မာတိကာသို့ ခုန်သွားရန်

မြောက်ဦးမြို့

ဝီကီပီးဒီးယား မှ
မြောက်ဦးမြို့
မြန်မာနိုင်ငံရှိ မြို့များ
မြောက်ဦးမြို့ ရှုခင်း
မြောက်ဦးမြို့ ရှုခင်း
မြောက်ဦးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြောက်ဦးမြို့
မြောက်ဦးမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°35′N 93°11′E / 20.583°N 93.183°E / 20.583; 93.183
နိုင်ငံအမည် မြန်မာ
ပြည်နယ် ရခိုင်ပြည်နယ်
ခရိုင်မြောက်ဦးခရိုင်
မြို့နယ်မြောက်ဦးမြို့နယ်
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

မြောက်ဦးမြို့သည် မြန်မာနိုင်ငံ အနောက်ဘက်တွင် တည်ရှိသော ရခိုင်ပြည်နယ်၏ မြောက်အရပ်တွင် တည်ရှိသော ရှေးဟောင်းမြို့တော် တည်ရှိရာ မြို့တစ်မြို့ ဖြစ်ပြီး ကုလားတန်မြစ်၏ အရှေ့ဘက်အရပ်တွင် ရှိကာ မြောက်ဘက်နှင့် တောင်ဘက်တို့တွင် တောင်စွယ်၊ တောင်တန်းများဖြင့် ကာရံလျက် ရှိသော မြို့တစ်မြို့ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ရခိုင်တို့သည် တိဗက်-မြန်မာ အနွယ်ဝင်များဖြစ်ပြီး အိန္ဒိယဘက်မှာ ရခိုင်ပြည်သို့ ရောက်ရှိလာသည်ဟု ယူဆရသည်။ မြောက်ဦး (ခေါ်) မြို့ဟောင်းတွင် ဝေသာလီ စင်္ဒြ မင်းဆက်သည် ၄ ရာစုနှစ်က စပြီး အုပ်စိုးခဲ့သည်။ မြို့ဟောင်း၏ ရှစ်သောင်း ဘုရားတွင် တွေ့ရှိခဲ့သော ခရစ် ၈ ရာစုဦးမှ အာနန္ဒစင်္ဒြ ကျောက်စာအရ ဒေဝစင်္ဒြသည် မင်းဆက်၏ အစ ရှင်ဘုရင် ဖြစ်သည်။ ထိုမင်းများသည် ကြင်နာ သနား တတ်၊ ပေးကမ်းတတ်ပြီး တရား မျှတသည်ဟု ကျောက်စာတွင် ဖော်ပြ ပါရှိသည်။ လမ်းပန်း အဆက်အသွယ် ကောင်းစေရန် လမ်းမကြီးများအား ဖောက်လုပ်ခဲ့ပြီး ဆည်ကြီးများ ဆောက်လုပ်ခဲ့သည်။ ထိုမင်းများသည် ဗြာဟ္မဏ အယူဝါဒ သီဝနတ်မင်းကို ကိုးကွယ်သူများ ဖြစ်ကြရာ မင်းတပါး နန်းတက်တိုင်း အထိမ်းအမှတ် ဖြစ်စေရန် ဒင်္ဂါးများကို သွန်းလုပ်ခဲ့သည်။ အစောဆုံး ဒင်္ဂါးမှာ ဒေဝစင်္ဒြ (ခရစ် ၄၅၄ - ၇၆) ၏ ဒင်္ဂါး ဖြစ်သည်။[]

သက္ကရာဇ် ၁၄၃၁ တွင် ရခိုင်ဘုရင် မင်းစောမွန်မှ ရခိုင်နိုင်ငံတော် (အာရကန်နိုင်ငံတော်)၏ မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး ၁၇ ရာစုအလယ်တွင် မြို့တော်၏ အရွယ်အစားမှာ ၁၂၀၀၀၀ ဧက အထိရှိလာသည်။ ၎င်းမြို့တော်မှ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှား နှင့် အိန္ဒိယနိုင်ငံတို့နှင့် ကူးသန်းရောင်းဝယ် ဖောက်ကားမှုများ ရှိခဲ့သည်။ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခတ် အမွှေးအကြိုင်များ ကူးသန်းရောင်းဝယ်မှုများ ပြုခဲ့သည်။

မြောက်ဦးခေတ် အထွတ်အထိပ် ရောက်ချိန်တွင် ၎င်း မြို့တော်မှ ဒါကာနှင့် စစ်တကောင်း အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ် တစ်ဝက်၊ ယခု လက်ရှိ ရခိုင်ပြည်နယ် တဝှမ်းနှင့် မြန်မာပြည် အောက်ပိုင်းတခွင်အထိ အာဏာစက် သက်ရောက်ခဲ့သည်။ ၎င်းခေတ်အတွင်း ရခိုင်ဘုရင်များမှ ရခိုင်စကားလုံးနှင့် ဒင်္ဂါးများ ရိုက်နှိပ် သုံးစွဲခဲ့သည်။ မြောက်ဦးခေတ် စည်ပင်ဝပြောသော ခေတ်ကာလတွင် ဘုရားပုထိုးများစွာ တည်ဆောက်ခဲ့ကြပြီး ၎င်းထဲမှ အများစုမှာ ယခုတိုင် တွေ့မြင်နိုင်ဆဲ ဖြစ်သည်။ ထင်ရှားသော စေတီ ပုထိုးများမှာ သျှစ်သောင်းပုထိုးတော်ကြီး (ရခိုင်အခေါ် သျှိုက်သောင်းဘုရား၊ ဆင်းတုတော် ၈၀၀၀၀ ထည့်သွင်း တည်ထားသည်။) ထုက္ကံသိမ် ပုထိုးတော်ကြီး နှင့် ကိုးသောင်းပုထိုးတော်ကြီး (ဆင်းတုတော် ၉၀၀၀၀ ထည့်သွင်း တည်ထားသည်။) နှင့် မာရ်ငါးပါး စေတီပုထိုးများ ဖြစ်ကြသည်။

မြောက်ဦးပတ်ဝန်းကျင် ဒေသသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသပြီးလျှင် ဆန်ထုတ်လုပ်မှု ဒုတိယ အများဆုံး ဒေသ ဖြစ်သည်။

ယနေ့ခေတ်တွင် မြောက်ဦးသည် ရှေးဟောင်း သုတေသန နှင့် စပ်ဆိုင်၍ ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာ အဓိက နယ်မြေတစ်ခု ဖြစ်၍ ရန်ကုန်မြို့မှ ၂ ရက် ခရီး (သို့မဟုတ်) စစ်တွေမြို့မှ ၃ နာရီမှ ၅ နာရီကြာ စက်လှေခရီးဖြင့် သွားရောက်နိုင်သည်။

မြောက်ဦးမြို့ကို ( ၈.၂.၂၀၂၄ ) ခုနှစ်တွင်ရခိုင်တပ်တော် မှ မြန်မာတပ်မတော်ထံမှ ပြန်လည်သိမ်းယူခဲ့သည်။

မြောက်ဦးမြို့ရှိ စေတီပုထိုးများ

[ပြင်ဆင်ရန်]

ခရစ်နှစ် ၁၃၄၁ ခု၊ ရခိုင်ဘုရင် မင်းစောမွန် စိုးစံချိန်မှ စတင်၍ တည်ထားခဲ့သော စေတီ၊ ပုထိုးများ အမြောက်အမြား တည်ရှိသည်။ အောက်ပါစေတီ၊ ပုထိုးများမှာ ၎င်းတို့ အနက်မှ ထင်ရှားလူသိများသော စေတီ၊ ပုထိုးများ ဖြစ်ကြသည်။

မြောက်ဦးသည် အဓိက အားဖြင့် ဗုဒ္ဓသာသနိက အဆောက်အဦးများ စုစည်းတည်ရှိရာ နေရာ ဖြစ်ငြားလည်း၊ အခြားသော ယုံကြည်သက်ဝင်မှု ဆိုင်ရာ အဆောက်အဦးများလည်း တွေ့ရှိနိုင်သည်။ ၎င်းတို့ အနက်မှ ထင်ရှားသော အဆောက်အဦး တစ်ခုမှ မင်းစောမွန်လက်ထက်တွင် တည်ဆောက်ထားခဲ့သော ရှေးဟောင်း စေတီ ဖြစ်ပြီး မြို့၏ အရှေ့တောင် အရပ်တွင် တည်ရှိသည်။

မြို့ဟောင်းမြို့

[ပြင်ဆင်ရန်]

မြို့ဟောင်းမြို့သည် မြန်မာနိုင်ငံ ရခိုင်တိုင်း စစ်တွေခရိုင်ရှိ မြို့ဟောင်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရှေးအခါက ဓညဝတီရခိုင်မြို့ဟူ၍လည်းကောင်း၊ မြောက်ဦးမြို့ဟူ၍ လည်းကောင်း တွင်ခဲ့၍ ရခိုင်မင်း အဆက်ဆက်တို့ နန်းစိုက်ခဲ့ရာ မြို့တော်ဖြစ်ခဲ့သည်။ ထိုကြောင့်ပင် နေရာအများအပြားတွင် ရှေးရခိုင်မင်းတို့ တည်ထားကိုးကွယ်ခဲ့သော ရှစ်သောင်းဘုရား၊ ထုက္ကံသိမ်ဘုရား၊ လေးမျက်နှာဘုရား၊ အံတော်ဘုရားစသော စေတီကူဘုရားတို့အပြင်၊ နန်းတော်ရာ၊ တံတိုင်းမြို့ပျက်များကို ယခုတိုင် တွေ့မြင်နိုင်သေးရာ ရှေးအတိတ်က ကောင်းစားခဲ့ပုံကို သက်သေဆောင်လျက် ရှိသည်။

ရှေးအခါကမူကား မြောက်ဦး နေပြည်တော် (မြို့ဟောင်း)သည် အဆန်းတကြယ်ပင် ဖြစ်၏။ မြို့မျက်နှာပြင်သည် မြေညီမြေပြန့်မဟုတ်၊ တောင်ကုန်း တောင်ပူစာတို့ဖြင့် သာယာသည်။ ရွှေမြို့တော်နန်းတော်သည် ကုန်းမြင့်(တောင်ညိုကုန်းထိပ်) တွင် ရှုမောဖွယ်ရာ ဖြစ်သည်။ မြို့မြောက်ဘက်တစ်လွှားတွင် ရှစ်သောင်းဘုရား၊ ဒုက္ခံသိမ်ဘုရားစသော ဘုရားတို့သည်လည်းကောင်း၊ တောင်ဘက်တခိုတွင် ရွှေတောင် စေတီတော်သည်လည်းကောင်း တင့်တယ်လှပေ သည်။ သိင်္ဃဒီမြစ်(ရွှေနတ်ပြင်ချောင်း) သည်လည်း ရေကစားရာအရပ်ဖြစ်သည်။ ထိုကြောင့်ပင် ဟံသာဝတီ နေပြည်တော်တွင် ရောက်ရှိနေခဲ့သော ရခိုင်စာဆိုတော် ဦကာဗျန်(ဥက္ကာပျံ) သည် မိမိ၏ဇာတိဌာနေကိုသာ လွမ်းဆွတ်၍ မြောက်ဦး ရွှေမြို့တော်၏ သာယာပုံတို့ကို တစ်ဆယ့်နှစ်ရာသီ ရတုတွင် ဖွဲ့ဆိုထားခဲ့ပေသည်။(ဥက္ကာ ပျံ) သည် မိမိ၏ဇာတိဌာနေကိုသာ လွမ်းဆွတ်၍ မြောက်ဦး ရွှေမြို့တော်၏ သာယာပုံတို့ကို မြို့ဟောင်းမြို့သည် စစ်တွေမြို့၏အထက်မိုင်၅ဝ ခန့်အကွာ ကုလားတန်မြစ်၏ လက်တက်ဖြစ်သော ရွှေနတ်ပြင် ချောင်းကမ်းပါးတွင် တည်ရှိသည်။ မြို့ဟောင်းမြို့သို့ သင်္ဘောဆိုက်ကပ်သောအခါ သင်္ဘောဆိပ်မှာ မြို့နှင့် အတန်ငယ်ကွာသဖြင့် သင်္ဘောဆိပ်မှတစ်ဆင့် မြို့ဟောင်းမြို့တွင်းသို့ ကူးတို့ဖြင့်တတန်ထပ်၍ ကူးရသည်။ ထိုမှတစ်ဖန် မိုင်ဝက်ခန့်မျှ ကုန်းကြောင်းအားဖြင့် သွားသော် မြို့ဟောင်းမြို့တွင်းသို့ ရောက်ရှိပေသည်။ မြို့အနေအထားမှာ သဘာဝအားဖြင့် ချောင်းမြောင်းများဖြင့် ရစ်သန်းနေသဖြင့် လုံခြုံလှပေသည်။ မြို့တစ်ဖက်တွင် လွင်ပြင်ကြီးရှိ၍ လွင်ပြင်ကြီးကို ကျော်လွန်သောအခါ တောင်တန်းတောင်ရိုးများ ပိတ်ဆီးကာရံ လျက်ရှိသည်။

မြေပြန့် လွင်ပြင်တွင် စပါးစိုက်ပျိုးသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ဟောင်းမြို့၏ လူဦးရေမှာ၆၅၅၅ ယောက်ဖြစ်၏။ မြို့ဟောင်းမြို့နယ်၏ အကျယ်အဝန်းမှာ ၆၄၂ စတုရန်းမိုင်ဖြစ်၍၊ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၆၇, ဝဝ၄ ယောက်ရှိသည်။ မြို့နယ်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှာ သစ်တောများဖြင့် ဖုံးလွှမ်းနေသော တောင်ကုန်းများဖြစ်၍၊ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့မှာ မြေဩဇာကောင်းမွန်သည်။ မင်းပြားမြို့မှ ပေါက်လာသော ကားလမ်းသည် မြို့ဟောင်းမြို့ကိုဖြတ်၍ သရက်တပင်မှ တစ်ဆင့် ကျောက်တော်သို့ ရောက်သည်။ မြို့ဟောင်းမြို့နယ်တွင် ဆန်စပါးကို အဓိကစိုက်ပျိုးသည်။

မြို့ဟောင်း(မြောက်ဦးမြို့) ကို မင်းနေပြည်တော်အဖြစ် ဦးစွာတည်ထောင်သူမှာ ပဲဖြူမင်းဖြစ်သည်။ ပဲဖြူမင်းသည် ဝေသာလီကို စွန့်၍ မြောက်ဦးမြို့ကို တည်ထောင်ကာ သက္ကရာဇ် ၃၃၈ ခုနှစ်မှ ၃၅၆ ခုနှစ်အထိ စိုးစံသည်။ ထိုနောက် မင်းစောမွန်သည် သက္ကရာဇ် ၇၆၆ ခုနှစ်တွင် ရခိုင်ထီးနန်းကို ဆက်ခံစိုးစံခဲ့၍ ၇၆၈ ခုနှစ်တွင် လောင်းချက်မြို့ကို မြန်မာတို့ သိမ်းယူသည်။ ထို့နောက် မွန်တို့တိုက်ခိုက်ကြပြန်ရာ ရခိုင်ပြည်တွင် မင်းမဲ့ကာ ဖရိုဖရဲဖြစ်ပြီးလျှင် မင်းစောမွန်သည် အနောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာမှ သူရတန်မင်းအကူအညီဖြင့် ထီးနန်းပြန်ရသောအခါ၊ သက္ကရာဇ် ၇၉၂ ခုနှစ် နတ်တော် လဆန်း ၁ ရက် တနင်္ဂနွေနေ့တွင် မြောက်ဦးမြို့ကိုတည်၏။ ရာဇဝင်တွင် ပဲဖြူမင်း ပထမမြောက်ဦးမြို့ တည်သည်ကို မရေတွက်ဘဲ၊ မင်းစောမွန်ကိုသာ ပထမမြောက်ဦးမြို့တည်မင်းဟု ရေတွက်လေသည်။ ထိုမင်းမှစ၍ မင်းပေါင်း ၁၂ ပါး ဆက်လက် စိုးစံခဲ့ရာ၊ မင်းခေါင်ရာဇာ လက်ထက်အထိ စည်ပင်လာခဲ့လေသည်။ မင်းခေါင်ရာဇာ၏ သားတော် သံတွဲစားမင်းပါကြီးသည် သက္ကရာဇ် ၈၉၃ ခုနှစ်တွင် နန်းတက်လေရာ၊ မြောက်ဦးမြို့တော်ကို ထပ်မံ အကြီးအကျယ် တည်ဆောက်ပြုစုသည်။ မင်းပါကြီးမှစ၍ မင်းပေါင်း ၉ ဆက်၊ ဆက်လက် အုပ်စိုးလေရာ၊ မင်းစနေလက်ထက် တိုင်လေသည်။ မင်းစနေ လွန်သော် မင်းပါကြီး၏ မြစ်ဖြစ်သော နရပတိမင်းမှစ၍ မင်းပေါင်း ၂၈ ဆက်လက် အုပ်စိုးပြန်ရာ ၁၁၄၆ ခုနှစ် ပြာသိုလဆုတ် ၇ ရက် စနေနေ့တွင် မြန်မာမင်း ဘိုးတော်ဘုရားက သိမ်းယူလေသည်။ ထိုနှစ်မှစ၍ မြောက်ဦးတွင် မြို့ဝန်များ ခန့်၍ အုပ်စိုးစေခဲ့ရာ၊ ပထမဆုံးမြို့ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူမှာ နန္ဒပကြန် ဖြစ်၏။ နန္ဒပကြန်၏ နောက်မြို့ဝန် ၈ ဦး ဆက်လက်အုပ်ချုပ်ခဲ့လေသည်။

ခရစ် ၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အတွင်းက အင်္ဂလိပ်စစ်ဗိုလ်ကြီး မော်ရစ်ဆန်၏ စစ်တပ်များ သည် မြို့ဟောင်း၌ စခန်းချရာ၊ အဖျားရောဂါဖြင့် စစ်သားများစွာ သေဆုံးရုံမက စစ်ဗိုလ်ချုပ် ကိုယ်တိုင်လည်း မကျန်းမမာဖြစ်၍ ပြန်ရသဖြင့် လမ်းခရီးတွင် ကွယ်လွန်သည်။ ထိုစစ်အပြီးတွင် စစ်တွေမြို့ကို တည်၍ မြို့တော်ကို ပြောင်းရွှေ့ လိုက်လေသည်။[]

ဓာတ်ပုံများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒေါက်တာ သန်းထွန်း (ဇူလိုင် ၂၀၀၄)။ မြန်မာ့ သမိုင်းပုံ Myanmar History Told in Pictures (ပထမ အကြိမ် ed.)။ မုံရွေး စာအုပ်တိုက် အမှတ်စဉ် (၁၃၄)။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)