ဆန္ဒံအဒတွာဂမနသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ဆန္ဒမပေးဘဲ ဖဲသွားမှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းတပါး။
သံဃာ စည်းဝေးခြင်း
[ပြင်ဆင်ရန်]အခါတပါး၌ သံဃာတော်သည် ကိစ္စတစုံတခုအတွက် စည်းဝေးကြ၏၊ ထိုအချိန်၌ ဆဗ္ဗဂ္ဂီရဟန်းအများပင် သင်္ကန်းချုပ်မှု ဆိုးမှုတို့ဖြင့် ကိစ္စများနေကြ၏၊ ထို့ကြောင့် ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ရဟန်းတပါးကို (ထိုပြုမည့်ကံအတွက် သဘောတူကြောင်း) ဆန္ဒပေး၍ လွှတ်လိုက်ကြလေသည်၊ ရှေးခေတ်က ကျောင်းတိုက်ကြီး တခုလုံးကို သိမ်းကျုံး၍ မဟာသိမ်သမုတ်လေ့ရှိ၏၊ ရာဇဂြိုဟ်မြို့တော်၌ကား ပတ်ဝန်းကျင်ရှိသမျှ ကျောင်းတိုက်တွေကို သိမ်းကျုံး၍ တမြို့လုံးကိုပင် သိမ်သမုတ်ထား၏၊ ဗုဒ္ဓဘာသာဝင် ဟုတ်ဟုတ်-မဟုတ်ဟုတ် အားလုံး လူဝတ်ကြောင်တွေလည်း ထိုမဟာသိမ်အတွင်းမှာပင် အိမ်မှုကိစ္စကို ရွက်ဆောင်နေထိုင်ကြရ၏။ [၁]
တစုံတခုကံကို ပြုလိုသောအခါ ထိုသိမ်တွင်း၌ ရဟန်းအများ အစုံအညီ လာနိုင်လျှင် အစုံအညီလာရ၏၊ မလာနိုင်လျှင် ထိုပြုမည့်ကံကို သဘောတူပါကြောင်း ဆန္ဒပေးလိုက်ရ၏၊ ကိုယ်တိုင်လည်းမလာ, ဆန္ဒလည်းမပေးလျှင် ထိုကံအထမမြောက်၊ ထို့ကြောင့် မလိုက်နိုင်သော ဆဗ္ဗဂ္ဂီရဟန်းတို့သည် အားလုံးက ဆန္ဒပေး၍ ဆဗ္ဗဂ္ဂီရဟန်းတပါးကို အစည်းအဝေးသို့လွှတ်လိုက်ကြ ရလေသည်၊ ထိုအခါ သံဃာတော်သည် နဂိုကပင် ဆဗ္ဗဂ္ဂီရဟန်းများကို (နှိမ်ချသော)ကံတခုပြုဘို့ရန် ရည်မှန်း၍ စည်းဝေးခြင်း ဖြစ်သောကြောင့် ထိုလာသော ဆဗ္ဗဂ္ဂီကိုပင် ကံပြုဘို့ရန် ဉတ်ထားလေတော့၏၊ [သံဃာတော်ကို ရှေးဦးစွာ အသိပေးသောစကားကို ဉတ်ဟုခေါ်၏၊ ထိုဉတ်ကို တပါးက ရွတ်ခြင်းကို “ဉတ်ထားခြင်း”ဟုခေါ်သည်။][၁]
ဆန္ဒမပေးဘဲ ထသွားခြင်း
[ပြင်ဆင်ရန်]ထိုသို့ ဉတ်ထားသောအခါကျမှ ပါလာသော ဆဗ္ဗဂ္ဂီသည် မိမိကို ကံပြုတော့မည့် အကြောင်းကို သိရကား “ဒီကိုယ်တော်တွေဟာ ဒီလိုချည်း ဒို့ဆဗ္ဗဂ္ဂီတွေကို တပါးစီလာတဲ့အခါ ကံပြုတတ်ကြတယ်၊ ကဲ...ဒီတခါတော့ ဘသူ့ကို ကံပြုနိုင်ကြဉုးမှာလဲ” ဟုပြောဆိုကာ ဆန္ဒမပေးဘဲ ထသွားလေတော့သည်၊ [သူကဆန္ဒမပေးဘဲ ထသွားလျှင် သံဃာမညီညွတ်ပြန်ရကား ထိုကံကို မပြုနိုင်တော့ချေ၊ ထိုသို့ကံမပြုနိုင်အောင်ပင် ထိုရဟန်းလည်း ထသွားခြင်း ဖြစ်၏။][၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယော ပန ဘိက္ခု သံဃေ ဝိနိစ္ဆယကထာယ ဝတ္တမာနာယ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမေယျ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]အကြင် ရဟန်းသည် သံဃာ၌ ဆုံးဖြတ်ကြောင်းစကား ဖြစ်နေစဉ် ဆန္ဒမပေးဘဲ နေရာမှထ၍ ဖဲသွားအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။[၁]
မှတ်ချက်
[ပြင်ဆင်ရန်]ဝိနိစ္ဆယကထာ (ဆုံးဖြတ်ကြောင်းစကား) ဖြစ်နေစဉ်” ဟူရာ၌ ကံတခုခုပြုဘို့ရန် အမှုကို ပြောဆို၍ ဆုံးဖြတ်ချက် မချရသေးသည်ကို၎င်း, ဉတ်ကမ္မဝါစာရွတ်ဆို၍ ကံပြုရာ၌ ကမ္မဝါစာ မပြီးသေးသည်ကို၎င်း, ”ဝိနိစ္ဆယကထာ ဖြစ်နေစဉ် = ဖြစ်တုန်း”ဟုဆိုသည်။ [၁]
ထိုအချိန်၌ ကံကိုမပြုဖြစ်အောင် ဆန္ဒမပေးဘဲ ထသွားလျှင် ပါစိတ် အာပတ်သင့်၏ မတရားသောကံကို ပြုလိမ့်မည်”ဟု အယူရှိ၍ဖြစ်စေ မကျန်းမမာခြင်းစသည်ကြောင့်ဖြစ်စေ သဘောရိုးဖြင့် ထသွားသူမှာ အာပတ်မသင့်။[၁]