ပရိမဏ္ဍလသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ပရိမဏ္ဍလသိက္ခာပုဒ် ၂-ပါး (ပရိမဏ္ဍလဝဂ်)

အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။

အမှု—သင်းပိုင်, ဧကသီကို မညီမညွတ်ဝတ်မှု။

မညီမညွတ် ဝတ်ခြင်း[ပြင်ဆင်ရန်]

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန် ကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်းပိုင် (ကိုယ်ဝတ်)ကို မညီမညွတ် ဝတ်ကြကုန်၏။ ရှေ့ကလည်း တွဲရရွဲကျ နောက်ကလည်း တွဲရရွဲကျနေကုန်၏၊ ဧကသီခေါ်(အပေါ်ခြုံ) သင်္ကန်းကိုလည်း ရှေ့ကဖြစ်စေ နောက်ကဖြစ်စေ ၂-ဘက်လုံး ဖြစ်စေ တွဲရရွဲချ၍ မညီမညွတ် ရမ်းကြကုန်၏။[၁]

လူတို့က အထင်သေးခြင်း[ပြင်ဆင်ရန်]

ထိုသို့ မညီမညွတ် ဝတ်ကြ ရမ်းကြပုံကို မြင်ရသော လူတို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို အဝတ်မှမဝတ်တတ်ကြ ဘူး-ဟု) အထင်သေးကြကုန်၏၊ တချို့လူများကား အထင်သေးရုံတွင် မကဘဲ နှုတ်ဖြင့် အပြစ်ပြောကြကုန်၏၊ တချို့ကမူ စပ်မိတိုင်း အပြစ်ပြောသဖြင့် ရဟန်းများ၏ အပြစ်သည်။ ပြန့်နှံ့သွားလေ တော့၏။

ပညတ်တော်မူခြင်း[ပြင်ဆင်ရန်]

လူတို့၏ အပြစ်ပြောသံကို အခြားရဟန်းတော်များ ကြားသိရ၍ ဘုရားရှင်အား လျှောက်ကြလေရာ ဘုရားရှင်သည် သံဃာစည်းဝေးစေတော်မူပြီးလျှင် ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို စစ်ဆေးမေးမြန်းတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့ကလည်း ဟုတ်မှန်ပါကြောင်း ဝန်ခံကြလေသည်။

ထိုအခါ “ဤမညီမညွတ် ဝတ်မှုသည် သာသနာတော်ကို မကြည်ညိုသေး သူတို့ ကြည်ညိုဖို့ရာလည်း မဟုတ်၊ ကြည်ညိုပြီးသူတို့၏ သဒ္ဓါတရား တိုးပွား သို့ရာလည်း မဟုတ်၊ မကြည်ညိုသေးသူတို့ မကြည်ညိုစရာနှင့် ကြည်ညိုပြီးသော (အချို့)ပုထုဇဉ်များ၏ သဒ္ဓါတရား ပျက်ပြားဖို့သာ ဖြစ်သည်”ဟု ကဲ့ရဲ့တော် မူပြီးလျှင်—

“ပရိမဏ္ဍလံ နိဝါသေဿာမီတိ သိက္ခာ ကရဏီယာ”။

အထက်ဝန်းကျင် ဝန်းပိုင်းညီညွတ်စွာ ဝတ်အံ့ဟု ကျင့်မှုကို ပြုရမည်။

ပရိမဏ္ဍလံ နိဝါသေတဗ္ဗံ နာဘိမဏ္ဍလံ ဇာဏုမဏ္ဍလံ ပဋိစ္ဆာဒေန္တေန = အထက်ပိုင်း၌ ချက်အဝန်းအဝိုင်း (ပတ်လည်)ကို၎င်း, ဒူးပုဆစ် အဝန်းအဝိုင်း (ပတ်လည်)ကို၎င်း ဖုံးစေလျက် အဝန်းညီစွာ ဝတ်ရမည်။

ယော အနာဒရိယံ ပဋိစ္စ ပုရတောဝါ ပစ္ဆတောဝါ ဩလမ္ဗေန္တော နိဝါသေတိ၊ အာပတ္တိ ဒုက္ကဋဿ = ဤသိက္ခာပုဒ် ပညတ်တော်ကို ဂရုမစိုက်ဘဲ ရှေ့ကဖြစ်စေ, နောက်ကဖြစ်စေ တွဲရရွဲကျစေလျက် ဝတ်သောရဟန်းမှာ ဒုက္ကဋ်အာပတ်သင့်၏၊ ဤသို့ သိက္ခာပုဒ် ပညတ်တော် မူရလေသည်၊ [ ဧကသီကို မညီမညွတ် ခြုံမှု ရမ်းမှု၌လည်း ဤအတိုင်းပင် ပညတ်တော် မူလေသည်။]

မှတ်ချက်[ပြင်ဆင်ရန်]

သိက္ခာ ကရဏီယာ = “ကျင့်မှုကို ပြုရမည်” ဟူရာ၌ ဝတ်နည်း ရမ်းနည်း (ခြုံနည်း) ကိုတတ်အောင် သင်ရမည်၊ ထိုသို့သင်ရမည် ဖြစ်လျက် မသင်ခြင်းသည်ပင် သိက္ခာပုဒ်ကို မလေးစားရာရောက်၏။ နိဝါသန ဝတ္တံ ဟိ သာဓုကံ ဥဂ္ဂဟေတဗ္ဗိ၊ တဿ အနုဂ္ဂဟမေဝဿ အနာဒရိယံ၊] ထိုသို့သင်၍ တတ်သောအခါ ညီညီညွတ်ညွတ် ဝတ်လေ့ရှိရမည်၊ ဝတ်နည်းကိုသိပါလျက် ညီညီညွတ်ညွတ် မဝတ်လျှင် ဒုက္ကဋ်အာပတ် သင့်၏။ သာမဏေများ၌ ဒဏ်ထိုက်၏။ [နောက်လာမည့် သေခိယ သိက္ခာများလည်း ဤနည်းချည်းတည်း။ ]

ဝတ်ပုံ[ပြင်ဆင်ရန်]

အထက်ပိုင်း၌ ချက်ကို ဖုံးလောက်အောင် ရှေ့ရောနောက်ပါ ညီစွာဝတ်ရမည်၊ အောက်ပိုင်း၌ ဒူး(ပုဆစ်)ရိုးမှ အောက် လက်ရှစ်သစ် လောက်ချ၍ ရှေ့ရော နောက်ပါ ညီစွာဝတ်ရမည်။ [“ဇဏုမဏ္ဍလဿ ဟေဋ္ဌာ ဇင်္ဃဋ္ဌိကတော ပဋ္ဌာယ အဋ္ဌင်္ဂုလမတ္တံ နိဝါသနံ ဩတာရေတွာ နိဝါသေတဗ္ဗံ၊ တတော ပရံ ဩတာရေန္တဿ ဒုက္ကဋန္တိ ဝုတ္တံ”-သေခိယ အဋ္ဌကထာ။] သင်္ကန်းရမ်းရာ၌လည်း ဒူးပုဆစ်အောက် လက် ၄-သစ်လောက် ချ၍ ညီစွာရမ်းရမည်။

ဝိမတိ[ပြင်ဆင်ရန်]

အဋ္ဌင်္ဂုလမတ္တန္တိ မတ္တသဒ္ဒေန တတော ကိဉ္စိ အဓိကံ ဉုနမ္ပိ သင်္ဂဏှာတိ၊ ဧတ္ထာပိ ပရိမဏ္ဍလသိက္ခာပဒဿ သာဓာရဏတ္တာ ဇာဏုမာလတော ဟေဋ္ဌာ စတုရင်္ဂုလမတ္တံ ဩတာရေတွာ အနောလမ္ဗေတွာ ပရိမဏ္ဍလမေဝ ပါရုပိတဗ္ဗံ၊ ...[သေခိယ အဖွင့်။]

ဘာသာပြန်[ပြင်ဆင်ရန်]

လက်ရှစ်သစ်လောက်”ဟု “မတ္တ=လောက်” သဒ္ဒါကြောင့် ထိုရှစ်သစ်ထက် အပိုအလိုကိုလည်း သိမ်းယူ၏။ ...ဤသုပ္ပဋိစ္ဆန္နသိက္ခာပုဒ်၌လည်း ပရိမဏ္ဍလသိက္ခာပုဒ်နှင့် ဆက်ဆံသည့်အတွက် ဒူးပုဆစ်ဝန်းမှ အောက် လက် ၄-သစ်လောက် ချ၍ တွဲလျားလည်း မကျစေဘဲ ဝန်းဝိုင်းစွာ ရုံရမည်။

ညီစွာ ဝတ်ရာဌာန[ပြင်ဆင်ရန်]

ရဟန်း သာမဏေများသည် ကျောင်း အာရာမ် အတွင်းဝယ် ဘုရားဝတ်တက်ရာအခါ, ဆရာ့အထံ ချဉ်းကပ်ရာအခါ, သံဃာအများ စုဝေးရာအခါ, သံဃာအများ ဆွမ်းစားရာအခါ စသည်တို့၌၎င်း မြို့ရွာအတွင်း တည်းခိုနေထိုင်ရာအခါ၌၎င်း ဤသိက္ခာပုဒ် ၂-ပါးကြောင့် ညီစွာဝတ်၍ ရမ်း၍နေရမည်။ [ “ဝိဟာရေပိ အန္တရဃရေပိ ပရိမဏ္ဍလမေဝ နိဝါသေတဗ္ဗဉ္စ ပါရုပိတဗ္ဗဉ္စ ... (အဋ္ဌကထာ)” “ဝိဟာရေပီတိ သံဃသန္နိပါတဗုဒ္ဓုပဋ္ဌာနာဒိကာလံ သန္ဓာယ ဝုတ္တံ”-ဝိမတိ။] ဤစကား အရ-“မိမိ တပါးတည်းနေရာ အခါစသည်၌ ပရိမဏ္ဍလ မဖြစ်သော်လည်း အပြစ်မရှိ”ဟုမှတ်။

ခြွင်းချက်[ပြင်ဆင်ရန်]

ညီစွာဝတ်မည် ရမ်းမည်ဟု သဘောထား၍ ဝတ်ပါသော်လည်း မညီမညွတ် ဖြစ်သွားရာအခါ, တခြားကိစ္စ၌ စိတ်စိုက်နေခိုက် အမှတ်တမဲ့ (သတိမထားဘဲ) ဝတ်မိရာအခါ, ညီညီညွတ်ညွှတ် ဝတ်ပါလျက် ရှည်သွားမှန်း တိုနေမှန်း မသိရှာအခါ (တနည်း-ဝတ်နည်း ရမ်းနည်းကို သိပါလျက် နားမလည်သေးရာအခါ) ခြေသလုံး၌ ဖြစ်စေ ခြေထောက်၌ ဖြစ်စေ အနာပေါက်နေ၍ (ဂိလာန ဖြစ်ခိုက်) အနာတိုက်မိမှာ စိုးသဖြင့် တိုတိုဝတ်ရာအခါ, ယင်အုံမှာစိုးသဖြင့် ရှည်ရှည်ချ၍ ဝတ်ရာအခါ, ခြေသလုံး ခြောက်ကပ်ခြင်း ခြေသလုံးသားကြီးခြင်းစသည်ဖြစ်ရာအခါ, ဘေးရန်ကြောင့် ပြေးလွှားရာအခါ, ရှူးနေရာအခါတို့၌ အတိုအရှည်ဝတ်သော်လည်း အာပတ် မသင့်, ဒဏ်မထိုက်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး