သုရာပါနသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—သေရည်သောက်မှု။
အမှုသည်—အရှင်သာဂတ။
အရှင်သာဂတနှင့် နဂါးကြီး
[ပြင်ဆင်ရန်]ဗုဒ္ဓရှင်တော်သည် စေတိယတိုင်း၌ ဒေသစာရီလှည့်လည်တော်မူစဉ် “ဘဒ္ဒဝတိကာ” မည်သောရွာသို့ ကြွတော်မူလေရာ ထိုရွာအနီး သရက်ပင်ဆိပ်၌ နဂါးကြီးတကောင် ရှိလေသည်၊ နွားကျောင်းသားတွေ ဆိတ်ကျောင်းသားတွေ လယ်သ္မားတွေ ခရီးသွားတွေက ဗုဒ္ဓရှင်တော်ကို ဘဒ္ဒဝတိကာသို့ ကြွတော်မူသည်ကို မြင်ကြ၍ ဘဒ္ဒဝတိကာရွာရောက်လျှင် သရက်ပင်ဆိပ်သို့ မကြွဘို့ရန်နှင့် ထိုသရက်ပင်ဆိပ်မှာ အဆိပ်ပြင်းထန်သော နဂါးကြီးရှိကြောင်းကို လျှောက်ထားကြ၏၊ ဗုဒ္ဓရှင်တော်ကား (ဘာမှပြန်၍ မိန့်တော်မမူဘဲ) ဆိတ်ဆိတ်နေတော်မူလေသည်၊ ၃-ကြိမ်တိုင်အောင် လျှောက်ထားကြသော်လည်း ဆိတ်ဆိတ်ပင် နေတော်မူကာ ဘဒ္ဒဝတိကာရွာသို့ ကြွရောက်သီတင်းသုံးတော်မူလေသည်၊ ထိုအခါ နောက်ပါ သံဃာတော်အများတွင် အပါအဝင်ဖြစ်သော အရှင်သာဂတသည် သရက်ပင်ဆိပ်ဝယ် ရသေ့၏ ကျောင်းသင်္ခမ်းဝင်း၌ နဂါးကြီး ရှိကြောင်းကိုသိပါလျက် ထိုကျောင်းဝင်းသို့ ကြွ၍နဂါးကြီးနေရာ မီးတင်းကုပ် (မီးလှုံတဲ)သို့ဝင်ပြီးလျှင် ကမ္မဋ္ဌာန်းအာရုံယူကာ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေလေသည်၊ နဂါးကြီးသည် အရှင်သာဂတကို မြင်လျှင်မြင်ခြင်း ပြင်းထန်သော ဒေါသဖြစ်၍ နဂါး၏ အခိုးအငွေ့များကို လွှတ်၏၊ အရှင်သာဂတလည်း သူ့ထက်သာအောင် (ဈာန်အဘိညာဉ် အစွမ်းဖြင့်) အခိုးအငွေ့တွေကို ပြန်၍လွှတ်၏၊ နဂါးကြီးသည် သူ့ဂုဏ် အပျက်မခံနိုင်ဘဲ မီးတောက် မီးလျှံတွေကို တောက်လာစေ၏၊ အရှင်သာဂတလည်း မီးတောက် မီးလျှံဖြစ်အောင် သမာပတ်ဝင်စားပြန်၏၊ ထိုနည်းဖြင့် နဂါးကြီးအစွမ်းတုန်း၍ အရှုံးပေးမှ အရှင်သာဂတလည်း ဘဒ္ဒဝတိကာရွာသို့ ကြွတော်မူလေသည်။ [၁]
အရှင်သာဂတ သေရည်သောက်မိပုံ
[ပြင်ဆင်ရန်]အရှင်သာဂတ၏ နဂါးကြီးနှင့် တန်ခိုးပြိုင်၍ နိုင်လာကြောင်း သတင်းသည် ကောသမ္ဗီမြို့တိုင်အောင် ပြန့်နှံ့သွားလေ၏။ ဗုဒ္ဓရှင်တော်လည်း ဘဒ္ဒဝတိကာရွာ၌ သီတင်းသုံးတော် မူပြီးနောက် ကောသမ္ဗီသို့ကြွတော်မူလေရာ, ရတနာသုံးပါး၌ ကြည်ညိုရင်းစွဲ ဖြစ်ကြသော ဥပါသကာကြီးတို့သည် အရှင်သာဂတကို ကြည်ညိုအားရ လှသဖြင့် “အရှင်ဘုရား... ဘာကို ရဘို့ခဲယဉ်းပါသနည်း, ဘာကို နှစ်သက်တော်မူပါသနည်း, အရှင်ဘုရားဘို့ ဘာကို စီမံပေးရပါမည်နည်း”ဟု လျှောက် ကြလေသော် အရှင်သာဂတသည် ဘာမှမပြောဘဲ နေ့စဉ် ဆဗ္ဗဂ္ဂီကိုယ်တောများက ဝင်၍ ပြောကြသည်မှာ-“ဥပါသကာတို့... ခိုကလေးများ ခြေထောက် အသွေးအရောင်ကဲ့သို့ နီနေသောသေရည်အကြည်သည် ရဟန်းများမှာ ရလဲ ရခဲ၏, နှစ်လဲ နှစ်သက်၏, ထိုသေရည်ကို စီမံကြပါလား”ဟု ပြောပြကြသဖြင့် သဒ္ဓါတရားကောင်းလှသော ဥပါသကာတို့သည် ထိုသေရည်ကို အိမ်တိုင်းစေ့ စီမံထားကြပြီးလျှင် ဆွမ်းခံဝင်လာသော အရှင်သာဂတကို အိမ်တိုင်းစေ့ ကပ်လှူကြလေသည်၊ အရှင်သာဂတလည်း သေရည်မူး၍ ယိုင်တိယိုင်တိုင်နှင့် ဆွမ်းခံပြန်လာခဲ့ရာ မြို့တံခါးပေါက် အနောက်မှာ ထိုးလဲပါလေတော့သည်။ [၁]
သတိလစ်နေပုံ
[ပြင်ဆင်ရန်]ဘုရားရှင်သည် ရဟန်းများနှင့်အတူ ဆွမ်းခံပြန်လာတော်မူသောအခါ လဲနေသော အရှင်သာဂတကို တွေ့ရ၍ “သာဂတကို တွဲခေါ်ခဲ့ကြ”ဟု မိန့်တော်မူလေသည်၊ ရဟန်းတော်များ တွဲယူခဲ့၍ ကျောင်းတိုက်သို့ ရောက်သောအခါ ဘုရားဘက်သို့ ဦးခေါင်းထား၍ ချကြလေသော် အရှင်သာဂတသည် ပြောင်းပြန်-ပြန်လျက် ဘုရားဘက်သို့ ခြေလှည့်၍ အိပ်ပြန်လေသည်၊ ထိုအခါ ဗုဒ္ဓရှင်တော်က ရဟန်းများကို မေးတော်မူသည်မှာ-
“ဘိက္ခုတို့ သာဂတသည် ရှေးတုန်းက ငါဘုရားအပေါ်၌ ရိုသေကျိုးနွံခြင်း ရှိခဲ့သည်မဟုတ်လော”
ရဟန်းများ။ ။ မှန်ပါဘုရား။
ဘုရားရှင်။ ။ ယခုတော့ ရိုသေကျိုးနွံသေးရဲ့လား။
ရဟန်းများ။ ။ မရိုသေ-မကျိုးနွံတော့ပါဘုရား။
ဘုရားရှင်။ ။ သာဂတသည် သရက်ပင်ဆိပ်က နဂါးကြီးနှင့် တန်ခိုးပြိုင်ခဲ့ ဘူးသည် မဟုတ်လား။
ရဟန်းများ။ ။ မှန်ပါဘုရား။ ။
ဘုရားရှင်။ ။ ယခု နဂါးကြီးနှင့် ပြိုင်နိုင်ဥုးမလား။
ရဟန်းများ။ ။ မပြိုင်နိုင်တော့ပါဘုရား။
ဘုရားရှင်။ ။ ဘိက္ခုတို့... အကြင်အရည်ကို သောက်မိ၍ သညာကင်းသူ (သတိလစ်သူ) ဖြစ်ရတယ်၊ ထိုအရည်ကို သောက်ထိုက်ပါ့မလား။
ရဟန်းများ။ ။ မသောက်ထိုက်ပါဘုရား။
ဘုရားရှင်။ ။ ဘိက္ခုတို့... သာဂတရဲ့ သေရည်သောက်မှုသည် ရဟန်းများနှင့် မလျောက်ပတ် မအပ်စပ်သော အမှုဖြစ်၏၊ လူများ အကြည်ညိုပျက်စရာလည်း ဖြစ်၏၊ သို့ဖြစ်၍ “သုရာမေရယပါနေ ပါစိတ္တိယံ = သေရည်အရက်ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏” ဟူသော ဤသိက္ခာပုဒ်ကိုပညတ်တော် မူမည်ဟု မိန့်တော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော် မူလေသည်။[၁]
မှတ်ချက်
[ပြင်ဆင်ရန်]အရှင်သာဂတသည် နဂါးကြီးနှင့် တန်ခိုးပြိုင်စဉ်က လောကီဈာန် အားလုံးကို အပြီးအဆုံး ရရုံတွင်မက တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းနိုင်လောက်အောင် အဘိညာဉ်ပါ ရနေသော ပုဂ္ဂိုလ်ပေတည်း၊ ထိုဈာန် အဘိညာဉ်များသည် သေရည် အရက်ဝင်သည်နှင့် တပြိုင်နက် အလိုလို ပျောက်ကွယ်ကြလေပြီ၊ သေရည် အရက်ကား-ဤမျှလောက်ပင် ကုသိုလ် တရားများကို မေ့လျော့ပျက်ပြားအောင် ပြုတတ်လေသည်။[၁]