ဝေဟာသကုဋိသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—အထက်ထပ်၌ အခင်းမရှိသေးဘဲ ခုဋင်ကိုခင်း၍ထိုင်မှု

အမှုသည်—ရဟန်းတပါး


ခုဋင်ကို ဖိ၍ ထိုင်မှု[ပြင်ဆင်ရန်]

သံဃိကဖြစ်သော ၂ ထပ်ကျောင်း တဆောင်ဝယ် အထက်ထပ်၌ ပျဉ်စသည်မခင်းရသေး၍ ဟင်းလင်းဖြစ် နေ၏။ သို့သော် ညောင်စောင်း ထိုင်ခုံများထား၍ ဖြစ်လောက်အောင် ဆင့်ကြပြီးပြီဟုကား ဆိုရပြီ၊ သို့ရာဝယ် ခုဋင်ထိုင်ခုံများ၏ခြေကား ထိုဆင့် များပေါ်၌ထား၍ ဖြစ်ဘွယ်မရှိသောကြောင့် အောက်၌ တွဲလျားကျနေပေလိမ့်မည်၊ “ဝေဟာသကုဋိ” ဟု ခေါ်ရသော ကျောင်းငယ်၌ ရဟန်း ၂-ပါးသည် အထက်ထပ်တပါး အောက်ထပ်တပါးနေကြလေ၏။ အထက်ထ နေသူ၏ညောင်စောင်း (ခုဋင်) သည်ဘောင်၌ ထွင်း၍ အခြေတပ်ထားသော ညောင်စောင်းဖြစ်၏၊ ထိုအခြေကိုလည်း စို့ရိုက်မထားသဖြင့် အလွယ်တကူ ကျွတ်ကျလောက်၏။ အခါတပါး၌ အထက်ထပ်နေရဟန်းသည် ထိုညောင်စောင်းကို အဆောတလျင် ဖိ၍ထိုင်လိုက်ရာ ခြေထောက်ကျွက်၍အောက်ထပ် နေရဟန်း၏ ဥုးခေါင်းပေါ်ကျသဖြင့် အလန့်တကြား အော်လိုက်မိလေသည်၊ ထိုအခါ အော်သံကြား၍ ပြေးလာကြသော ရဟန်းများသိ၍ အထက်ထပ်နေ ရဟန်းကို ဘောင်၌ အခြေတပ်ထားသော ခုဋင်ကို အဆောတလျှင် ဖိ၍ထိုင်ရမလားဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ ဥပရိဝေဟာသကုဋိယာ အာဟစ္စပါဒကံ မဉ္စံ ဝါ ပီဌံ ဝါ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ, ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ရဟန်းသည် သံဃိကကျောင်းဝယ် အထက်ဆင့်တွင် ဟင်းလင်းအပြင်ရှိသော ကုဋိ၌ အပေါင်၌ သွင်းအပ်သောအခြေရှိသော ညောင်စောင်းကိုသော်၎င်း, အင်းပျဉ်ကို သော်၎င်း ဖိ၍မူလည်း ထိုင်အံ့, ဖိ၍မူလည်း အိပ်အံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး