မင်းကြီးညို

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညို (အေဒီ ၁၄၈၅-၁၅၃၀၊ မြန်မာသက္ကရာဇ် ၈၄၇-၈၉၂)သည် ဦးရီးတော် မင်းစည်သူအား လုပ်ကြံနန်းချပြီး တောင်ငူနန်းကို သက္ကရာဇ် ၈၄၇ တွင်စိုးစံသည်။ ဦးရီးတော်က ၎င်း၏သမီးတော် စိုးမင်းနှင့် လက်ဆက်ပေးရန် သဘောမတူသဖြင့် ဦးရီးတော်ကို သတ်သည်ဟု ဆိုသည်။ နန်းတက်လျှင် စိုးမင်းကိုမိဖုရားအရာထားသည်။ နန်းတက်ချိန်တွင် အင်းဝထီးနန်းကို စိုးစံနေသည့် ဒုတိယမင်းခေါင်အား “ကျွန်တော် မင်းကြီးညိုတောင်ငူထီးနန်းကိုစိုးစံနေပါပြီ”ဟု ဆင်ပေါက်ဆယ်စီး နှင့်လျှောက်တင်လေသည်။ အမှန်မှာ ထိုစဉ်အင်းဝမှာ အင်အားအလွန်လျော့နည်းနေပြီး ဩဇာကျဆင်းနေချိန်ဖြစ်သည်။ ထို့ကြောင့်လည်း မင်းကြီးညိုသည် တောင်ငူမှ တစ်ထီးတစ်နန်း ထူထောင်ရန် ဒုတိယမင်းခေါင်အနေဖြင့်လည်း မိမိညီတော် ရမည်းသင်းစား မင်းရဲကျော်စွာကပင် လေးစားခြင်းမရှိတော့သည့်အတွက် မင်းကြီးညိုကဲ့သို့ ၂၆ နှစ်အရွယ် မင်းပျိုမင်းလွင်တစ်ဦး ရှိလာသည်ကို မတားတော့ပဲ ရမည်းသင်းစားရန်နှင့် အောက်အရပ်မှ မွန်တို့ရန် နှစ်ရပ်လုံးကို ကာကွယ်ပြီးဖြစ်မည်ဟု တွေးကာ လက်ခံ အသိအမှတ်ပြုလေသည်။

မင်းကြီးညိုသည် မင်းအဖြစ်နှင့် တောင်ငူနန်းသစ် ၃ ကြိမ်တည်သည်။

ပထမအကြိမ်တည်သောနန်းကို မြရာဝတီ ဟုသမုတ်သည်။ တည်နေရာမှာ ခပေါင်းချောင်းနှင့် ပုပ်ပဲချောင်းဆုံရာနေရာဖြစ်သည်။ မူလက ဦးရီးတော်စံမြန်းသည့် နန်းတော်ဟောင်းနေရာတွင် စည်းခုံစေတီကြီးတည်သည်။ ၅ နှစ်ကြာပြီးနောက် ၈၅၃ခုတွင် ဒွါရဝတီနန်းသစ်ကို ထပ်တည်သည်။ တည်နေရာမှာ ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ် ဆုံရာနေရာဖြစ်သည်။ နှစ်ပေါင်း ၂၀ အကြာတွင်မှ ကေတုမတီ တောင်ငူနန်းကိုတည်သည်။ ထိုအချိန်တွင် တောင်ငူဘုန်းတန်ခိုးမှာ ကျော်ဇောခြင်းဖြင့် ပြည့်စုံနေပြီဖြစ်သည်။ အင်အားအကြီးဆုံးအဖြစ်ရောက်ရန်လည်းအသင့်ဖြစ်နေပေပြီ။

ဒွါရဝတီ နန်းသစ်တည်ပြီးချိန်မှ စကာတောင်ငူသို့ခိုဝင်လာသည့် လူဦးရေမှာလည်း တစတစများပြားလာခဲ့သည်။ထိုသို့အင်အားကြီးလာသည့် တောင်ငူမှ မင်းကြီးညိုသည် အနောက်ဖက်ရှိ ရမည်းသင်းစား မင်းရဲကျော်စွာ အုပ်ချုပ်မှုအောက်တွင်ရှိသည့် ကျေးရွာများကိုလည်းကောင်း၊ အောက်အရပ်မှ မွန်မင်း ဗညားရံ၏ နယ်ပယ် အစွန်အဖျားများကိုလည်းကောင်း စစ်စမ်းချီကာ သိမ်းယူသည်။ ထိုသတင်းကို ကြားသော မွန်မင်းဗညားရံသည် အင်အားအလုံးအရင်းဖြင့် တောင်ငူသို့ချီတက်လာပြီး ဝန်းရံထားလေသည်။သို့သော် မင်းကြီးညိုနှင့် ညီတော် စည်သူကျော်ထင်တို့ ထွက်တိုက်ရာ အင်အားကြီးလှသည့် ဟံသာဝတီတပ်များ ပျက်ကာ ပြေးရလေသည်။ ဆင်မြင်းသုံ့ပန်း ၃၀ဝ၀ကျော်ကို ရသည်။

ထိုသို့ တောင်ငူသည် ဟံသာဝတီတပ်ကို နှိမ်နှင်းကြောင်းသိသော အင်းဝမှ ဒုတိယမင်းခေါင်က မူလဘွဲ့ ဖြစ်သည့် သီရိဇေယျသူရ ရှေ့တွင် မဟာ တပ်ကာချီးမြှင့်သည်။ မင်းမြှောက်တန်ဆာ ငါးပါးပေးပြီး အနောက်ဖက်ရှိ ရမည်းသင်းပိုင်နက်ကိုလည်းတိုက်ခိုက်စေသည်။ ထို့ကြောင့် မင်းကြီးညိုသည် မိမိတောင်ငူအင်အားကို အသုံးပြုပြီး အနောက်ဖက် ရမည်းသင်း၊တောင်တွင်းကြီးနှင့် တောင်ဖက်ရှိ မွန်ဒေသများကို ထိုးစစ်ဆင်ကာ နယ်ပယ်ချဲ့ထွင်လေသည်။ထိုအခါ အင်းဝနန်းကို စိုးစံသည့် ဒုတိယမင်းခေါင် နတ်ရွာစံပြီး သားတော် ရွှေနန်းကျော့ရှင် နရပတိ နန်းတက်သည်။တစ်ချိန်တည်းတွင် ရမည်းသင်းစား မင်းရဲကျော်စွာ လည်းလွန်သည်။ ထိုကဲ့သို့ အင်အားကြီးသည့် အရှင်သခင်နှင့် ပြိုင်ဖက်တို့ တစ်ချိန်တည်း ပျက်စီးခြင်းမှာ မင်းကြီးညိုအတွက် အလွန်ကြီးမားသည့် အခွင့်အရေးကိုရလေသည်။ ထို့ပြင်ရမည်းသင်းစား၏ကျွန်များ အင်းဝကိုသစ္စာမခံပဲ တောင်ငူသို့ပြောင်းရွေ့လာသဖြင့်လည်းကောင်း၊ အင်းဝနန်းတွင်း အရှုပ်တော်ပုံများကြောင့် အင်းဝမှ သူရဲကောင်းများ တောင်ငူသို့ဝင်သောကြောင့် လည်းကောင်း အလိုအလျောက်ပင် ရမည်းသင်းနယ်ကိုပါ ဩဇာလွမ်းပြီးဖြစ်တော့သည်။မကြာမှီပင် အင်းဝမှ ရွှေနန်းကျော့ရှင် နရပတိသည် နှမတော် မင်းလှထွတ်အား မင်းကြီးညိုကိုပေးကာ မဟာမိတ် ပြုလေသည်။ ရေလွှဲငါးခရိုင်ကိုလည်းချီးမြှင့်သည်။

ထိုစဉ်က အင်းဝမှာမြောက်ဖက်မှ အင်အားကြီးလာသည့် ရှမ်းစော်ဘွားများ၏ ရန်စစ်ကို ခုခံနေရသည့်အနေအထားတွင်ဖြစ်ပြီး၊ တောင်ဖက်ရှိ စလင်း၊ပြည်တို့မှလဲ ပုန်ကန်ခြားနားနေပြီဖြစ်သည်။ ထို့ပြင် ညောင်ရမ်းစားမင်းရဲကျော်ထင်လွန်သော် ၎င်း၏ စစ်သည်ရဲမက်များက တောင်ငူသို့လာရောက်ခိုလုံသည်။ ထိုသတင်းကိုကြားသော နရပတိသည် တောင်ငူကို သည်းမခံနိုင်တော့ပဲ ရာဇသင်္ကြန်အားဗိုလ်မင်းခန့်ပြီး တောင်ငူကို တိုက်စေသည်။ သို့သော်သာဂရ အရောက်တွင် မင်းကြီးညိုတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ပြီး တပ်ပျက်လေသည်။ ပေါက်မြိုင်ထိချီတက်ပြီးသိမ်းကာ အပြန်တွင် ရာဇသင်္ကြန်တပ်များနှင့် ထပ်မံတိုက်ခိုက်သော် သားမက်ဖြစ်သူ မင်းတုံးတာက ဆင်စီးချင်းထိုးပြီးအနိုင်ယူသည်။

သက္ကရာဇ် ၈၆၆ တွင်တောင်ငူနှင့် ပြည် အင်အားနှစ်ရပ်ပေါင်းကာ စလေကိုတိုက်သည်။ အင်းဝမှ နရပတိလည်း အုန်းဘောင်စော်ဘွားကို စစ်ကူခေါ်ပြီး အင်အားအလုံးအရင်းနှင့်ချီတက်လာသည်။ ပုံတောင်အရပ်တွင်တိုက်ခိုက်ကြပြီး တောင်ငူနှင့် ပြည်တပ်များ ရှုံးနှိမ့်ရသည်။သို့သော် အရှုံးထဲမှ အမြတ်ထွက်ရန် အတွက် မင်းကြီးညိုသည် ပုခန်းငယ်နှင့် ပင်းနတ်မောက်၊ ကျောက်ပန်းတောင်းဒေသများကို လှည့်ကာသိမ်းယူသည်။

နောင်တွင် ဆင်အုံကန်ကျိုးသဖြင့် ပြန်လည်ပြုပြင်ရာမှ တွေ့ရှိကောက်ယူလာသည့် ဝါးနွယ်ကုန်းသူကြီးသမီးခင်ဦးမှ သားတော်တစ်ပါးကို ရှားရှားပါးပါးရရှိသည်။ မွေးစကာပင် ထူးခြားသည့် လက္ခဏာအမှတ်အသားများပါရှိပြီး မိမိကဲ့သို့ပင် ဦးခေါင်းထက်တွင် ရွှေရောင်ဆံချည်မှင်တစ်ပင် ပါလာသည့်အတွက် တပင်ရွှေထီး ဟုခေါ်တွင်စေသည်။ တပင်ရွှေထီး မွေးပြီး ၃ ရက်အကြာတွင် မိုင်းသောင်စော်ဘွားနှင့်နောက်လိုက် ရှမ်း ၁၀ဝ၀ ကျော်တို့ခိုဝင်လာပြန်သည်။

သက္ကရာဇ် ၈၈၅ တွင်ပြည်မှ သတိုးမင်းစော နှင့် မိုးညှင်းစော်ဘွားစလုံတို့ ပူးပေါင်းပြီးအင်းဝကို စတင်တိုက်သည်။ ၈၈၆ ခုတွင်အင်းဝသို့ မိုးညှင်းစလုံရောက်ပြီး အပြင်းအထန်တိုက်ပွဲများဖြစ်ရာ နရပတိ ဆင်ခေါင်းအရပ်သို့ဆုတ်ပြေးသည်။ ဂတိအတိုင်း အင်းဝရှိ စည်းစိမ်များကို သတိုးမင်းစော နှင့် မိုးညှင်းစလုံတို့ခွဲဝေယူပြီး နေရပ်များသို့ အသီးသီးပြန်မှ နရပတိ အင်းဝသို့ပြန်လာရသည်။ ပြန်ရောက်ပြီးလျှင်တောင်ငူကို စစ်ပြုသည်။အင်အားကြီးနေပြီဖြစ်သည့် တောင်ငူက ကြံ့ကြံ့ခိုင်နိုင်သဖြင့် မအောင်မြင်ပေ။ ၈၈၈ ခုတွင် မိုးညှင်းစလုံ နှင့် သားဖြစ်သူ သိုဟန်ဘွားတို့ အင်းဝကို ဒုတိယအကြိမ် စစ်ပြုလာသည်။ နရပတိ ခုခံသော်လည်း အင်အားမမျှတော့သဖြင့် မဟာမိတ်ဖြစ်သူ အုန်းဘောင်စော်ဘွားစစ်ကူ လာမည့် အရပ်ကို မှန်းဆပြီး ပြေးသည်။ သို့သော် ကျွန်းဦးအရပ်တွင် သိုဟန်ဘွားက မှီပြီးတိုက်ရာ အမြှောက်ဆံထိမှန်ပြီး နရပတိ လွန်လေသည်။

မင်းကြီးညိုသည် အသက် ၇၂ နှစ်အရောက် သက္ကရာဇ် ၈၉၂ ၊နတ်တော်လဆန်း ၅ ရက်၊ကြာသာပတေး နေ့ ညအချိန်တွင် နတ်ရွာစံသည်။မင်းကြီးညိုနတ်ရွာစံလျှင် သားတော် တပင်ရွှေထီး နန်းတက်သည်။

မင်းကြီးညိုသည် တောင်ငူမင်းဆက်ကို စတင်တည်ထောင်သော မင်းတစ်ပါးဖြစ်သည်။ သက္ကရာဇ် ၈၄၇ ခုနှစ်တွင် ဦးရီးတော်သူ အင်းဝလက်အောက်ခံ (စည်သူကျော်ထင်၏သား) မင်းစည်သူကို လုပ်ကြံ၍ နန်းတက်သည်။ နန်းတက်လျှင် မြရာဝတီ (ထိုနောက် ဒွါရာဝတီတွင်သည်) မြို့တော်ကိုတည်သည်။ ဟံသာဝတီမင်း၊ ဇင်းမယ်မင်းတို့က သီးခြားဂုဏ်ရည်တူမင်း တစ်ပါးအဖြစ် အသိအမှတ်ပြုသည်။ အရှေ့ကရင်နီ (ကယား) နယ်ကလည်း လက်ဆောင်ဆက်ရသည်။ မွန်ဘုရင် ဗညားရံက တိုက်ခိုက်လာသည်ကို နှိမ်နင်းနိုင်၍ အင်းဝဘုရင် ဒုတိယမင်းခေါင်ကပင်လျှင် မဟာသီရိဇေယျသူရဟူသော ဘွဲ့အမည်နှင့် မင်းမြောက်တန်ဆာ ငါးပါးကို ပို့လွှတ်သည်။ မင်းကြီးညိုသည် ပုဂံနန်းကျ ကျော်စွာနှင့် မိုးညှင်းမင်းတရားတို့၏ အနွယ်ဖြစ်သည်။ ထိုကြောင့်လည်း ၈၆၄ ခုနှစ်တွင် အင်းဝရွှေနန်းကြော့ရှင် နရပတိက ဘထွေးတော်၏သမီး မင်းလှထွတ်နှင့် မင်းကြီးညိုကို စုံဖက်သည်။ သို့ရာတွင် ထိုနှစ်မှာပင် မင်ကြီးညိုသည် ရေလွှဲငါးခရိုင်နှင့် ကျေးလက်များကို သိမ်းယူ၍ ရွှေနန်းကြော့ရှင်ကို ခြားနားသည်။ ညောင်ရမ်း၊ သင်းကြီး၊ ယင်းတော်၊ မိတ္ထီလာ၊ မြစ်ညောင်၊ သာဂရမြို့ကြီးများနှင့်တကွ မင်းတုံးတာ၊ မင်းပြည့်ဝတို့ ကျွန်တော်ခံလာသည်။ ကေတုမတီတောင်ငူမြို့ကို သက္ကရာဇ် ၈၇၂ ခုနှစ်တွင် တည်ထောင် စံနေသည်။ သက္ကရာဇ် ၈၈၈ ခုနှစ် အင်းဝကို မိုးညှင်းစလုံက တိုက်၍ ပျက်စီးသဖြင့် မြန်မာမင်း မှူးမတ်တို့ အမြောက်အမြား ခိုဝင်လာကြသည်။ အင်အားပြည့်စုံသော ပင်းယမင်း၊ အင်းခန်းမင်း၊ မြစ်သားမင်း၊ လှိုင်းတက်မင်းတို့ကား အလုံးအရင်း နှင့်တကွ ခိုဝင်လာကြသည်။ မင်းကြီးညိုသည် ဝါးနွယ်ကုန်းသူကြီး သမီးကို မိဖုရားမြှောက်ရာ ၈၇၈ ခုနှစ်တွင် တပင်ရွှေထီး ဖွားမြင်သည်။ ၈၉၂ ခုနှစ် နန်းစံ ၅၂ နှစ်တွင် နတ်ရွာစံ၍ သားတော် ၁၄ နှစ်အရွယ်ရှိ တပင်ရွှေထီး ထီးနန်းဆက်ခံသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)