မင်းခရီ

ဝီကီပီးဒီးယား မှ
မင်းခရီ
အလီခင်
ရခိုင်ဘုရင်
နန်းသက်၉ မေ ၁၄၃၃ – c. ဇန်နဝါရီ ၁၄၅၉
ရှေ့မင်းဆက်မင်းစောမွန်
ဆက်ခံသူဘစောဖြူ
မွေးဖွားc. မတ် ၁၃၉၂
အင်္ဂါနေ့၊ c. မြန်မာသက္ကရာဇ် ၇၅၃ ခုနှစ် နှောင်းတန်ခူး
လောင်းကြက်မြို့
ကွယ်လွန်c. ဇန်နဝါရီ ၁၄၅၉ (အသက် ၆၆)
c. မြန်မာသက္ကရာဇ် ၈၂၀ ခုနှစ် တပို့တွဲလ
မြောက်ဦးမြို့
ကြင်ရာတော်စောပဘာ
စောပဉ္စ
စောယင်မိ
စောခမောက်
သားသမီးများစောစံမယ်
ဘစောဖြူ
ဘစောညို
လောင်းကြက်မြို့စား မင်းဆွေ
ခမည်းတော်ရာဇသူ[၁]
မယ်တော်စောလှမွေ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

မင်းခရီ (ရခိုင် အသံထွက်: [máɴ kʰəɹì]; အလီခင် ဟုလည်း သိကြ; ၁၃၉၂–၁၄၅၉) သည် မြောက်ဦးနေပြည်တော်၏ ဒုတိယမြောက်ဘုရင်ဖြစ်ပြီး ၁၄၃၃ ခုနှစ်မှ ၁၄၅၉ ခုနှစ်အထိ အုပ်စိုးခဲ့သူ ဖြစ်သည်။

မင်းခရီသည် ဘင်္ဂလားဆူတန်နိတ်၏ လက်အောက်ခံအဖြစ် သူ၏ ထီးနန်းကို စတင်ခဲ့ကာ ၁၄၃၇ ခုနှစ်တွင် အာရကန် ကမ်းရိုးတန်းဒေသတစ်ခုလုံး (ယနေ့ခေတ် ရခိုင်ပြည်နယ်)ကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။ ဘင်္ဂလားတွင် နိုင်ငံရေးအခြေအနေ ဖရိုဖရဲဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ သူ၏ ယခင်နယ်ရှင်ပယ်ရှင် တောင်ဘက်အကျဆုံးဖြစ်သည့် ရာမူးခရိုင်ခွဲကို သိမ်းပိုက်ခဲ့ပြီး[၂][၃] မြောက်ဘက်စွန်း စစ်တကောင်းအထိ တိုက်ခိုက်ခဲ့သည်။[၄] ၁၄၅၅ ခုနှစ်တွင် မင်းခရီ၏ နေပြည်တော်အား အင်းဝနေပြည်တော်မှ အသိအမှတ်ပြုခဲ့သည်။[၅] သူ၏ ထီးနန်းသက် ၂၅ နှစ်အတွင်း အာရကန်ဒေသအား အုပ်ချုပ်ရေးနှင့် စီးပွားရေးများ ကောင်းမွန်ခဲ့သည်။[၃]

မြန်မာအက္ခရာသုံး၍ ရေးသားသော ရခိုင်စာပေများထဲတွင် အစောဆုံးဖန်တီးမှုဖြစ်သည့် ရခိုင်မင်းသမီးဧချင်းသည် မင်းခရီလက်ထက် ၁၄၅၅ ခုနှစ်တွင် စပ်ဆိုခဲ့သည်။[၆]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

မင်းခရီကို လောင်းကြက်နေပြည်တော် (ယနေ့ခေတ် ရခိုင်ပြည်နယ် မြောက်ပိုင်း)၏ ရာဇသူဘုရင်မှ ၁၃၉၂ ခုနှစ်တွင် မွေးဖွားခဲ့သည်။ လောင်းကြက်သည် အင်းဝနေပြည်တော်နှင့် ဟံသာဝတီပဲခူးနေပြည်တော်တို့ ဖြစ်ပွားသော အနှစ်လေးဆယ်စစ်တွင် နယ်ရုပ်ကလေးအဖြစ် ပါဝင်နေခဲ့သည်။ ဖခင်ကွယ်လွန်ချိန် ၁၄၀၁ ခုနှစ်တွင် မင်းခရီသည် အသက် ကိုးနှစ်မျှသာ ရှိသေးသည်။ ၁၄၀၆ ခုနှစ် နိုဝင်ဘာလတွင် နောင်တော်ဘုရင်ဖြစ်သူ မင်းစောမွန်သည် အင်းဝ အိမ်ရှေ့စံ မင်းသား မင်းရဲကျော်စွာ၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂလားသို့ ထွက်ပြေးခဲ့ရသော်လည်း မင်းခရီသည် ပဲခူးသို့ ခိုလှုံခဲ့သည်။[၇]

ပဲခူးတွင် ဘုရင်ဖြစ်သူ ရာဇဓိရာဇ်သည် မင်းခရီအား လောင်းကြက်ထီးနန်းတွင် လက်အောက်ခံအဖြစ် ထားရှိရန် သဘောတူခဲ့သည်။ ၁၄၀၇ ခုနှစ် နိုဝင်ဘာလခန့်တွင် ဟံသာဝတီစစ်သည် ၅၀၀၀ သည် အာရကန်အား ဝင်ရောက်လာခဲ့ကာ လောင်းကြက်အား သိမ်းပိုက်ခဲ့သည်။ အသက် ၁၆ နှစ်အရွယ် မင်းခရီအား ရုပ်သေးဘုရင်အဖြစ် တင်မြောက်ခဲ့ကာ တရားဝင်အာဏာကိုမူကား ပဲခူးအမတ် မောင်ခွင်က ရယူထားခဲ့သည်။ သို့သော်လည်း သဘောတူညီချက်မှာ ကြာရှည်မခံခဲ့ပေ။ လများအတွင်း မြင်စိုင်းမြို့စား ဦးဆောင်သော တပ်အား အင်းဝမှ စေလွှတ်ခဲ့ကာ ပဲခူးတပ်များအား နှင်ထုတ်ခဲ့သည်။ ၁၄၀၈ ခုနှစ် အစောပိုင်းတွင် မင်းခရီသည် အာရကန်မြောက်ဖျားပိုင်းဆီ ထွက်ပြေးခဲ့ရသည်။[၈]

နောက်ထပ် ဆယ်စုနှစ် နှစ်နှစ်အကြာတွင် မင်းခရီသည် အာရကန်မြောက်ပိုင်းရှိ ရွာတစ်ရွာတွင် သာမန်ဘဝဖြင့် နေထိုင်ကာ လောင်းကြက်ထီးနန်းအား ပြန်လည်ရယူရန် မကြိုးပမ်းခဲ့ပေ။ ဒေသခံသူကြွယ်တစ်ဦး၏ သမီးနှင့် လက်ထပ်ကာ စောစံမယ် အမည်ရှိ သားတစ်ဦး ထွန်းကားခဲ့သည်။[၉] ၁၄၂၉ ခုနှစ်တွင် မင်းစောမွန်သည် ဘင်္ဂလား သူရတန်ပြည်မှ စစ်သည်များနှင့်အတူ ထီးနန်းပြန်လည်ရယူရန် ရောက်ရှိလာခဲ့သည်။ လောင်းကြက်သို့ လာရာလမ်းတွင် မင်းစောမွန်သည် ဘင်္ဂလားစစ်သူကြီး ဝလီခန်းနှင့် ကတောက်ကဆဖြစ်ကာ အကျဉ်းချခံရသည်။ မင်းစောမွန်အကျဉ်းကျခံရာနေရာသည် မင်းခရီနေထိုင်ရာနေရာအနီးတွင် ဖြစ်ကာ မင်းခရီက မင်းစောမွန်အား ကယ်တင်ခဲ့သည်။[၁၀] မင်းစောမွန်လည်း ဘင်္ဂလားသို့ပြန်ကာ ဘင်္ဂလားသူရတန်မင်း ဂျာလာလူဒင် မိုဟာမက်ဆား ၏ အခြားတပ်နှင့် အတူ ပြန်လာခဲ့လေသည်။ ၁၄၂၉ ခုနှစ်တွင် မင်းစောမွန်သည် လောင်းကြက်ထီးနန်းကို ရပြီးနောက် မင်းခရီသည် အိမ်ရှေ့စံ ဖြစ်လာသည်။[၁၁] မင်းခရီသည် မိဖုရား စောပဘာနှင့် စောပဉ္စအပါအဝင် မိဖုရားများစွာ တင်မြောက်ခဲ့သည်။[၉]


ထီးနန်းစံခြင်း[ပြင်ဆင်ရန်]

၁၄၃၃ ခုနှစ် မေလ ၉ ရက်နေ့တွင် မင်းစောမွန်သည် မြောက်ဦးမြို့တွင် ကွယ်လွန်ခဲ့သည်။ မင်းစောမွန်တွင် သားတော်သုံးဦးရှိသော်လည်း မင်းခရီသည် ထီးနန်းကို ဆက်ခံခဲ့သည်။[၉] နေပြည်တော်မှာ ဘင်္ဂလားလက်အောက်ခံဖြစ်သောကြောင့် မင်းခရီသည် အလီခင် ဟူသောအမည်ကိုလည်း ခံယူခဲ့သည်။ ယင်းသည် ဗုဒ္ဓဘာသာဝင် ရခိုင်ဘုရင်များအနေဖြင့် မွတ်ဆလင်အမည်ခံယူသည်မှ "ထူးဆန်းသည့် အလေ့အထ"တစ်ခု၏ အစဖြစ်ခဲ့သည်။[၂][၃]

လက်အောက်ခံဆက်ဆံရေးသည်လည်း ရေရှည်မကြာခဲ့ပေ။ ၁၄၃၃ ခုနှစ်တွင် သူရတန်ဘုရင် ဂျာလလူဒင် မိုဟာမက်ဆား ကွယ်လွန်ခဲ့သည်။ ၁၄၃၇ ခုနှစ်တွင် မင်းခရီသည် သံတွဲထီးနန်းကို ရယူခဲ့ကာ ရခိုင်ကမ်းရိုးတန်းအား ပထမဆုံးအကြိမ် စုစည်းနိုင်ခဲ့သည်။[၁၂] ထို့အပြင် သံတွဲမိဖုရား စောယင်မိကိုလည်း သိမ်းယူခဲ့သည်။[၁၃] ထို့နောက် မင်းခရီသည် ဘင်္ဂလားရှိ ရာမူခရိုင်ခွဲကို သိမ်းယူခဲ့သည်။[၂][၃] ရခိုင်ရာဇဝင်ကျမ်းများတွင် မင်းခရီသည် စစ်တကောင်းကို ၁၄၅၀ ခုနှစ်တွင် သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။[၄] သို့သော်လည်း စစ်တကောင်းအား သိမ်းပိုက်ခြင်းအား ပထမဆုံး အတည်ပြုထားသည်မှာ နောင်ကိုးနှစ်အကြာတွင် ဘစောညိုက သိမ်းပိုက်ခြင်း ဖြစ်သည်။[၃]

မင်းခရီ၏ နယ်ပယ်သည် စစ်တကောင်းအထိ မရောက်ရှိခဲ့သော်လည်း သူသည် မြောက်ဦးအား နေပြည်တော်အဖြစ် အောင်မြင်စွာ ထူထောင်နိုင်ခဲ့သည်။ ရခိုင်မြောက်ပိုင်းအား မကြာခဏ နှောက်ယှက်နေသော အင်းဝနေပြည်တော်သည် မြောက်ဦးအား အသိအမှတ်ပြုခဲ့သည်။ ၁၄၅၅ ခုနှစ် မတ်လ ၂၄ ရက်နေ့( မြန်မာသက္ကရာဇ် ၈၁၆၊ နှောင်းတန်ခူးလဆန်း ၆ ရက်၊ တနင်္လာနေ့)တွင် မင်းခရီနှင့် အင်းဝနရပတိကြီးတို့သည် ဖိုးခေါင်တောင်ရိုးပေါ်တွင် တွေ့ဆုံခဲ့ကြကာ နှစ်နိုင်ငံနယ်နိမိတ်အား သတ်မှတ်ခဲ့ကြသည်။[၄][၅]

၁၄၅၈ ခုနှစ်တွင် သားတော် ဘစောဖြူအား ထီးနန်းဆက်ခံစေရန် ရွေးချယ်ခဲ့သည်။ မိဖုရား စောပဉ္စ၏ သားတော်ဖြစ်သူ လောင်းကြက်မြို့စား မင်းဆွေသည် အိမ်ရှေ့စံမရသဖြင့် ရှမ်းပြည်ဖြစ်သော ကလေးမြို့သို့ ထွက်ပြေးခဲ့သည်။ မင်းဆွေသည် ကလေးစော်ဘွားဘွဲ့ရကာ မြောက်ဦးကို ပြန်လည်တိုက်ခိုက်ခဲ့သည်။ ၁၄၅၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက် (မြန်မာသက္ကရာဇ် ၈၂၀၊ နတ်တော်လဆန်း ၆ ရက်၊ တနင်္ဂနွေ)နေ့တွင် မြောက်ဦးမြို့ကို ကလေး ရှမ်းတပ်များက ဝိုင်းရံခဲ့သည်။ မင်းခရီသည် သက်တော်ကြီးပြီဖြစ်သော်လည်း စစ်ဆင်စီး၍ ပြန်လည်တိုက်ခိုက်ခဲ့သည်။ မြောက်ဦးတပ်များသည် ကျူးကျော်သူများကို နှိမ်နင်းနိုင်ခဲ့ကာ အများစုကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်းဆီးရမိသူများကို ပေဟူသော အရပ်၌ ရွာတည်၍ နေစေခဲ့ရာ ရှမ်းရွာဟု အမည်တွင်လေသည်။[note ၁]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၁၄၅၉ ခုနှစ် အစောပိုင်းတွင် ဖြစ်ပွားခဲ့သော ကလေးတိုက်ပွဲအပြီး မကြာမီ အသက် ၆၆ အရွယ်တွင် ကွယ်လွန်ခဲ့သည်။ မင်းခရီလွန်ပြီးနောက် ဘစောဖြူက ထီးနန်းဆက်ခံခဲ့သည်။[၁၄]

ယဉ်ကျေးမှုများ[ပြင်ဆင်ရန်]

နောင်တော် မင်းစောမွန်တည်ထားခဲ့သော လေးမျက်နှာ ပုထိုးတော်ကြီး၏ မြောက်ဘက် ကပ်လျက်တွင် မင်းခရီသည် ညီတော်ပုထိုးတော်ကို ဆောက်လုပ်ခဲ့သည်။[၁၅]

ညီတော်ပုထိုးတော်

မြန်မာအက္ခရာသုံး၍ ရေးသားသော ရခိုင်စာပေများထဲတွင် အစောဆုံးဖန်တီးမှုဖြစ်သည့် ရခိုင်မင်းသမီးဧချင်းသည် ၁၄၅၅ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည်။[၆][note ၂]

မှတ်စု[ပြင်ဆင်ရန်]

  1. (စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၂၁) တွင် တိုက်ပွဲသည် မြန်မာနှစ် ၈၂၀၊ နတ်တော်လဆန်း ၉ ရက် တနင်္ဂနွေနေ့တွင် ဖြစ်ပွားသည်ဟု ဖော်ပြထားရာ ခရစ်နှစ်အနေဖြင့် ၁၄၅၈၊ နိုဝင်ဘာလ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ရာ အမှန်တကယ်ရက်စွဲမှာ နတ်တော်လဆန်း ၆ ရက် (၁၄၅၈၊ နိုဝင်ဘာ ၁၂ ရက်၊ တနင်္ဂနွေ) ဖြစ်နိုင်သည်။ မြန်မာနံပါတ် ၆ နှင့် ၉ တို့သည် ဆင်တူကာ မှားယွင်းနေနိုင်သည်။
  2. (Gutman 2001: 61): အာရကန်တွင် မြန်မာအရေးအသားသုံးစွဲခြင်းသည် လေးမြို့ခေတ် (၁၁ ရာစုမှ ၁၅ ရာစု)တွင် ပထမဆုံး ပေါ်ပေါက်ခဲ့သည်။ ဤခေတ်ရှိ ဗုဒ္ဓရုပ်ပွားတော်များတွင် ပုဂံနှင့် ဆက်စပ်နေမှုများ ရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. စန္ဒမာလာလင်္ကာရ အတွဲ ၁၊ ၁၉၉၇၊ စာ ၁၈၃
  2. ၂.၀ ၂.၁ ၂.၂ Harvey 1925: 140
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ Phayre 1967: 78
  4. ၄.၀ ၄.၁ ၄.၂ စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၂၀
  5. ၅.၀ ၅.၁ Harvey 1925: 100
  6. ၆.၀ ၆.၁ Singer 2008: 16–17
  7. စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၉
  8. စန္ဒမာလလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၁၀
  9. ၉.၀ ၉.၁ ၉.၂ စန္ဒမာလလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၁၈
  10. စန္ဒမာလလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၁၁
  11. စန္ဒမာလလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၁၁-၁၈
  12. Harvey 1925: xxviii
  13. စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၁၉
  14. စန္ဒမာလာ လင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၂၁
  15. Gutman 2001: 87

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  • Gutman၊ Pamela (2001)။ Burma's Lost Kingdoms: Splendours of Arakan။ Bangkok: Orchid Press။ ISBN 974-8304-98-1
  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • Phayre၊ Lt. Gen. Sir Arthur P. (1883)။ History of Burma (1967 ed.)။ London: Susil Gupta။
  • စန္ဒမာလာ လင်္ကာရ၊ အရှင် (၁၉၃၁)။ ရခိုင်ရာဇဝင်သစ် (မြန်မာဘာသာစကားဖြင့်)။ 1–2 (၁၉၉၇–၁၉၉၉ ed.)။ ရန်ကုန်: တက်လမ်းစာပေ။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  • Singer၊ Noel F. (2008)။ Vaishali And The Indianization Of Arakan။ New Delhi: APH Publishing။ ISBN 978-8-131-30405-1
မင်းခရီ
မွေးဖွား c. မတ် ၁၃၉၂ ကွယ်လွန် c. ဇန်နဝါရီ ၁၄၅၉
Regnal titles
ယခင်က
မင်းစောမွန်
အာရကန်ဘုရင်
၉ မေ ၁၄၃၃ – c. ဇန်နဝါရီ ၁၄၅၉
ဆက်ခံသူ
ဘစောဖြူ