သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် ၂-ပါး (ပရိမဏ္ဍလဝဂ်)

အမှာ[ပြင်ဆင်ရန်]

ဤသေခိယအခဏ်း၌လာသော သိက္ခာပုဒ်များသည် သာဝတ္ထိမြို့ မှာချည်း ဖြစ်၍ ဆဗ္ဗဂ္ဂိယရဟန်းများကိုချည်း အကြောင်းပြု၍ ပညတ်တော် မူရသော သိက္ခာပုဒ်များဖြစ်သည်။

မြို့ရွာ အတွင်း၌ ကိုယ်ကို ဖော်၍ သွားလာနေထိုင်မှု[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ သွားလာသည့်အခါ ကိုယ်ကိုဖေါ်၍ (ဒူးဖေါ်, ရင်ဖေါ် ဖေါ်၍) သွားလာကြကုန်၏။ ထိုင်သည့်အခါလည်း ကိုယ်ကို ဖေါ်၍ ထိုင်နေကြကုန်၏။ ထိုသို့ ကြည်ညိုဘွယ်မကောင်းသော သွားလာနေထိုင်ပုံကို မြင်ရ၍ လူတို့က ကဲ့ရဲ့၍ကြသောကြောင့် ကဲ့ရဲ့သံကို ကြားရသော ရဟန်းတော်များက ဘုရားရှင်ကို လျှောက်ကြသဖြင့်... [၁]

(က) “သုပ္ပဋိစ္ဆန္နော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

(ခ) သုပ္ပဋိစ္ဆန္နော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။

ဟု ဤသိက္ခာ ၂-ရပ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

လည်ပင်း လက်ကောက်ဝတ်မှ စ၍ ကိုယ်ကိုကောင်းစွာ ဖုံးလျက် မြို့ရွာအတွင်း၌ သွားရမည်, နေထိုင်ရမည်”ဟူသော အလေ့အကျင့်ကို ပြုကျင့်ရမည်။

ကောင်းစွာ ဖုံးပုံ[ပြင်ဆင်ရန်]

“သု = ကောင်းစွာ + ပဋိစ္ဆန္န = ကိုယ်ကိုဖုံး” ဟူရာ၌ တကိုယ်လုံး ဉုးခေါင်းပါဖုံးရမည်-ဟု မိန့်တော်မူလိုသည် မဟုတ်၊ ယခုကာလ-သင်္ကန်းရုံခြင်းမျိုးကို ဆိုလိုသည်၊ ထို့ကြောင့် မြို့ရွာအတွင်း သွားလာသောအခါ သင်္ကန်းရုံ၍ အနားပတ်သီးကို တပ်ကြရသည်၊ ထိုသို့ သင်္ကန်းရုံ၍ အနားပတ်သီး တပ်ထားလျှင် လည်မျို ဇလုပ် ဦးခေါင်းနှင့် လက်ကောက်ဝတ် ပြင်ဘက်လက် ခြေသလုံး အောက်ပိုင်းမှ တပါး တကိုယ်လုံးကို ဖုံးပြီးဖြစ်၏၊ ထိုင်သောအခါလည်း ထိုကဲ့သို့ပင် ကောင်းစွာ ဖုံး၍ ထိုင်ရသည်။

အဋ္ဌကထာ[ပြင်ဆင်ရန်]

ဒုတိယသိက္ခာပဒေ ... ဂလဝါဋကတော ပုဋ္ဌာယ သီသံ, မဏိဗန္ဓတော ပဋ္ဌာယ ဟတ္ထေ, ပိဏ္ဍိမံသတောစ ပဋ္ဌာယ ပါဒေ ဝိဝရိတွာ နိသီဒိတဗ္ဗံ=ထိုင်ခြင်းနှင့် စပ်သော ဒုတိယသိက္ခာပုဒ်ဝယ် လည်မျိုဇလုပ်မှစ၍ ဦးခေါင်းကို၎င်း, လက်ကောက်ဝတ်မှ စ၍ လက်တို့ကို၎င်း, ခြေသလုံးအသားစိုင်မှစ၍ ခြေတို့ကို၎င်း ဖွင့်ပြီး ထိုင်ရမည်။

မှတ်ချက်[ပြင်ဆင်ရန်]

ယခုကာလ၌ တချို့ ထိုင်ရာ၌ ခြေဖျား လက်ဖျားတို့ကိုပင် ဖုံး၍ တိုင်ကြ၏၊ ထိုသို့ထိုင်ခြင်းကို အပြစ်ရှိသည်ဟု အခြားသိက္ခာပုဒ်အရ မတွေ့ရသောကြောင့် ထိုသို့ ထိုင်ခြင်းကို အဋ္ဌကထာအတိုင်းမဟုတ်ဟု ဆိုရုံမှတပါး အပြစ်မမြင်ချေ။ ထိုသို့ဖုံးခြင်းကို ကြည်ညိုဘွယ် မဖြစ်ဟုလည်း မဆိုသာ၊ ဦးခေါင်းကိုကား နောက်၌မခြုံရဟု ပညတ်တော် လာဦးလတံ့ ဖြစ်၍ မခြုံသင့်၊ ထို့ပြင်-လည်ပင်းကို ဖုံးရာ၌ ရှေ့ပိုင်း လည်မျို ဇလုပ်ကို ဖုံးအောင် သင်္ကန်းရုံမှ ကျေနပ်ကြ၏၊ ထိုသူတို့ကား “ဂလဝါဋ ကတော ပဋ္ဌာယ”ဟူသောစကားဖြင့် စဉ်းစားသင့်သည်။

ခြွင်းချက်[ပြင်ဆင်ရန်]

ဤသိက္ခာပုဒ် ၂-ပါး၌လည်း ရှေ့ပရိမဏ္ဍလသိက္ခာပုဒ်လာ ခြွင်းချက်များ ရနိုင်သည့်ပြင် (“ဝဿုပဂတ” ခေါ်) ရွာတွင်း၌ ဆွမ်းခံ ဆွမ်းစား တရားဟောခိုက် နေထိုင်ခြင်းမျိုး မဟုတ်ဘဲ တည်းခိုသော အနေမျိုးဖြင့် နေသော ရဟန်းလည်း သင်္ကန်းမရုံဘဲ နေနိုင်သေး၏၊ [ “ဝဿုပဂတဿာတိ-ဝါသတ္ထာယ ဥပဂတဿ ရတ္တိဘာဂေဝါ ဒိဝသဘာဂေဝါ ကာယံ ဝိဝရိတွာ နိသီဒနတော အနာပတ္တိ”-အဋ္ဌကထာ။]

ဆက်ဦးအံ့[ပြင်ဆင်ရန်]

“တည်းခိုသော အနေမျိုး”ဟူရာ၌ အဘယ်လောက်ကြာမှ “တည်းခိုခြင်း” ဖြစ်သနည်း-ဟု စဉ်းစားဘွယ် ရှိ၏၊ ကင်္ခါဋီကာသစ်၌ ညဉ့် အိပ်မည်ဟု ရည်ရွယ်ချက်ဖြင့် တည်းခိုမှ “အတည်းခို”ဟု ဆိုလို၏၊ ဝိမတိ ဋီကာ၌ကား “ဝါသတ္ထာယ ဥပဂတဿာတိ ဝုတ္တတ္တာ ဝါသာဓိပ္ပါယံ ဝိနာ (နေလိုသော ဆန္ဒနှင့် ကင်း၍) ဓမ္မဒေသနာ ပရိတ္တဘဏနာဒိ အတ္ထာယ သုစိရမ္ပိ နိသီဒန္တေန သဗ္ဗံ အန္တရဃရဝတ္တံ ပူရေန္တေနေဝ နိသီဒိတဗ္ဗံ”ဟု ဆိုသောကြောင့် တည်းခိုနေလိုသော ဆန္ဒရှိလျှင် ခေတ္တပင်ဖြစ်သော်လည်း “အတည်းခိုပင်”ဟု အဓိပ္ပါယ်ကျသည်။

ထို့ပြင်-အိမ်ရှင်တို့သည် “ရှင်ဘုရားများ သတင်းသုံးသမျှ ဤအိမ်ကို လှူပါ၏”ဟု လျှောက်တတ်ကြ၏။ ထိုသို့လျှောက်လျှင် (အတည်းခိုမဟုတ်ဘဲ) ဆွမ်းစားသွားခြင်းစသည်ပင် ဖြစ်သော်လည်း ကျောင်းမှာ နေသလို သင်္ကန်း မရုံဘဲ နေနိုင်၏ဟု ယူဆကြ၏၊ ထိုအယူကိုကား-“တံ သဗ္ဗံ နဂဟေတဗ္ဗံ, တထာ ဝစနာဘာဝါ ဒါနလက္ခဏာဘာဝါ တာဝတ္တကေန ဝိဟာရသင်္ချာ နုပဂမနတောစ = ထိုအားလုံးကို အတည်မယူထိုက်၊ (ဘာ့ကြောင့်နည်း၊) ထိုကဲ့သို့ ယူဖို့ရာ အဆိုအမိန့်မရှိခြင်း, ခေတ္တလှူခြင်းသည် အလှူမမြောက် အငှါးသာဖြစ်ခြင်း, ထိုသို့လျှောက်ရုံမျှဖြင့် ကျောင်းဟု မဆိုနိုင်ခြင်းကြောင့်တည်းဟု ဆို၍ ဝိမတိ ပယ်လေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး