နော်ရထာ မင်းရဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စစ်ကိုင်း နော်ရထာ
နော်ရထာ မင်းရဲ
စစ်ကိုင်းဘုရင်
နန်းသက်c. ဧပြီ – နိုဝင်ဘာ ၁၃၄၉
ရှေ့မင်းဆက်ကျစွာ
ဆက်ခံသူတရဖျားငယ်
ဝန်ကြီးချုပ်နန္ဒပကြံ
မွေးဖွား၅ နိုဝင်ဘာ ၁၃၂၆
မြန်မာသက္ကရာဇ် ၆၈၈၊ နတ်တော်လဆန်း ၁၁ ရက်၊ ဗုဒ္ဓဟူး
စစ်ကိုင်းမြို့စစ်ကိုင်းနေပြည်တော်
ကွယ်လွန်c. နိုဝင်ဘာ ၁၃၄၉ (အသက် ၂၃)
c. မြန်မာသက္ကရာဇ် ၇၁၁၊ နတ်တော်လ
စစ်ကိုင်းမြို့၊ စစ်ကိုင်းနေပြည်တော်
စံအိမ်မြင်စိုင်း
ခမည်းတော်အသင်္ခယာ စောယွန်း
မယ်တော်စောနှောင်း
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

နော်ရထာ မင်းရဲ သည် စစ်ကိုင်းမင်းဆက် ဘုရင်တစ်ပါးဖြစ်ပြီး ၁၃၄၉ ခုနှစ်တွင် ၇ လကြာ ထီးနန်းစိုးစံခဲ့သည်။ နော်ရထာမင်းရဲသည် ကျစွာဘုရင် ရယူခဲ့သော ပင်းယနေပြည်တော်နှင့် ငြိမ်းချမ်းရေးကို စစ်မက်ကင်းစင်မှုဖြင့် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ နော်ရထာမင်းရဲလွန်ပြီးနောက် ထီးနန်းကို ညီတော်ဖြစ်သူ တရဖျားငယ်မှ ဆက်ခံခဲ့သည်။

အကျဉ်းချုပ်[ပြင်ဆင်ရန်]

နော်ရထာမင်းရဲသည် စစ်ကိုင်းဘုရင် အသိင်္ခယာ စောယွန်းနှင့် မိဖုရား စောနှောင်းတို့၏ တတိယသားတော် ဖြစ်သည်။ ပင်းယဘုရင် တစ်စီးရှင် သီဟသူနှင့် ပုဂံဘုရင် ကျော်စွာတို့၏ မြေး ဖြစ်သည်။ မင်းရဲအား မွေးဖွားပြီး သုံးလအကြာတွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။ နောင်တော်ဖြစ်သူ ကျစွာသည် လေးနှစ်ခန့်သာရှိသေးသဖြင့် ဦးရီးတော် တရဖျားကြီးက စောနှောင်းအား မိဖုရားခေါင်အဖြစ် လက်ထပ်ပြီး ထီးနန်းကို စိုးစံခဲ့သည်။[၁][၂] မင်းရဲသည် ကိုးနှစ်အရွယ်အထိ စစ်ကိုင်းတွင် ကြီးပြင်းခဲ့သည်။ ၁၃၃၅/၃၆ တွင် ဝမ်းကွဲဖြစ်သူ ရွှေတောင်တက်၏ ထီးနန်းသိမ်းပိုက်မှုကြောင့် မင်းရဲနှင့် သူ၏ အခြားမောင်နှမသုံးဦးတို့သည် မင်းတုန်းမြို့သို့ ပုန်းရှောင်ခဲ့ကြရသည်။[၂] မိခင်နှင့် ဝန်ကြီးချုပ် နန္ဒပကြံတို့၏ အကူအညီဖြင့် သုံးနှစ်ကြာ ပုန်းခိုခဲ့ကြရပြီး ပုန်းခိုနေမှု ပေါ်ပေါက်သွားပြီးနောက် ၁၃၃၉ တွင် စစ်ကိုင်းသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံရသည်။[၃] သို့သော် ရွှေတောင်တက်နှင့် တရဖျားကြီး၏ သစ္စာခံများ တိုက်ခိုက်ကြပြီးနောက် ရွှေတောင်တက်နှင့် တရဖျားကြီး နှစ်ဦးစလုံး အသတ်ခံခဲ့ရသည်။ ယင်းနောက် နန္ဒပကြံက ကျစွာအား ထီးနန်းတင်ခဲ့သည်။[၃]

ကျစွာသည် ကိုးနှစ်ကျော် ထီးနန်းစိုးစံခဲ့သည်။ တိုင်းပြည်အား နန္ဒပကြံမှ စီမံအုပ်ချုပ်နေသဖြင့် မင်းရဲသည် နောင်တောင်၏ ထီးနန်းကာလတွင် အရေးပါသည့် နေရာတွင် မရှိခဲ့ပေ။[၄] သို့သော် ၁၃၄၉ ခုနှစ်တွင် ကျစွာဘုရင်သည် ထီးနန်းဆက်ခံမည့်ယောက်ျားသား မချန်ထားနိုင်ခဲ့ဘဲ ကွယ်လွန်ခဲ့ရာ မင်းရဲသည် အရေးပါသူ ဖြစ်လာခဲ့သည်။[note ၁] မင်းရဲသည် နော်ရထာဘွဲ့ခံကာ ဘုရင်ဖြစ်လာခဲ့သည်။[၅] မင်းရဲသည် သူ့ကိုယ်သူ ဆင်ဖြူရှင် ဟု ခံယူခဲ့သဖြင့် ထီးနန်းစိုးစံစဉ် ကာလအတွင်း ဆင်ဖြူတစ်ကောင်ကို ရရှိခဲ့ဟန်တူသည်။[၄]

မင်းရဲ၏ နန်းသက်သည် ၇ လကျော်သာ ကြာမြင့်ခဲ့သည်။ ကျစွာဘုရင် ရယူခဲ့သော ပင်းယနေပြည်တော်နှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ပင်လယ်မြို့စား ကန်းနီ နော်ရထာသည် နောင်တော်ဘုရင်ဖြစ်သူ ငါးစီးရှင်ကျော်စွာထံမှ ထွက်ပြေးလာခဲ့ပြီး မင်းရဲထံတွင် ခိုလှုံခဲ့သည်။[၆] သို့သော်လည်း မည်သည့် စစ်မက်မှ မဖြစ်ပွားခဲ့ပေ။ မင်းရဲသည် ၁၃၄၉ နိုဝင်ဘာ ၈ နောက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။[၇] မင်းရဲသည်လည်း ထီးနန်းဆက်ခံမည့် ယောက်ျားသား မကျန်ခဲ့သည့်အတွက် ညီတော်ဖြစ်သူ တရဖျားငယ်မှ ထီးနန်းရယူခဲ့သည်။[၄]

ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ[ပြင်ဆင်ရန်]

မြန်မာရာဇဝင်ကျမ်းများတွင် နော်ရထာမင်းရဲ၏ မွေးဖွားရက်၊ ကွယ်လွန်ရက်နှင့် ထီးနန်းသက်တမ်းများ ကွဲလွဲလျက်ရှိသည်။

ရင်းမြစ် မွေးဖွား–ကွယ်လွန် မွေးရက် အသက် နန်းသက် ထီးနန်းသက် ကိုးကား
ဇာတာတော်ပုံ ရာဇဝင် ၅ နိုဝင်ဘာ ၁၃၂၆ – ၁၃၅၂ အင်္ဂါနေ့ ၂၅ ၁၃၄၄–၁၃၅၂ ၈ နှစ် [note ၂]
မဟာရာဇဝင်ကြီး c. ၁၃၂၇–၁၃၅၂/၅၃ ဗုဒ္ဓဟူးနေ့ ၁၃၄၄/၄၅–၁၃၅၂/၅၃ [၈]
မဟာရာဇဝင်သစ် c. ၁၃၂၀–၁၃၄၉/၅၀ ၂၉ ၁၃၄၉–၁၃၄၉/၅၀ ၇ လ [၉]
မှန်နန်း ရာဇဝင် [၄]
ကျောက်စာများ – ၁၃၄၉ နိုဝင်ဘာ ၈ နောက်ပိုင်း ၁၃၄၉ ဧပြီ ၁၆ နောက်ပိုင်း – ၁၃၄၉ နိုဝင်ဘာ ၈ နောက်ပိုင်း [note ၃]

မျိုးရိုး[ပြင်ဆင်ရန်]

မှတ်စုများ[ပြင်ဆင်ရန်]

  1. ရာဇဝင်ကျမ်းများတွင် ကျစွာ၏ သားသမီးများကို ဖော်ပြထားခြင်း မရှိပေ။ (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) အရ ခေတ်ပြိုင်ကျောက်စာတစ်ခုတွင် ကျစွာဘုရင်တွင် အနည်းဆုံး သမီးတော်တစ်ဦး ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ကျစွာဘုရင်တွင် ထီးနန်းဆက်ခံမည့် သားတော်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယင်းတို့သည် ၁၃၄၉ တွင် ထီးနန်းဆက်ခံရန် ငယ်ရွယ်လွန်းနေသည်။
  2. (ဇာတာ၊ ၁၉၆၀၊စာ ၇၁): မြန်မာသက္ကရာဇ် ၆၈၈၊ ၈ လမြောက်၏ ၁၀ ခုမြောက် နက္ခတ်၊ အင်္ဂါနေ့ = မြန်မာသက္ကရာဇ် ၆၈၈၊ နတ်တော်လဆန်း ၁၁ ရက် = ၅ နိုဝင်ဘာ ၁၃၂၆၊ ဗုဒ္ဓဟူးနေ့ဇာတာတော်ပုံ ရာဇဝင်တွင် အင်္ဂါနေ့ဖွားဟု ဖော်ပြထားသော်လည်း အခြားရာဇဝင်ကျမ်းများကမူ ဗုဒ္ဓဟူးနေ့ဖွား (အမည်ရှိ "ရဲ" သည် ဗုဒ္ဓဟူးနံ) ဟု ဆိုကြသည်။
  3. ခေတ်ပြိုင်ကျောက်စာများတွင် ကျစွာဘုရင် ကွယ်လွန်ချိန်နှင့် နော်ရထာ မင်းရဲ နန်းတက်ချိန်အကြား ရက်သတ္တပတ်အနည်းငယ် ကွာဟနေခြင်းကို ညွှန်းပြနေသည်။ ကျောက်စာတစ်ခု (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) တွင် ကျစွာဘုရင်သည် မြန်မာသက္ကရာဇ် ၇၁၀ (၂၉ မတ် ၁၃၄၈ မှ ၂၈ မတ် ၁၃၄၉ ထိ) တွင် ကွယ်လွန်သည်ဟု ဆိုသည်။ နော်ရထာမင်းရဲ ကိုယ်တိုင် စိုက်ထူခဲ့သော ကျောက်စာ (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅၊ အောက်ခြေမှတ်စု ၂) တွင် နော်ရထာမင်းရဲသည် မြန်မာသက္ကရာဇ် ၇၁၁ (၂၉ မတ် ၁၃၄၉ မှ ၂၈ မတ် ၁၃၅၀ ထိ) တွင် ထီးနန်းတက်သည်ဟု ဆိုထားသဖြင့် မြန်မာသက္ကရာဇ် ၇၁၁ တန်ဆောင်မုန်းလဆုတ် ၁၃ ရက် (၈ နိုဝင်ဘာ ၁၃၄၉) ထိ သက်ရှိထင်ရှား ရှိနေကြောင်း သိရသည်။ စိုးမင်းကိုယ်တော်ကြီး၏ ကျောက်စာ (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅−၁၇၆) တွင် ကျစွာဘုရင်ကို ဆက်ခံသူ နော်ရထာ မင်းရဲသည် မြန်မာသက္ကရာဇ် ၇၁၁ တွင် ၇ လကြာ ထီးနန်းရခဲ့ပြီး အာဏာရလာသည်မှာ မြန်မာသက္ကရာဇ် ၇၁၁၊ တန်ခူးလဆုတ် ၁၄ ရက် (၁၇ ဧပြီ ၁၃၄၉) ထက် မစောနိုင်ကြောင်း ညွှန်းပြနေသည်။ သို့သော် (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) တွင် ကိုးကားထားသည့် ကျောက်စာသည် တိကျပြီး ကျစွာဘုရင် ကွယ်လွန်ရက်သည် မြန်မာသက္ကရာဇ် ၇၁၀ ၏ နောက်ဆုံးရက် ၂၈ မတ် ၁၃၄၉ ထက် နောက်မကျပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၆
  2. ၂.၀ ၂.၁ မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၉
  3. ၃.၀ ၃.၁ မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၀
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၁
  5. သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇
  6. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၀
  7. မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅၊ အောက်ခြေမှတ်စု ၂
  8. မဟာရာဇဝင်ကြီး၊ အတွဲ ၁၊ ၂၀၀၆၊ စာ ၂၇၁
  9. မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅

ကျမ်းကိုးစာစုများ[ပြင်ဆင်ရန်]

နော်ရထာ မင်းရဲ
မွေးဖွား ၅ နိုဝင်ဘာ ၁၃၂၆ ကွယ်လွန် c. နိုဝင်ဘာ ၁၃၄၉
Regnal titles
ယခင်က
ကျစွာ
စစ်ကိုင်းဘုရင်
c. ဧပြီ – နိုဝင်ဘာ ၁၃၄၉
ဆက်ခံသူ
တရဖျားငယ်