ရဟောနိသဇ္ဇသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ရဟောနိသဇ္ဇသိက္ခာပုဒ် နှစ်ပုဒ် ရှိပါသည်။

အမှုသည်—ရှင်ဥဒါယီ

အမှု—ဘိက္ခုနီနှင့်အတူ လူကွယ်ရာ၌နေမှု

ရှင်ဥဒါယီနှင့် ဘိက္ခုနီ[ပြင်ဆင်ရန်]

ရှင်ဥဒါယီ၏ ဇနီးဟောင်းသည် ဘိက္ခုနီလုပ်ပြီးလျှင် ရှင်ဥဒါယီထံ မကြာမကြာလာတတ်၏၊ ရှင်ဥဒါယီလည်း ထိုဘိက္ခုနီထံ သွားတတ်၏၊ အခါတပါး၌ကား သူတို့ ၂-ယောက်သည် အဖေါ်မပါဘဲ (ပြောလိုရာကို လွတ်လွတ်လပ်လပ် ပြောနိုင်ဘို့ရာ အခြားသူတို့ မကြားလောက်အောင် ဝေးသောကြောင့်) “နား၏ ကွယ်ရာ”ဟု ဆိုထိုက်သော အရပ်၌ ထိုင်နေကြလေသည်၊ ထိုအခါ ရဟန်းများ ကဲ့ရဲ့ကြ၍ ဘုရားထံလျှောက်ခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။ [၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင် ရဟန်းသည် ရဟန်းမနှင့် တကွ တယောက် ချင်းချင်း နား၏ကွယ်ရာအရပ်၌ ထိုင်နေခြင်းကို ပြုအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။ [၁]


အမှုသည်—ရှင်ဥပနန္ဒ

အမှု—အလှူအိမ်ရှင်မနှင့်အတူ ပြောစကားကို သူများမကြားနိုင်သော လူမြင်ကွင်း၌ထိုင်နေမှု

ရှင်ဥပနန္ဒနှင့် မာတုဂါမ[ပြင်ဆင်ရန်]

ရှင်ဥပနန္ဒသည်ပင် သူငယ်ချင်းအိမ်သို့ သွား၍ အိမ်ရှင်မနှင့်အတူ တယောက်ချင်း အကွယ်အကာမရှိ၍ ဟာလာ ဟင်းလင်း လူမြင်ကွင်း၌ ထိုင်နေပြန်၏၊ သို့သော် သူတို့ ထိုင်နေရာအရပ်၏ ပတ်ဝန်းကျင်အနီးအပါး၌ ပြောစကားကို ကြားနိုင်သူ မရှိရကား ထိုအရပ်ကို “နားကွယ်ရာအရပ်” ဟုဆိုအပ်၏၊ ထိုသို့ ထိုင်နေပုံကိုလည်း အိမ်ရှင်ယောက်ျားက မကျေနပ်၍ ကဲ့ရဲ့ပြန်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။ [၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ရဟန်းသည် မာတုဂါမနှင့်တကွ တယောက်ချင်း နား၏ ကွယ်ရာ၌ ထိုင်နေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ [၁]

သိက္ခာပုဒ်၂-ပါးအထူး[ပြင်ဆင်ရန်]

ရှေးသိက္ခာပုဒ်၌ အကွယ်အကာ ရှိသောကြောင့် “ရဟော” အရမျက်စိကွယ်ရာဖြစ်ခြင်း, ယောက်ျားများသာ အဖေါ်ဖြစ်နိုင်ခြင်းနှင့် ဤသိက္ခာပုဒ်၌ အကွယ်အကာ မရှိသောကြောင့် “ရဟော” အရ နားကွယ်ရာဖြစ်ခြင်း, ယောက်ျားမိန်းမ ၂-မျိုးလုံးပင် အဖေါ်ဖြစ်နိုင်ခြင်းသည် သိက္ခာပုဒ် ၂-ပါး၏ ထူးခြားချက်တည်း၊ “နားကွယ်ရာ”အရပ်ကိုလည်း ၁၂-တောင်အတွင်း၌ ကြားမည့်သူ မရှိသောအရပ်ဟု သတ်မှတ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး