ဝိကာလဘောဇနသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—နေလွဲအခါ စားသောက်ကြမှု။
အမှုသည်—သတ္တရသဝဂ္ဂီရဟန်းကလေးများ။
ပွဲကြည့်သွားခြင်း
[ပြင်ဆင်ရန်]ရာဇဂြိုဟ်မြို့ဝယ် တောင်နှင့်စပ်၍ မြတ်သောကြီးကျယ်သော ပွဲသဘင် ရှိ၏။ ထိုတောင်ပွဲသည် ယခုကာလ တောင်ပြုံးပွဲစသည်ကဲ့သို့စည်ကားလှ၏၊ သတ္တရသဝဂ္ဂီရဟန်းကလေးတို့ကား (အသက် ၂၀ ပြည့်မှ ရဟန်းပြုရမည်ဟု မပညတ်မီက) ၇ နှစ်အယွယ်မှာပင် ရဟန်းပြုခဲ့ကြသော တကျိပ်ခုနစ်ယောက်သော ကစားဘော် ကစားဘက် ကလေးများတည်း၊ သူတို့သည် ပွဲမကြည့်ရဟု သိက္ခာပုဒ် မပညတ်ရသေးသောကြောင့် ထိုတောင်တော်ပွဲသို့ ပွဲကြည့်သွားကြလေသည်။ ပွဲသို့ရောက်သောအခါ ဆွေမျိုးများနှင့်တွေ့၍ ရေချိုးပေး နံ့သာလိမ်းပေးပြီးလျှင် ထမင်းလည်း ကျွေးကာ မုံ့ပဲသရည်စာကိုလည်း သူတို့လက်ထဲ၌ ထည့်ပေးလိုက်ကြလေသည်၊ သူတို့သည် ကျောင်းသို့ ပြန်ရောက်ကြသည့်အခါ သူတို့အား တခါတခါ အနိုင်ကျင့်တတ်သော ဆဗ္ဗဂ္ဂီရဟန်းတို့အား ရော့, စားကြပါဉုး” ဟုပေး ရှာကြလေသည်၊ “သင်တို့ဘယ်ကရခဲ့သလဲ”ဟု မေးလျှင် ဆွေမျိုးများထံက ရခဲ့ကြောင်း, ဟိုမှာတုန်းကလဲ ထမင်းစားခဲ့ကြရကြောင်းကို ပြန်ပြောင်း ပြောပြသဖြင့်, ဆဗ္ဗဂ္ဂီတို့က “သင်တို့မွန်းလွဲမှ စားကြသလား”ဟု မေးရာ “ဟုတ်ပါကြောင်း”ဝန်ခံကြသဖြင့် ကဲ့ရဲ့ရှုံ့ချ၍ ရဟန်းများမှတဆင့် ဘုရား သိတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယော ပန ဘိက္ခု ဝိကာလေ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။ [၁]
မြန်မာပြန်
[ပြင်ဆင်ရန်]အကြင်ရဟန်းသည် နေလွဲအခါ၌ ခဲဘွယ်ကိုသော်၎င်း ဘောဇဉ်ကိုသော်၎င်း ခဲမူလည်း ခဲအံ့၊ စားမူလည်းစားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။[၁]
ဝိကာလ-အရုဏ်တက်သည်မှစ၍ မွန်းမတည့်မီအချိန်ကို ရဟန်းများ ဆွမ်းခဲဘွယ်ကို စားသောက်နိုင်ရာ “ကာလ”ဟုသတ်မှတ်ထား၏၊ ထိုကာလ ကုန်လျှင် “ဝိကာလ”ဟု ခေါ်၏၊ [ဝိ = ကင်းသော+ကာလ = စားသောက်ချိန်၊] ထို့ကြောင့် ဤသိက္ခာပုဒ်အရ မွန်းလွဲသည်မှစ၍ အရုဏ်မတက်ခင် ဘောဇဉ်ငါးပါးနှင့်တကွ မုံ့ အမျိုးမျိုး သစ်သီးအမျိုးမျိုးဟူသော ခဲဘွယ်များကို မစားကောင်း၊ ထိုဝိကာလအချိန်ဝယ် အနာရောဂါမရှိလျှင် မည်သည့် ဆေးကိုမျှ (အယုတ်သဖြင့် လျက်ဆားနှင့် ဆားရိုးရိုးကိုမျှ) မစားကောင်း၊ မလျက်ကောင်း၊ ဆာလောင်မွတ်သိပ်လျှင် ထန်းလျက်ရည် သကြားရည် သန့်ရှင်းစွာစစ်ထားသော မန်ကျည်းဖျော်ရည်စသည်ကား သောက်ကောင်း၍ မဆာဘဲသက်သက် သောက်ချင်ရုံမျှဖြင့်ကား မသောက်ကောင်း၊ ယခုကာလ “ညချင်းသုတ်”စသည်ကား သူနှင့်သင့်မြတ်သော ရောဂါမရှိလျှင် မည်သည့်နည်းနှင့်မျှ မစားအပ်၊ ရောဂါရှိလျှင် (လက်သုတ်မဟုတ်သော) ချင်းရိုးရိုးကို စားကောင်းပါ၊ လေရောဂါစသည်မရှိဘဲ ထန်းလျက်ခဲ ကြံသကာ သကြားမှုန့်တို့ကိုလည်း မစားကောင်း၊ သောက်လျှင်စားလျှင် ဒုက္ကဋ်အာပတ် သင့်၏။ [၁]
နေ့လယ်စာ တားမြစ်ရပုံ
[ပြင်ဆင်ရန်]ဘုရားပွင့်တော်မူပြီးနောက် သာသနာတည်စ အချိန်ဝယ် အချို့ရဟန်းတော်များသည် (လူ့ ထုံးစံ အတိုင်း) နံနက်စာ, နေ့လယ်စာ, ညဉ့်စာဟု ၃ထပ်ပင် စားကြသေး၏၊ ထိုသုံးထပ်တွင် နေ့လယ်စာ”ဟူသည် မွန်းလွှဲအခါ နေ့လယ်ပိုင်းမှာ စားအပ်သော အစာတည်း၊ ထိုနေ့လယ်စာကို မစားဘို့ရန် ပဌမပညတ်တော်မူသည်၊ ထိုနေ့လယ်စာကို ပယ်မြစ်တော်မူချိန်၌ တချို့ ရဟန်းတို့မှာ စိတ်မချမ်းမသာ ဖြစ်ကြသေး၏။ သို့သော် မြတ်စွာဘုရားကို ချစ်ကြောက်ရိုသေ သောအားဖြင့် နေ့လယ်စာကို ရှောင်ကြဉ်ကြလေသည်။ [၁]
ညဉ့်စာ တားမြစ်ပုံ
[ပြင်ဆင်ရန်]ထို့နောက် အတော်ကြာသောအခါ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူပြန်၏၊ “ဘိက္ခုတို့... ငါဘုရားသည် မွန်းမလွဲမီ နံနက်ပိုင်း တချိန်မှာသာ အစားအစာကို ဘုဉ်းပေးတော်မူသည်၊ ထိုသို့ နံနက်ပိုင်း တချိန်မှာသာ ဘုဉ်းပေး၍ နေ့လွှဲသောအခါ၌ မစားဘဲရှောင်နေခြင်းကြောင့် အနာရောဂါမရှိဘဲ အညောင်း အကိုက်လည်းမရှိဘဲ ပေါ့ပေါ့ပါးပါးနှင့် အားအင်ပြည့်တာကို တွေ့ရသည်၊ အသင်ရဟန်းများလည်း နံနက်တချိန်သာ စားကြ၊ ထိုသို့ စားသဖြင့် အနာ ရောဂါလည်းနည်းပါး အညောင်းအကိုက်လည်း နည်းပါး၍ ပေါ့ပေါ့ပါးပါး အားအင်ပြည့်တာကို သိကြရလိမ့်မည်” ဤသို့မိန့်တော်မူ၍ ဤဝိကာလဘောဇနသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။[၁]
ထိုသို့ပညတ်တော်မူသောအခါ အချို့ရဟန်းတို့မှာ စိတ်မချမ်းသာဖြစ်ကြ၏၊ ဖြစ်ပုံကား “လူဝတ်ကြောင်တို့သည် နံနက်စာကို တော်သလိုစားကြ၍ ညစာကိုမှ တတ်နိုင်သမျှကောင်းမွန်အောင်စီစဉ်၍ စားကြသည်၊ ထိုသို့ အထူးတလည် ချက်ပြုတ်သော အစာကိုပင် လက်ဦးလက်ဖျားလှူတတ်ကြရာ ထိုညစာကို ဘုရားရှင် ပယ်မြစ်တော်မူပြန်ပြီ”ဟု တွေး၍ စိတ်မချမ်းမသာ ဖြစ်ကြလေသည်၊ ထိုသို့ဖြစ်ကြသော်လည်း ဘုရားရှင်အပေါ်၌ ချစ်ကြောက် ရိုသေသောအားဖြင့် အများပင်လိုက်နာကြ၏၊ ဘဒ္ဒါလိမည်သော မထေရ်တပါးကား (ရှေးကကျီးကန်းဘဝမှ လာသောကြောင့် ညစာမစားရလျှင် မနေနိုင် သလောက်ရှိရကား) ဘုရားရှင် ညစာတားမြစ်မှုကို အကြီး အကျယ် ကန့်ကွက်လေသေး၏။ [၁]
သို့ရာတွင် ညစာစားစဉ်တုန်းက ညဆွမ်း လှည့်လည် ခံယူကြသော ရဟန်းတို့တွင် တချို့သည် ညဥ့်မှောင်မဲကြီး၌ ဆွမ်းခံလှည့်လည်စဉ် တံစီးအိုင်ထဲ၌ ကျသူကျ၊ ထိုတစီးအိုင်မှ စီးလာသောဗွက်ထဲ၌ ကျသူကျ၊ ဆူးပုံကို နင်းမိသူက နင်းမိ၊ အိပ်နေသော နွားမကို တက်နင်းမိသူကနင်းမိ၊ တချို့လည်း ယဇ်နတ်ပူဇော်ချင်သော ခိုးသူတို့ အဖမ်းခံရ၊ တချို့ကား မာတုဂါမက ဒီမှာဘဲ ညစာစားပြီး သူနှင့်အတူအိပ်ပါတော့”ဟုအဖိတ်ခံရ၊ ရဟန်းတပါး မှာတော့ ထမင်းချက်သော နေရာနား၌ မိုးမှောင်ကျခိုက် ဆွမ်းရပ်နေ့စဉ် မာတုဂါမက ခွက်ဆေးနေတုန်း ဗြုံးကနဲ လျှပ်လက်လိုက်ရာ မာတုဂါမလန့်ပြီး “အမယ်လေး တစ္ဆေကြီးပါတော့”ဟု အော်လေသော်... “ဟဲ့ဟဲ နှမ, တစ္ဆေမဟုတ်ပါဘူး၊ ဆွမ်းခံကိုယ်တော်ပါ”ဟု ပြောပါလျက် “ကိုယ်တော် အဖေ အမေတွေ သေကုန်လို့ ညမှောင်ကြီးထဲ ဆွမ်းခံရသလား” ဟု ကက်ကက်လန်အောင် ရန်တွေ့ခံရလေသည်။ [၁]
ညစာစားမှုကြောင့် ဤကဲ့သို့တွေ့ကြုံရသော ဒုက္ခစုတို့ကို သူတခွန်း ငါတခွန်း ပြောကြဆိုကြ ဘုရားကို လျှောက်ကြသဖြင့် ဝိကာလဘောဇန သိက္ခာပုဒ်ကို ကန့်ကွက်ခဲ့သော အရှင်ဘဒ္ဒါလိလည်း အကြီးအကျယ် နောင်တရ၍ ဘုရားကို ဝန်ချကာ ထိုသိက္ခာပုဒ်ကို လိုက်နာလေတော့သည်။ [မဇ္ဈိမပဏ္ဏာသ, ဘဒ္ဒါလိသုတ်နှင့် လဋုကိကောပမသုတ်၊][၁]