ကာဏမာတုသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—လက်ဆောင်ပေးဘို့ မုံ့များကို အကုန်ခံယူ။'
အမှုသည်—ရဟန်းအများ
လက်ဆောင်မုံ့တွေ ကုန်အောင် ခံယူမှု
[ပြင်ဆင်ရန်]သာဝတ္ထိမြို့၌ အမျိုးသမီးတယောက်သည် အလွန်အဆင်းလှ၏။ သူ့ကိုမြင်ရသူ လုလင်ပျိုတို့ကို မိုးမမြင်လေမမြင်အောင် (ကန်း)စေတတ်သောကြောင့် “ကာဏာ” ထင်ရှား၍သူ၏ မိခင်လည်း “ကာဏမာတာ”ဟု ထင်ရှားသည်၊ ထိုကာဏာကို ရွာငယ်တရွာက ယောက်ျားတယောက်နှင့် လက်ထပ်လိုက်၏၊ အခါတပါးသော် ကာဏာသည် မိခင်ထံ အလည်အပတ် ပြန်လာရာ ယောက်ျားက လူလွှတ်၍ အမြန်ပြန်လာဘို့ မှာ၏။ မိခင်က လက်ဆောင်မပါလျှင် ရှက်စရာ” ဟု ထင်၍ လက်ဆောင်ပေးလိုက်ဘို့ရာ မုံ့ကြော်နေစဉ် ရဟန်းတပါး ဆွမ်းခံ ဝင်လာသောကြောင့် ကျက်ပြီးမုံ့ကို လောင်းလိုက်၏၊ နောက်တပါး နောက်တပါးနှင့် ဆွမ်းခံလာတိုင်း (သဒ္ဓါတရားကောင်းကောင်းဖြင့်) လောင်းချည်းနေရာ စီစဉ်ထားသော မုံ့အားလုံးကုန်သွားသောကြောင့် ထိုနေ့၌ ကာဏာ မပြန်ဖြစ်ချေ။[၁]
ယောက်ျားသည်လူထွက်၍ ကာဏာပြန်လာခဲ့ဘို့ရန် ၂ ကြိမ်မြောက် မှာပြန်၏။ လက်ဆောင်ပေးဘို့ မုံ့ကြော်ပြန်ရာ ရှေးနည်းအတိုင်း ကုန်ပြန်၏ ၃-ကြိမ်မြောက် နောက်တနေ့၌ကား ယောက်ျားက “ကာဏာမပြန်လာလျှင် နောက်မယားယူရလိမ့်မည်”ဟု မှာပြန်၏၊ ကာဏာပြန်ချင်လှပြီ, မိခင်က မုံကြော်နေပြန်၏၊ ရဟန်းများလည်း ဆွမ်းခံဝင်မြဲဝင်လာရာ မုံ့တွေကုန်ပြန်လေသည်၊ အတော်ကြာလျှင် “ကာဏာ၏ယောက်ျားက နောက်မယား ယူထားပြီ”ဟု ကာဏာကြား၍ ငိုနေစဉ် ဘုရားရှင်ကြွလာခိုက်နှင့် ကြုံကြိုက်၍ ဘုရားရှင်က တရားဟောမှ ကာဏာသက်သာရာရ၏၊ ထိုယောက်ျားလည်း “ကာဏာအထံသို့ ဘုရားသခင်တော်ကြွ၍ တရားဟောတော်မူရသတဲ့” ဟု ကြား၍ ကာဏာကို ချစ်သနားစိတ်ဝင်ကာ ကာဏာကို ပြန်ခေါ်ပြီးလျှင် နဂိုအရာ၌ပင် ထားလေသည်။ ဤဝတ္ထုကို အကြောင်းပြု၍ သိက္ခာပုဒ်၌ “ဘိက္ခုပနေဝ ကုလံ ဥပဂတံ ပူဝေဟိ အဘိဟဋ္ဌုံ ပဝါရေယျ”ဟု ပညတ်တော်မူခွင့်ရှိ၏၊ သို့သော် ဤသိက္ခာပုဒ်ကို မပညတ်ရသေးမှီ ဝတ္ထုတမျိုးပေါ် လာပြန်လေသည်။ [၁]
ရိက္ခာကုန်အောင် အလှူခံမှု
[ပြင်ဆင်ရန်]ရာဇဂြိုဟ်မြို့၌ အရိယာဖြစ်ပြီးသော ဥပါသကာ တယောက်သည် အဖေါ် ကုန်သည်များနှင့်အတူ ရာဇဂြိုဟ်မြို့မှ အနောက်ဘက်ကျသောအရပ်သို့ကူးသန်းရောင်းဝယ်ရန် လိုက်မည်ဟု ကြံ၍ လမ်းစာရိက္ခာများကို အသင့်ပြင်ဆင်ထား၏၊ ထိုအချိန်မှာ ရဟန်းတပါးသည် ထိုကုန်သည်များရှိရာသို့ ဆွမ်းခံဝင်လေရာ, ထိုဥပါ သကာသည် ရိက္ခာဖြစ်သောမုံ့တချို့ကို အလှူခိုင်း၏၊ နောက်တပါး နောက်တပါးနှင့် ကြွလာတိုင်းလှူရာ လမ်းစာရိက္ခာ မုံ့တွေ အားလုံး ကုန်လေသည်၊ အဖေါ်ကုန်သည်များကား မဆိုင်းငံ့ကြဘဲ ထွက်သွားနှင့်ကြ၏၊ သူ့မှာမူ ထပ်၍ ရိက္ခာစီစဉ်နေရသဖြင့် နောက်မှလိုက်သွားရာ လမ်း၌ အမြဲအလုခံရလေသည်၊ ထိုအခါလူတို့က “အတိုင်းအရှည် ပမာဏကိုမသိဘဲ ရဟန်းတွေ လမ်းစာရိက္ခာကိုခံယူမှုကြောင့် အလုခံရသည်”ဟု ကဲ့ရဲ့ကြသောကြောင့် “ဘိက္ခုံ ပနေဝ ကုလံ ဥပဂတံ မန္ထေဟိ အဘိဟဋုံ ပဝါရေယျ”ဟု ပညတ်တော်မူခွင့်ရှိရာ, ရှေးဝတ္ထုနှင့် ပေါင်း၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ဘိက္ခုံ ပနေဝ ကုလံ ဥပဂတံ ပူဝေဟိ ဝါ မန္ထေဟိ ဝါ အဘိဟဋ္ဌုံ ပဝါရေယျ, အာကင်္ခမာနေန ဘိက္ခုနာ ဒွတ္တိပတ္တပူရာ ပဋိဂ္ဂဟေတဗ္ဗာ။ တတော စေ ဥတ္တရိ ပဋိဂ္ဂဏှေယျ, ပါစိတ္တိယံ။ ဒွတ္တိပတ္တပူရေ ပဋိဂ္ဂဟေတွာ တတော နီဟရိတွာ ဘိက္ခူဟိ သဒ္ဓိံ သံဝိဘဇိတဗ္ဗံ, အယံ တတ္ထ သာမီစိ။[၁]
မြန်မာပြန်
[ပြင်ဆင်ရန်]အိမ်သို့ ကပ်ဝင်လာသော ရဟန်းကို လက်ဆောင်မုံ့ လမ်းစာရိက္ခာ မုံ့တို့ဖြင့် ရှေးရှုယူဆောင်၍ ဖိတ်မံလျှင် (လောင်းလှူလျှင်) ခံယူလိုသောရဟန်းသည် ၂ သပိတ် ၃ သပိတ်ပြည့်အောင် ခံနိုင်၏၊ ထိုထက် တိုး၍မခံရ၊ ၂ သပိတ်ပြည့်အောင်ခံယူလျှင် တသပိတ်ကို ရဟန်းများအား ဝေငှ၍ တသပိတ်ကို မိမိအတွက်ထား၊ ၃သပိတ် ခံယူလျှင် ၂ သပိတ်ကို ရဟန်းများအား ဝေငှရမည်၊ ခံယူခဲ့ပြီးနောက် တွေ့သမျှ ရဟန်းတွေကို “တပည့်တော် မည်သည့်အိမ်မှ မုံ့တို့ကိုမည်မျှ လောက်ခံယူခဲ့ပြီဟု ပြောရမည်၊ ထို့နောက် နောက်ရဟန်းများကား ပဌမရဟန်းက တသပိတ်စာသာ ခံယူခဲ့လျှင် ၂ သပိတ်စာ ယူနိုင်သေး၏၊ ပဌမရဟန်းက ၃ သပိတ်စာယူပြီးလျှင်ကား နောက်၌မည်သူမျှထပ်၍ မခံယူရတော့ချေ။ [၁]