခံ ပုဂ္ဂိုလ်က သူတို့နှင့် ထိုက်တန်သော ပစ္စည်းကို အလှူခံလာလျှင် မိမိမှာ ရှိနေသော ပစ္စည်းကို မပေးဘဲ မနေနိုင်ကြ၊ ဤကား သေက္ခပုဂ္ဂိုလ်တို့၏ ထုံးစံတည်း၊ အိမ်တအိမ်၌ကား သ္မီးခင်ပွန်း ၂-ယောက်လုံးပင် သေက္ခ (အရိယာ) မဖြစ်သေးသော်လည်း သဒ္ဓါတရားမှာမူ သေက္ခ (အရိယာ) တို့ကဲ့သို့ပင် ထက်သန်ကြ၏။ ပစ္စည်း ဥစ္စာကမူ ဆုတ်ယုတ် နေအံ့၊ (လှူရလွန်း၍ဖြစ်စေ အရောင်းအဝယ်မကောင်း၍ဖြစ်စေ တနည်းနည်းဖြင့် ဆုတ်ယုတ်နေအံ့၊) ထိုအိမ်သူ အိမ်သားကို သံဃာအများ စုဝေးကာ ဉတ်ကမ္မဝါစာဖြင့် “သေက္ခ”ဟု သမုတ်ထားရလေသည်။ [၁]

ဝတ္ထုကြောင်း[ပြင်ဆင်ရန်]

သာဝတ္ထိမြို့၌ သ္မီးခင်ပွန်း ၂-ယောက်လုံးပင် သဒ္ဓါတရား ထက်သန်လှ၏၊ သို့သော်စည်းစိမ်ဥစ္စာကား လှူရင်း လှူရင်းပင် ဆုတ်-ဆုတ်နေ၏၊ သူတို့အိမ်၌ နံနက်စာအဖြစ်ဖြင့် ချက်ပြုတ်ထားသော စားဘွယ်ခဲဘွယ်များကို နေ့စဉ် ဆွမ်းခံကြွလာသော ရဟန်းတို့အား တပါးပြီး တပါး လောင်းလှူနေရာ တခါတရံမှာမူ သူတို့စားဖို့ပင် မကျန်အောင် ကုန်သွား၏။ နောက်ထပ်လည်း ချက်ပြုတ်ဖို့ မဝယ်နိုင်ရကား ထိုနံနက်အဖို့ မစားဘဲသာ ဆိုင်ရာအလုပ်ကို လုပ်ကြရှာတော့၏၊ ထိုအကြောင်းကိုသိသော အိမ်နားနီးချင်းတို့သည် ရဟန်းများကို အလိုက်မသိကောင်းလား” ဟု ကဲ့ရဲ့ကြလေရာ တဆင့်စကား ဘုရားရှင်ကြားတော်မူ၍ ထိုအိမ်ကို (အိမ်သူ အိမ်သားများကို) သေက္ခဟု သမုတ်ထားဖို့ရန် ပညတ်တော်မူလေသည်။

သမုတ်ပုံ[ပြင်ဆင်ရန်]

ရှေးဦးစွာကျောင်းတိုက်တွင်းရှိ ရဟန်းသံဃာတော်များကို သိမ်အတွင်း၌ (အချင်းချင်း ၂-တောင့်ထွာအတွင်းမှာ တည်ရှိအောင်) စုဝေးစေရ၏၊ သံဃာစုံညီသောအခါ သွက်သွက်လက်လက် ထက်ထက် မြက်မြက် ရှိသော ရဟန်းတော်တပါးသည် “ကမ္မဝါစာ = ကံပြုသောစကား”ဟု ခေါ်သော ပါဠိစကားဖြင့် အောက်ပါ (မြန်မာပြန်အတိုင်း)အကြောင်းအရာကို သံဃာတော်အား ပြောပြရသည်၊ ထို့သို့ ပြောပြခြင်းကိုပင် “ကမ္မဝါစာရွတ်ခြင်း = (စာကြည့်ဘတ်လျှင်) ကမ္မဝါဘတ်ခြင်း” ဟု ခေါ်သည်။ [စာကြည့်ဘတ်ခြင်းကား အရကျက်မထားနိုင်၍ ရသော်လည်း မတော်တဆ တလုံးတလေ မှားမည်ကို စိုး၍ဖြစ်သည်။ အမှန်မှာ-စာမကြည့်ဘဲ ရွတ်ဆိုရမည်သာ ဖြစ်၏။]

ဉတ်စကား[ပြင်ဆင်ရန်]

အရှင်ဘုရားတို့...သံဃာတော်သည် တပည့်တော်၏ စကားကိုနားစိုက်တော်မူပါ၊ မည်သည့်အမျိုးသည် သဒ္ဓါအားဖြင့် တိုးပွားပါ၏၊ စည်းစိမ်ဥစ္စာအားဖြင့်ကား ဆုတ်ယုတ်နေပါသည်၊ သံဃာတော်၏ (ယခုသမ္မုတိပေးမည့်)ကံသည် အကယ်၍သင့်လျော် လျောက်ပတ်သော ကံဖြစ်အံ့၊ ထိုသို့ဖြစ်လျှင် သံဃာတော်သည် မည်သည့်အမျိုးအား သေက္ခသမ္မုတိကို ပေးချိန်တန်ပါပြီ-ဤကား သံဃာကို အသိပေးသောစကားတည်း။ [ကမ္မဝါစာ မဟုတ်သေး၊ “ဉတ္တိ = အသိပေး”ဟုခေါ်သည်။]

ကမ္မဝါစာ[ပြင်ဆင်ရန်]

အရှင်ဘုရားတို့... သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ၊ မည်သည့်အမျိုးသည် သဒ္ဓါအားဖြင့် တိုးပွားပါ၏၊ စည်းစိမ်ဥစ္စာအားဖြင့်ကား ဆုတ်ယုတ်နေပါသည်၊ သံဃာတော်သည် မည်သည့်အမျိုးအား သေက္ခသမ္မုတိကို ပေးနေ၏၊ မည်သည့် အမျိုးအား သေက္ခသမ္မုတိ ပေးခြင်းသည်၊ အကြင် အရှင်အား နှစ်သက်၏၊ ထိုအရှင်သည် ဆိတ်ဆိတ်နေပါ၊ အကြင် အရှင်အား မနှစ်သက်၊ ထိုအရှင်သည် (ငါသဘောမတူ-ဟု) ပြောနိုင် = ကန့်ကွက်နိုင်ပါသည်။ [ဤသို့မေးသောအခါ မည်သူမျှ မကန့်ကွက်လျှင် ထိုသေက္ခသမုတ်မှု အထမြောက်တော့၏။]

နိဂုံးစကား[ပြင်ဆင်ရန်]

သံဃာတော်သည် မည်သည့်အမျိုးအား (မည်သည့်သ္မီး ခင်ပွန်းအား) သေက္ခသမ္မုတိကို ပေးအပ်ပြီ-(ပေးပြီးပါပြီ၊) သံဃာတော်အားလုံးပင် သဘောတူသော အထိမ်းအမှတ်အားဖြင့် တိတ်ဆိတ်စွာ နေကြပါ၏၊ ထိုသို့ တိတ်တိတ်နေခြင်းကြောင့်ပင် သံဃာတော် အားလုံးက အသိအမှတ်ပြုပါသည်။ [ဤအချိန်ကျမှ သမုတ်မှု ကိစ္စ ပြီးစီး။] ဤသို့သမုတ်ထားသော အိမ်မှ ခဲဘွယ်ဘောဇဉ်များကို ဆွမ်းခံသလို ကိုယ်တိုင်မခံယူရတော့ချေ။

တမင်ပင့်သော် ခံယူခွင့်ပြုပုံ[ပြင်ဆင်ရန်]

ထိုသို့ ပညတ်တော်မူပြီးနောက် သာဝတ္ထိမြို့၌ ပွဲသဘင် (သင်္ကြန်ပွဲစသော ပွဲမျိုး) ဖြစ်သောအခါ များစွာသော လူတို့သည် ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးကြကုန်၏၊ သေက္ခဟုသမုတ်ထားသော ထိုအိမ်ကလည်း ရဟန်းတော်များကို ပင့်ဖိတ်လေရာ ရဟန်းတော်များသည် ထိုအိမ်မှ ခဲဘွယ်ဘောဇဉ်ကို မစားကောင်းဟု အယူရှိကြသောကြောင့် ထိုပင့်ဖိတ်သည်ကို လက်မခံကြကုန်။

ထိုသို့ဆွမ်းစားပင့်၍ မရသောအခါ “ငါတို့၏ဆွမ်းကို ရဟန်းတော်များက မခံယူလျှင် ငါတို့မှာ အသက်ရှင်နေလို့ ဘာအကျိုးရှိတော့မှာလဲ”ဟု စိတ်ဆင်းရဲခြင်းဖြစ်ကာ ရဟန်းတော်များအပေါ်၌ မကျေနပ်သောစကားကို ပြောကြရှာလေသည်။ ထိုစကားကို ဘုရားရှင် တဆင့် ကြားတော်မူ၍ “တမင်္ဂလာ ပင့်ဖိတ်လျှင် ထိုသေက္ခဟု သမုတ်ထားသောအိမ်မှ ခဲဘွယ် ဘောဇဉ်ကို ကိုယ်တိုင် ခံယူ၍ သုံးဆောင်ကောင်း၏”ဟု အနုပညတ် ထပ်ဆင့်တော်မူရပြန်လေသည်။

ဂိလာနအား ခွင့်ပေးတော်မူခြင်း[ပြင်ဆင်ရန်]

ရဟန်းတပါးသည် မကျန်းမမာ ဖြစ်နေ၏၊ သေက္ခဟု သမုတ်ထားသော အိမ်ကလည်း ထိုရဟန်းနှင့်ရင်းနှီး၍ ထိုရဟန်းဝင်နေကျ အိမ်တည်း၊ ထို့ကြောင့် ဆွမ်းခံချိန်ဝယ် ထိုအိမ်သို့ ဝင်သွားသောအခါ အိမ်ရှင်များက ဆွမ်းကပ်ကြလေသော်, ထိုရဟန်းသည် ပညတ်ထားသော သိက္ခာပုဒ်ကို ရိုသေသောအားဖြင့် (စားကောင်းလိမ့်မည် မထင်သောကြောင့်) ထိုကပ်လှူသောဆွမ်းကို လက်မခံဘဲ နေလေသည်၊ မကျန်းမမာဖြစ်နေသောကြောင့် အခြားအိမ်တို့သို့ လှည့်လည်၍လည်း ဆွမ်းမခံနိုင်ရကား ထိုနေ့အဖို့ ဆွမ်းမစားရရှာတော့ ချေ။ ထိုအကြောင်းကို ရဟန်းများက ဘုရားရှင်အား လျှောက်ထားလေသော် “ဂိလာနဖြစ်လျှင် သေက္ခဟု သမုတ်ထားသော အိမ်မှ ခဲဘွယ်ဘောဇဉ်ကို ကိုယ်တိုင် ခံယူ၍ သုံးဆောင်ကောင်း၏”ဟု ခွင့်ပြုတော်မူရပြန်သည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာနိ ခေါ ပန တာနိ သေက္ခသမ္မတာနိ ကုလာနိ, ယော ပန ဘိက္ခု တထာရူပေသု သေက္ခသမ္မတေသု ကုလေသု ပုဗ္ဗေ အနိမန္တိတော အဂိလာနော ခါဒနီယံ ဝါ, ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ, ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ ‘‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ’’တိ။

မြန်မာပြန်[ပြင်ဆင်ရန်]

သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့သဘောရှိကုန်သော သေက္ခဟု သမုတ်အပ်ကုန်သော အမျိုးတို့၌ အိမ့်ဥပစာမရောက်မီ ရှေ့အဖို့က ပင့်လည်း မပင့်အပ်, ဂိလာနလည်း မဟုတ်ဘဲ ခဲဘွယ်ကိုဖြစ်စေ, ဘောဇဉ်ကိုဖြစ်စေ မိမိကိုယ်တိုင် ခံယူ၍မူလည်း ခဲအံ့ စားမူလည်း စားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ ဟုဆို၍ သီးခြား ဒေသနာပြောရမည်။

မှတ်ချက်[ပြင်ဆင်ရန်]

သေက္ခဟု သမုတ်ရလောက်အောင် သဒ္ဓါတရားကောင်း၍ ပစ္စည်းဥစ္စာ ဆုတ်ယုတ်နေသောကြောင့် အလှူခံ(ဆွမ်းခံ) လာသမျှကို လှူနေလျှင် ထိုသူတို့သာ၍ ပင်ပန်းသွားမည် စိုးသောကြောင့် ရှေးဦးစွာ သေက္ခ သမုတ်ရမည်၊ ထိုအိမ်၌ ဆွမ်းခံခြင်းစသော အလှူခံမှု မပြုရဟု ပညတ်တော်မူ၍ သူတို့ တတ်နိုင်သမျှ ပင့်ဖိတ်သောအခါ၌ကား သူတို့သဒ္ဓါတရား မပျက်အောင် အလှူခံတော့ဟု ခွင့်ပြုတာ်မူခြင်းဖြစ်သည်၊ ဤသိက္ခာပုဒ်တော်၌ ဘုရားရှင်၏ ကရုဏာတော် မေတ္တာတော်နှင့် မြှော်မြင်တော်မူပုံများကို စဉ်းစားကြည်ညိုပြီးလျှင် မိမိတို့စပ်ဆိုင်ရာ ဒါယကာ ဒါယိကာမတို့ အားလည်း သူတို့ လှူလိုတိုင်း လက်မခံဘဲ အရာရာ ထောက်ထား၍ အလှူခံသင့်မှ ခံစေလိုသော ဘုရားရှင်၏ အလိုတော်ကို နားလည်ကြပါလေ။

အလိုက်သိမှု[ပြင်ဆင်ရန်]

ဤနေရာဝယ် “ဘောဇနေ မတ္တညုတာ”နှင့်စပ်၍ကျမ်းစာတို့၌ ဖွင့်လေ့ရှိသော အလိုက်သိပုံများကို သိထားသင့် ပါသည်၊ အလှူခံဖြစ်သော ရဟန်းသာမဏေများသည် ဆွေမျိုးမတော်သော အလှူရှင်, သို့မဟုတ်-“အလိုရှိရာတောင်းပါ”ဟု ဖိတ်မန်လျှောက်ထားခြင်း မရှိဘူးသော အလှူရှင်အား ဘာပစ္စည်းကိုမျှ (အယုတ်သဖြင့် ရေကိုမျှ) မတောင်းကောင်းကြောင်းကို နောက်သေခိယအခဏ်း၌ လာမည့် “သူပေါဒနဝိညတ္တိသိက္ခာပုဒ်”ဖြင့် သိထားနှင့်ရာ၏။ ဤနေရာ၌ကား အလှူခံကောင်းသော ဉာတိ(ဆွေမျိုး) ဖိတ်ထားသော (ပဝါရိတ), သို့မဟုတ် ဆွမ်းခံသလို ရပ်၍ အလှူခံရသောအလှူရှင် ဤ၃-မျိုးအပေါ်၌ အလှူခံပုဂ္ဂိုလ်က အလိုက်သိရသော အချက် ၃-ချက်ရှိ၏။

ထို ၃-ချက်ကား ၁-အလှူရှင်၏အလိုဆန္ဒ, ၂-ပစ္စည်း၏ အနည်းအများ, ၃-မိမိမှာ လိုသလောက်, ဤ ၃-ပါးတည်း၊ ထိုတွင်...

အလှူရှင်မှာ ပစ္စည်းဥစ္စာပေါများပါသော်လည်း သူ့ဆန္ဒက နည်းနည်းသာ လှူလိုလျှင်(သူ့မှာ ပစ္စည်း မည်မျှပင် ပေါပေါ မိမိမှာ မည်မျှပင် အသုံးလိုလို)သူ၏ဆန္ဒ သူ၏သဒ္ဓါတရားလိုက်၍ နဲနဲသာ အလှူခံပါ၊ များများ အလှူခံနေလျှင် သူ၏သဒ္ဓါဆန္ဒနှင့် မကိုက်၍ အလိုက်မသိရာ ရောက်လိမ့်မည် ဟူလို။

၂။ အလှူရှင်သည် သဒ္ဓါတရားကောင်းလှ၏၊ မိမိအတွက်ဆိုလျှင် ကုန်ကုန်ခန်းခန်းလှူဒါန်းမည်သာ၊ သို့သော် သူ့မှာ ပစ္စည်းဥစ္စာ ပေါ့များလှသည်မဟုတ်၊ (ထိုအချိန်မှာ လှူစရာ နဲနဲသာ ရှိနေ၏၊) ထိုကဲ့သို့ အလှူရှင်မျိုးထံ (သူ့ သဒ္ဓါတရား ဘယ့်လောက်ပင်ကောင်းကောင်း မိမိမှာ မည်မျှပင် အသုံးလိုလို)သူ၏ ပစ္စည်းအခြေအနေကို ထောက်ထား၍ နဲနဲပါးပါးသာ အလှူခံပါ၊ များများအလှူခံနေလျှင် သူ့မှာရှိသော ပစ္စည်းနှင့်မကိုက်၍ အလိုက် မသိရာ ရောက်လိမ့်မည်-ဟူလို။ [ဤသိက္ခာပုဒ်အရ “သေက္ခမျိုး”ဟု သမုတ်ရခြင်းမှာလည်း ဤအလှူရှင်မျိုးကို ညှာတာခြင်းပင်တည်း။

၃။ အလှူရှင်တဦးကား ပစ္စည်းဥစ္စာလည်း ပေါများ၏, သဒ္ဓါတရား လည်းကောင်းလှ၏၊ သို့သော် (သူက တရာတန် လှူနိုင်သော်လည်း မိမိမှာ ၁၀-တန်သာ အသုံးလိုလျှင်) မိမိအသုံးလိုသလောက်သာ အလှူခံပါ၊ ပစ္စည်းပေါသလောက် သဒ္ဓါကောင်းသလောက် အလှူခံနေလျှင် မိမိသုံး၍ ပိုနေသမျှ အချည်းနှီး ဖြစ်စရာရှိသောကြောင့်(ဘုန်းကြီးတွေ အလိုက်မသိတတ်ဘူး-ဟု) ဘေးလူများ၏ အကဲ့ရဲ့ဒဏ်ကို တသာသနာလုံး ခံရပါလိမ့်မည်-ဟူလို၊ ထို့ကြောင့် အလှူခံပုဂ္ဂိုလ်တို့မှာ အဘက်ဘက်က အလိုက်သိတတ်မှသာ လူအများနှင့် ဆက်ဆံရာဝယ် ပြေပြေပြစ်ပြစ် ဖြစ်နိုင်ဘွယ်ရာရှိပါသည်။ ဧကနိပါတ အင်္ဂုတ္တရဋ္ဌကထာ, ဝီရိယာရမ္ဘာဒိဝဂ်။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး