ဩဝါဒသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ဘိက္ခုနီတို့အား ဩဝါဒပေးမှု။
အမှုသည်—ဆဂ္ဂီရဟန်းများ၊
ဘိက္ခုနီကြောင့် လာဘ်ပေါပုံ
[ပြင်ဆင်ရန်]“ဘိက္ခုနီတို့သည် ဘိက္ခုတို့အထံ၌ ဩဝါဒခံယူဘို့ရန် သွားရမည်”ဟု ဘိက္ခုနီ-အာရာမဝဂ် အဋ္ဌမသိက္ခာပုဒ်၌ ပညတ်တော်မူထား၏၊ ထိုပညတ်တော်အရ ဘိက္ခုနီတို့သည် ဩဝါဒခံယူဘို့ရန် လာကြသောအခါ အဝါ ၂၀ ရပြီးသော ထေရ်ကြီးတို့သည် ဩဝါဒပေးကြ (တရားဟောကြ)ကုန်၏၊ ဘိက္ခုနီတို့သည် မိမိတို့ အထံသို့ လာကြသောဆွေမျိုးများက “အဘယ် ပုဂ္ဂိုလ်ထံ ဩဝါဒ ခံယူကြပါသလဲ”ဟု မေးသောအခါ မည်သည့် ထေရ်၏ အထံမှ ဩဝါဒ ရသည်”ဟု မဟာသာဝက (အရှင်မဟာကဿပ-အရှင်သာရိပုတြာ-အရှင်အာနန္ဒာစသည်)တို့ကို ညွှန်ပြ၍ ထိုထေရ်တို့၏ အမျိုးအနွယ်ဂုဏ် အကျင့်သီလဂုဏ်တို့ကိုပါ ဆက်လက်ပြောကြလေ၏၊ ထိုအခါ ဆွေမျိုးတို့သည် ထိုထေရ်တို့ကို ကြည်ညိုကြသဖြင့် ထိုထေရ်တို့အား ပစ္စည်းလေးပါးကို လှူဒါန်းကြလေသည်။ [၁]
ဆဗ္ဗဂ္ဂီတို့ အကြံ
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုကဲ့သို့ ပစ္စည်းရမှုကို အားကျ၍ ဘိက္ခုနီတို့ထံသွားပြီးလျှင် “ငါတို့ဆီသို့လည်း ဩဝါဒ ခံယူကြပါဥုး”ဟု ပြောကြလေ၏၊ ထိုအခါ ဘိက္ခုနီတို့သည် စိတ်မခိုင်ကြသောကြောင့် ဆဗ္ဗဂ္ဂီတို့စကားကို လိုက်နာ၍ ဆဗ္ဗဂ္ဂီတို့ထံ ဩဝါဒခံ သွားကြလေ၏။ ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် တရားစကားကို နဲနဲပါးပါးသာပြော၍ တနေ့လုံး မင်းကြီးတို့အကြောင်း သူရဲကောင်းတို့၏ အကြောင်းစသော ရဟန်းနှင့်မဆိုင်သော စကားမျိုးကိုပြောကာ အချိန်တန်မှ ပြန်ကြတော့ဟု လွှတ်လိုက်ကြလေသည်၊ ထို့နောက် ဘုရားအထံ ရောက်ကြ၍ ဩဝါဒများ ပြည့်ပြည့်စုံစုံ ရကြရဲ့လား”ဟု မေးတော်မူရာ, ထိုဆဗ္ဗဂ္ဂီတို့၏ အကြောင်းစုံကို လျှောက်ကြသဖြင့် ဘိက္ခုနောဝါဒသမ္မုတိကို ခွင့်ပြုတော်မူပြီးလျှင် သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယော ပန ဘိက္ခု အသမ္မတော ဘိက္ခုနိယော ဩဝဒေယျ, ပါစိတ္တိယံ။[၁]
မြန်မာပြန်
[ပြင်ဆင်ရန်]ဘိက္ခုနီတို့ကို ဩဝါဒပေးသောရဟန်းဟု သမုတ်ခြင်းကို “ဘိက္ခုနောဝါဒသမ္မုတိ”ဟု ခေါ်၏၊ ထိုကဲ့သို့ သမ္မုတိရသူ မဟုတ်လျှင် ဘိက္ခုနီတို့ကို ဩဝါဒမပေးရ၊ ပေးလျှင် ဤပါစိတ်အာပတ်သင့်သည်။ [၁]
ဘိက္ခုနောဝါဒကအင်္ဂါ ၈-ပါး
[ပြင်ဆင်ရန်]ထိုသိက္ခာပုဒ်ပညတ်တော် မူပြီးနောက် ။ ဆဗ္ဗဂ္ဂီတို့သည် “ဘိက္ခုနောဝါဒက”ဟု မိမိတို့အချင်းချင်း သမုတ်ကြပြီးလျှင် ဘိက္ခုနီတို့ထံသွား၍ “ငါတို့လည်း သမ္မုတိ ရကြပါ၏, ငါတို့ထံသို့လည်း လာ၍ ဩဝါဒခံယူကြပါ”ဟုပြောပြီးလျှင် ရှေးနည်းအတိုင်း ဩဝါဒပေးကြပြန်ရာ ဘုရားရှင်သိတော်မူ၍ ဘိက္ခုနောဝါဒက ပုဂ္ဂိုလ်၏အင်္ဂါ ၈-ပါးကို
- “၁-ပါတိမောက္ခသံဝရသီလရှိခြင်း,
- ၂-ပိဋက ဗဟုသုတရှိခြင်း,
- ၃-ဥဘတောဝိဘင်းနှင့် ပါတိမောက်ကို နှုတ်တက်ရခြင်း,
- ၄-ကောင်းသော စကားလုံးနှင့် ကောင်းသောအသံရှိခြင်း,
- ၅-ဘိက္ခုနီသံဃာ (အားလုံးမဟုတ်သော်လည်း) အများ၏ အကြည်ညိုခံရခြင်း,
- ၆-ဘိက္ခုနီတို့ကို တရားဟောစွမ်းနိုင်ခြင်း,
- ၇-ရှေးလူ ဘဝတုန်းက ဘိက္ခုနီတို့၌ ကာယသံသဂ္ဂ သိက္ခမာန်သာမဏေတို့၌ မေထုန်မှုကို မပြုဘူးခြင်း,
- ၈-ဝါ ၂၀ ရရှိခြင်း”ဟု သတ်မှတ်တော်မူရလေသည်။[၁]