ဘဏ္ဍာရေး ဝန်ကြီးဌာန
| Ministry of Finance | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၁၀ ဇူလိုင် ၂၀၁၃ |
| ယခင်အဖွဲ့အစည်း | ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန |
| ဖျက်သိမ်းခြင်း | ၃၀ မတ် ၂၀၁၆ |
| အစားထိုးခြင်း | စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန |
| အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
| ဌာနချုပ် | နေပြည်တော် |
| ဝက်ဘ်ဆိုက် | mof.gov.mm |
ဘဏ္ဍာရေးဝန်ကြီးဌာန (Ministry of Finance) သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တည်ရှိခဲ့သော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ ဦးထင်ကျော်အစိုးရလက်ထက်တွင် ယင်းဝန်ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီး ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ တက်ခဲ့သည်မှစ၍ ၁၉၇၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့အထိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဟူ၍ သီးခြားစီ ဝန်ကြီးဌာနများအဖြစ် ဖွဲ့စည်းထားရှိခဲ့ပြီး ဆိုရှယ်လစ်ခေတ်တွင် အုပ်ချုပ်မှုပုံစံအရ ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှစ၍ အထက်ပါ ဝန်ကြီးဌာန(၂)ခုအား ပေါင်းစပ်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန တစ်ခုတည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်၊ ၁၂/၉၃ ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန (Ministry of National Planning and Economic Development) နှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန (Ministry of Finance and Revenue) ဟူ၍ ဝန်ကြီးဌာန(၂) ခုအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။[၁]
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ ၅၇/၂၀၁၃ ဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ကို ဘဏ္ဍာရေးဝန်ကြီးဌာန (Ministry of Finance) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။[၂]
ဝန်ကြီး ပြင်ဆင်ဖွဲ့စည်းခြင်း
[ပြင်ဆင်ရန်]၂၀၁၆ ခုနှစ် ရွေးကောက်ခံအစိုးရအသစ် တက်လာချိန်တွင် သမ္မတဦးထင်ကျော်က အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှစ်ခုကို ပေါင်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]
ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရုံးအား အဖွဲ့ခွဲ(၃)ခု၊ အထောက်အကူပြုဌာနတစ်ခုဖြင့် ဖွဲ့စည်းထားပြီး အခွန်ဘဏ္ဍာဆိုင်ရာဌာန(၅)ခုနှင့် ငွေကြေးအဖွဲ့အစည်း(၅)ခု တို့ဖြင့် ဖွဲ့စည်း ထားသည်။ [၁]ယင်းတို့မှာ –
- ဝန်ကြီးရုံး
- မူဝါဒရေးရာအဖွဲ့ခွဲ
- အခွန်နှင့်ဝန်ထမ်းရေးရာအဖွဲ့ခွဲ
- ဘတ်ဂျက်၊ ငွေစာရင်းနှင့် စီမံရေးရာအဖွဲ့ခွဲ
တို့ဖြစ်ပြီး အထောက်အကူပြုဌာနမှာ နိုင်ငံတကာဆက်ဆံရေးဌာန ဖြစ်သည်။
- အခွန်ဘဏ္ဍာဆိုင်ရာဌာန(၅)ခုမှာ -
- ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
- ပြည်တွင်းအခွန်များဦးစီးဌာန
- အကောက်ခွန်ဦးစီးဌာန
- အခွန်အယူခံခုံရုံးအဖွဲ့
- ပင်စင်ဦးစီးဌာန
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်များနှင့် အခြားစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု မူဝါဒများအောင်မြင်စေရန် အတွက်ထိရောက်သော ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး မူဝါဒများ ချမှတ်ဆောင်ရွက်ရန်ဖြစ်သည်။
လုပ်ငန်းတာဝန်များ
[ပြင်ဆင်ရန်]ဝန်ကြီးရုံးသည် နိုင်ငံတော်၏ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး အခြေအနေများအား အထက်အဖွဲ့အစည်းများသို့ အစီရင်ခံ တင်ပြခြင်း၊ အကြံပြုချက်များ တင်ပြခြင်း၊ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအဖွဲ့အစည်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ အထက်အဖွဲ့အစည်းများနှင့် လက်အောက်ခံဌာနများနှင့် လည်းကောင်း၊ လက်အောက် ဌာနအချင်းချင်း အားလည်းကောင်း ညှိနှိုင်း ပေါင်းစပ်ပေးခြင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများအကြား ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကိစ္စများနှင့် ပက်သက်၍ အခြားဝန်ကြီးဌာနများအား အကြံဉာဏ်များပေးခြင်းတို့ကို ဆောင်ရွက် လျက် ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 ဌာန၏အကြောင်း။ ဘဏ္ဍာရေး ဝန်ကြီးဌာန။ 21 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၈ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခြင်း။ နိုင်ငံတော်သမ္မတရုံး။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၈ တွင် ပြန်စစ်ပြီး။