မာတိကာသို့ ခုန်သွားရန်

မင်းရဲကျော်စွာ

ဝီကီပီးဒီးယား မှ
မင်းရဲကျော်စွာ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် မင်းရဲကျော်စွာ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
မင်းရဲကျော်စွာ
မင်းရဲကျော်စွာအား မောင်မင်းဖြူနတ်အဖြစ် ပုံဖော်ထားပုံ
အိမ်ရှေ့စံ
ကာလ၁၃၉၁ – ၁၃ မတ် ၁၄၁၅
ရှေ့မင်းဆက်သိဒ္ဓတ်
Successorသီဟသူ
မွေးဖွား၁၃၉၁
ပြင်စည်မြို့
ကွယ်လွန်၁၃ မတ် ၁၄၁၅ (အသက် ၂၅ မြောက်)
မြန်မာသက္ကရာဇ် ၇၇၆ နှောင်းတန်ခူးလဆန်း ၄ ရက်၊ ဗုဒ္ဓဟူးနေ့
ဒလမြို့
ထာဝရ အိပ်စက်ရာ နေရာတွံတေးမြို့
ကြင်ရာတော်စောမင်းလှ
သားသမီးများမင်းရဲကျော်ထင်
ပြကောင်း မင်းသမီး မင်းလှထွတ်
မင်းရဲအောင်နိုင်
စောမင်းဖြူ
အမည် အပြည့်အစုံ
မင်းဖြူ
စံအိမ်ပင်းယ
ခမည်းတော်ပထမမင်းခေါင်
မယ်တော်ရှင်မိနောက်
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

မင်းရဲကျော်စွာ (၁၃၉၁–၁၄၁၅၊ မြန်မာ ၇၅၂–၇၇၆) သည် အင်းဝဘုရင်မင်းခေါင်၏ သားတော် အိမ်ရှေ့စံတစ်ဦး ဖြစ်သည်။ မင်းရဲကျော်စွာသည် ၁၃ နှစ် အရွယ်ကပင် စစ်ဘုရင်ဖြစ်ခဲ့ပြီး ၂၅ နှစ်မြောက်မှ ကွယ်လွန်သည်အထိ ၁၆ နှစ်လုံးလုံး စစ်ကစားခဲ့သည်။

မင်းရဲကျော်စွာသည် အင်းဝဘုရင် ပထမမင်းခေါင်နှင့် မိဖုရား ရှင်မိနောက်တို့တွင် မြင်သည့် သားတော်ဖြစ်၍ ၇၅၂ ခုနှစ်တွင် ဖွားမြင်သည်။ ကိုယ်ဝန်ရှိစဉ်တွင်မိဖုရားသည် ဟံသာဝတီမှ မြေစေး၊ မုတ္တမ မှ မြေသင်းခဲ နှင့် ပင်စလိုင်ကျွန်း(ခေါင်းဆေးကျွန်း)မှ ရေအေး စသည်တို့ကို စားသောက်လိုသည့် ချဉ်ခြင်းဖြစ်လေသည်။ ငယ်မည်မှာ မင်းဖြူ ဖြစ်သည်။

စစ်တိုက်ခြင်း

[ပြင်ဆင်ရန်]

ရခိုင်တိုက်ပွဲ

[ပြင်ဆင်ရန်]

သက္ကရာဇ် ၇၆၅ ခုနှစ်တွင် ရခိုင်ဘုရင် ထောရာကြီးသည် အင်းဝပိုင် ယော၊ ဆော၊ လောင်းရှည်တို့ကို ထိပါးလာ၏။ ထိုအခါ ဘုရင်မင်းခေါင်သည် သားတော် မင်းရဲကျော်စွာကို ဗိုလ်မှူးခန့်၍ တပ် ၁ဝ တပ်နှင့် ရခိုင်သို့ ချီစေ၏။ ထိုအခါ မင်းရဲကျော်စွာသည် သက်တော် ၁၃ နှစ်သို့ ဝင်ရုံသာ ရှိသေးသည်။

ရခိုင်ဘုရင်လည်း စစ်သည်အများနှင့် နနွင်းတောင်က ကြို၍ ခံလာ၏။ လက်ဝဲ-လက်ယာ ၃ တပ်စီ၊ အလယ် ၄ တပ်ကို မင်းရဲကျော်စွာမှူး၍ ရဲမြတ်စွာ ဟူသော ဆင်ကိုစီးလျက် မြင်း ၃,ဝဝဝ အလယ်ကို ထွင်း၍ တိုက်၏။ ဤသို့ မင်းရဲကျော်စွာတိုက်၍ သူ့ဆင် ၄ စီး ၅ စီး လည်းပြီးနောက်၊ ရခိုင်ဘုရင် ထောရာကြီးစီးသောဆင်ကို တိုက်မည်ဟု လွှတ်လေရာ ရခိုင်ဘုရင်လည်း မခံနိုင်သဖြင့် ဆင်မှ မြင်းသို့ဆင်း၍ မြင်းတပ်နှင့် ခံသည်ကို အင်းဝမြင်းသည်တို့ဝိုင်း၍ တိုက်သည်တွင် ရခိုင်ဘုရင် ကျလေ၏။ ထိုအခါ ရခိုင်စစ်သည်တို့ ပျက်၍ ပြေးကြရလေသည်။ ရခိုင်မြို့ကိုသိမ်း၍မြို့စောင့်ထားပြီးလျှင် မင်းရဲကျော်စွာ တို့ ပြန်ခဲ့၏။ မင်းခေါင်သည် ကလေးစား အနော်ရထာမင်းစော အား ရခိုင်မြို့ကို ပေးတော်မူ၍ နောက်တစ်နှစ်တွင် သမီးတော် ရွှေပြည့်ချမ်းသာနှင့် ရခိုင်စား နော်ရထာကို စုံဖက်တော်မူ၏။

မွန်တိုက်ပွဲ

[ပြင်ဆင်ရန်]

သက္ကရာဇ် ၇၆၈ ခုနှစ်တွင် ဘုရင်မင်းခေါင်သည် သားတော်မင်းရဲကျော်စွာကို ပုခန်းတရဖျားကြီးသမီး စောမင်းလှ နှင့် စုံဖက်တော်မူ၍ အိမ်ရှေ့နှင်းတော်မူသည်။ ဆင်ကောင်း၊ မြင်းကောင်း အလုံးအရင်းများ ပေးတော်မူ၏။ ထိုအခါ ညီတော် မင်းသိဒ္ဓတ် အားကျ၍ ပုန်ကန်သည်။ နောင်မင်းခေါင်နှင့်တိုက်ရာတွင် ရှုံး၍ ရာဇာဓိရာဇ်ထံ ခိုဝင်လေသည်။ သက္ကရာဇ် ၇၇၂ ခုနှစ် သက်တော် ၂ဝ တွင် မင်းရဲကျော်စွာသည် ဆင်၊ မြင်း၊ ဗိုလ်ပါအများနှင့် မွန်တို့ပြည်သို့ ချီလေ၏။ မြောင်းမြတွင် လှေတပ်ချင်း တိုက်၏။ မြို့ကိုကားမရချေ။ ပုသိမ် ခဲပေါင်မြို့များကိုလည်း လုပ်ကြံသည်။ မရချေ။ ထိုအခါ မင်းရဲကျော်စွာသည် မှူးမတ်ကြီးများနှင့် တိုင်ပင်ကာ မွန်တို့ပြည်ကို မလုပ်ကြံသေးဘဲ ပြန်၍ဆန်တက်ကာ ရခိုင် သံတွဲကို တိုက်ခိုက်အောင်မြင်ခဲ့ပြီးမှ အင်းဝသို့ ပြန်ခဲ့သည်။ ခမည်းတော်က ဆုလာဘ် များစွာပေး၏။

ရခိုင် သံတွဲမြို့ကို မင်းရဲကျော်စွာ လုပ်ကြံ၍ ရလေသည်နှင့် ရခိုင်မင်း နရမိတ်လှ ထွက်ပြေးရကြောင်းကို ရာဇာဓိရာဇ်ကြားသော် ၇၇၃ ခုနှစ်တွင် သံတွဲမြို့ကို လာရောက် လုပ်ကြံ အောင်မြင်၍ သမိန်ဗြသအိုက်၊ သမိန်အဲဂေါင်းပိန်တို့ကို သံတွဲမြို့တွင် အခိုင်နေစေသည်။ ထိုအကြောင်းကို ဘုရင် မင်းခေါင်ကြားသော် သားတော်မင်းရဲကျော်စွာအား အလုံးအရင်း ကြီးစွာနှင့် သံတွဲမြို့ကို ဝိုင်းထားစေ၏။ ဤသို့ ဝိုင်းထားသဖြင့် မြို့တွင်းသား မွန်တို့ ငတ်လှသောကြောင့် လွှား၊ မောက်တို တို့ကိုသာ ချက်ပြုတ်စားသောက်ကြရကုန်၏။ ထိုအခါ သမိန် ဗြသအိုက်သည် ရာဇာဓိရာဇ် အလုံးအရင်းနှင့် စစ်ကူလာမည့် ဟန် ဥပါယ်တံမျဉ်ကြံသဖြင့် မင်းရဲကျော်စွာတို့ တပ်ခေါက်ပြီးလျှင် အင်းဝသို့ ပြန်လေသည်။ ထိုနောက် သမိန်ဗြသအိုက်၊ သမိန်အဲဂေါင်းပိန်တို့လည်း ရခိုင်သို့ချီ၍ လုပ်ကြံအောင်မြင် သော် နရမိတ်လှကို နန်းတင်ပေးခဲ့လေသည်။

သိန္နီတိုက်ပွဲ

[ပြင်ဆင်ရန်]

သက္ကရာဇ် ၇၇၄ ခုနှစ်တွင် သိန္နီစော်ဘွားသည် အလုံးအရင်းများစွာနှင့် အင်းဝသို့ ချီလာသည်ကို မင်းရဲကျော်စွာ ဗိုလ်မှူးပြု၍ ခုခံရ၏။ ရှေးဦးစွာ မြင်းတပ်ချင်းတိုက်ရာ စော်ဘွား၏ မြင်းတပ် ပျက်ပြီးနောက် မင်းရဲကျော်စွာသည် ဆင်တော် ငချစ်ခိုင်ကိုစီး၍ စော်ဘွားဆင်နှင့် အတန်ကြာဝှေ့ ပြီးနောက် စော်ဘွားမူးယစ်နေသည်ကို သိတော်မူသည်နှင့် စော်ဘွားဆင်ပေါ်သို့ ခုန်တက်ပြီးလျှင် စော်ဘွားနှင့်တကွ ကုန်း လယ် နောက်ပဲ့တို့ကိုပါ ခုတ်ချလိုက်လေသည်။ စော်ဘွားကျလျှင် ရှမ်းစစ်သည်တို့ ပျက်၍ ပြေးလေ၏။ စော်ဘွား၏ သားနှင့်သမက်များကလည်း ဗိုလ်ပါစုရုံး၍ သိန္နီသို့ပြန်လေသည်ကို မင်းရဲကျော်စွာသည် သိန္နီအထိလိုက် ကာ မြို့ကို အကြိမ်ကြိမ်လုပ်ကြံသော်လည်း မရချေ။ ၅ လခန့် ကြာသော် ရှမ်းတို့သည် တရုတ်တို့ထံမှ အကူအညီတောင်းလေ၍ တရုတ်တို့လာသည်ကို မင်းရဲကျော်စွာသည် တိုက်ဖျက်၍ လူသူဆင်မြင်းအများ ရလိုက်လေသည်။

မင်းရဲကျော်စွာ သိန္နီသို့ ချီသည်ကြားသော် ရာဇာဓိရာဇ် လည်း ပြည်မြို့ကို ဝန်းရံလုပ်ကြံလာသည်။ သို့ရာတွင် မြို့ကို ပေါက်အောင် မတတ်နိုင်ချေ။ တစ်လခန့်ကြာသော် မုတ္တမကျေး ရေးမြို့ကို ယိုးဒယားတို့တိုက်လာကြောင်းကြားရာ သားတော် အား ပြည်မြို့ကိုဝန်းရံစေ၍ ရာဇာဓိရာဇ်မှာ မုတ္တမသို့ ချီလေ သည်။ ဘုရင်မင်းခေါင်လည်း သားတော် သိန္နီမှပြန်ရောက်လျှင် မင်းရဲကျော်စွာကား ကြည်းကြောင်း၊ မင်းခေါင်ကား ရေကြောင်းချီရသည်။ ရာဇာဓိရာဇ်လည်း ပြည်မြို့သို့အရောက် ချီလာပြန်သည်။ ဤစစ်တွင် မွန်တို့အပျက်များသည်။ မွန်သူရဲကောင်း လဂွန်းအိမ်ကို မင်းရဲကျော်စွာ ဥပါယ်တံမျဉ်ဖြင့် သွေးခေါ်၍ တိုက်သည်ကို လိုက်မှားသည်နှင့် လက်နက်ထိ၍ လွန်သည်။

အင်းဝဘက်ကလည်း မွန်အမှုထမ်း သူရဲကောင်း ပြည်စား လက်ယာပျံချီ လက်နက်ထိ၍ ကျဆုံးသည်။ ရာဇာဓိရာဇ်လည်း အားလျော့သောကြောင့် အပြင်းစုန်လေရာ မင်းရဲကျော်စွာက နောက်ထပ်လိုက်လေ၏။ အင်းဝတို့ သန်လျင် ကိုရပြီးနောက် အနောက်ဘက်တစ်လွှားဖြစ်သော ပုသိမ်၊ မြောင်းမြ၊ ခဲပေါင်မြို့များမှ သုံ့ပန်းတို့ကို အင်းဝသို့ချည်း ပို့လေ၏။ နောင် အင်းဝသို့ သိန္နီက စစ်ရောက်သည်ကြား၍ အင်းဝတပ်တို့ ပြန်ကြသည်။

မော်တုံမော်ကယ်စား ရှမ်းတို့သည် နိုင်ငံတော်ဖြစ်သော မြေဒူးမြို့ကို ထိပါးလာသဖြင့် မင်းရဲကျော်စွာသည် သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ချီတက်တိုက်ခိုက် အောင်မြင်ပြီးနောက် သက္ကရာဇ် ၇၇၆ ခုနှစ်တွင် မွန်တို့ပြည်သို့ ချီပြန်၏။ ရောက်သော် ခဲပေါင်မြို့ကို တပ်သားများအား အသက်စွန့်ကာ တိုက်ခိုက်စေပြီးနောက် အင်းဝတို့မှာ ရိက္ခာမလောက် ဖြစ်လေသည်။ ထိုနောက် မင်းရဲကျော်စွာသည် အင်းဝသို့ ရုတ်တရက် ခေတ္တပြန်သွားပြီးနောက် တစ်လအတွင်း ပြန်ရောက်လာ၏။ စစ်ဦးတွင် မွန်တို့ အကြိမ်ကြိမ်ရှုံး၍ ရာဇာဓိရာဇ်လည်း ဇာတာတော် မသန့်ဟုဆိုကာ မုတ္တမဘက်သို့ တိမ်းရှောင်နေရသည်။ အနောက်ဘက်တစ်လွှား ပုသိမ်၊ မြောင်းမြစသည်တို့လည်း အင်းဝများထံ ဝင်ကြလေသည်။ မင်းရဲကျော်စွာ မွန်သူရဲကောင်း သမိန်ဗရမ်းကိုရ၍ ခမည်းတော်ထံ ဆက်သသည်။ အင်းဝတို့လည်း စစ်တပ်တို့ကို အခွဲခွဲစီစဉ်လျက် အကြီးအကျယ် တိုက်ခိုက်ရန် ပြင်ဆင်လေသည်။

ဒလတိုက်ပွဲ

[ပြင်ဆင်ရန်]

မင်းရဲကျော်စွာသည် ဒလတွင် တပ်ချ၍ အပြီးသတ်တိုက်ခိုက်ရန် ရာဇာဓိရာဇ်ထံ စာစေ၍ ရာဇာဓိရာဇ်လည်း ဒလသို့ စစ်သည်ဗိုလ်ပါများစွာနှင့် ချီလာလေသည်။ ရာဇာဓိရာဇ်သည် အမတ်ဒိန်အား မင်းရဲကျော်စွာကို အမျက်ဒေါသထွက်အောင်၊ တပ်က လိုက်၍ထွက်အောင် မြှူချေ ဟု စေလိုက်၏။ အမတ်ဒိန်လည်း ဆင် ၅ စီး၊ လူ ၇ဝဝ၊ ၈ဝဝ ခန့်နှင့် မင်းရဲကျော်စွာတပ်အနီးသို့ လာရောက်၍ နေရာ ပြင်ဆင် အကွက်ချဟန်ပြုသည်ကို မင်းရဲကျော်စွာက မွန်တို့ကို လုပ်ကြံရန် ငါတို့လာသည်။ ယခုသူတို့က ငါတို့တပ်ကိုရံမည် ပြုသည်။ ထွက်၍တိုက်တော့မည်ဟု မိန့်တော်မူသည်။

မင်းရဲကျော်စွာသည် ဆင်တော်ငချစ်ခိုင်ကို စီး၍ ထွက်ချီခဲ့၏။ လိုက်လတ္တံ့သော နောက်ပါတပ်များတွင်လည်း မြေဒူးစားသည် မွန်တို့ထံမှ ဖမ်းဆီးရမိထားသော ဗကမတ်ဆင်ကို စီးရာဆင်ခါ၍ ကျချေ၏။ ဗကမတ်လည်း မြေဒူးစားကျလျှင် တပ်တွင်းရှိသော ဆင်မြင်းလူသူတို့ကို လိုက်လံဝှေ့သတ်သဖြင့် ပရမ်းပတာ ပြိုပြိုကွဲကွဲရှိချေသည်။ ထိုကြောင့်လည်း ရဲမက် တော်တို့သည် မင်းရဲကျော်စွာ ကိုမမီနိုင် တန့်လျက်သာ ရှိနေခဲ့ ရာ၊ မင်းရဲကျော်စွာသည် ရှေ့သို့လွန်လာ၏။ ထိုအခါ ကလေးကျေးတောင်ညိုသည် မိမိတပ်သားများနှင့် အမီလိုက်ရန်ကြိုးစားရာ၊ သူစီးသောဆင် မုန်ပြင်းနေ၍ နောက်က မြင်းကတောင်သံ ကိုကြားလျှင် နောက်ကိုပြန်၍ ဝှေ့လေသဖြင့် အထွေးထွေးရှိကြ၍ ခြေသည်မြင်းသည် ကွဲသောကြောင့် မင်းရဲကျော်စွာကို မမီ တပ်တော်ပျက်လေသည်။ မွန်တို့တပ် ၆ တပ်အနက် ၄ တပ် နှင်နှင်အစဉ်အတိုင်း ပျက် လေသည်။ နောက်တစ်တပ်ကို အတိုက်တွင် ဆင်တော် ပန်းလှ သည်နှင့် နောက်ကဆင်ကူလည်းမမီလာသောကြောင့် ဆင်တော် ရပ်လေသည်။

ဤသို့ ဆင်တော်ကွဲ၍ ပန်းနေသည်ကိုမြင်သော်၊ ရာဇာ ဓိရာဇ်၏ သားတော် ၃ ပါးကြီးမှူး၍ ဆင်အစီး ၃ဝ ခန့်နှင့် အုံညီ၍တိုက်လေ၏။ ဆင်တော်ကို လှံချက်တစ်ရာလောက် ကျလျှင် နာကျင်လှသဖြင့် ဆင်တော်ခါသောကြောင့် ဆင်တော် ထက်က လျှောကျ၍ ပေါင်ကို ဆင်ထိချေ၏။ ရပ်တော်မမူနိုင် တွားသွားလျက် ရေကန်နား ဥနှဲပင်အောက်သို့ ဝင်၍နေရလေသည်။ ဖမ်း၍မိလျှင် ရာဇာဓိရာဇ်က မင်းသား သူငယ်ဖြစ်သူကို ငါစိတ်နှလုံးအထူးမရှိ။ မောင်သည် အစားအစာ ဆေးဝါး စားပါ။ ကျန်းမာလာလျှင် သည်တွင်နေလိုလည်း ငါ့သမီးတော် နှင့် စုံဖက်၍ အိမ်ရှေ့ပေးပါမည်။ အင်းဝသို့ ပြန်လိုလျှင်လည်း ကောင်းစွာပို့ပေးမည်။ ကျန်းမာအောင်သာ ဆေးဝါးကုသပါဟု မိန့်၍ ဆေးဝါးများ ပေးတော်မူ၏။

ကွယ်လွန်ခြင်း(သေဆုံးခြင်း)

[ပြင်ဆင်ရန်]

မင်းရဲကျော်စွာကား ငါသည် ဟံသာဝတီ မွန်ပြည်ကို မရဘဲ ငါမပြန်ဟု ဓိဋ္ဌာန်ရင်းရှိသည်။ ယခု ငါ သို့စင်ဖြစ်ပြီးမှ သူ့ကျွန်မခံပြီ။ ငါ့အသက် ရှင်သော်ထက် သေသော်မြတ်၏။ ငါဆေးဝါး မစားပြီ။ ငါ့ကို သတ်ရန်ကိုသာ စီရင်တော့ဟု ဆိုလျှင် ရာဇာဓိရာဇ်လည်း မင်းရဲကျော်စွာကို သေခါနီးတိုင် အောင်မှ စိတ်ကိုမလျှော့၊ နောင်သော် ငါ့ကိုပင် ကြံပြန်ချိမ့် မည်ဟူ၍ မိုးသောက်လျှင် (မူကွဲ ညဉ့်တွင်ပင် ) ဆင်ထိ တော်မူသော အနာသည်း၍ အနိစ္စရောက်လေသည်။ အဟန် ကောင်းမွန်စွာ သင်္ဂြိုဟ်လေသည်။ ဤသို့လျှင် မင်းရဲကျော်စွာ သည် သက္ကရာဇ် ၇၇၆ ခုနှစ် နှောင်းတန်ခူးလဆန်း ၄ ရက်နေ့ (13 March 1415) ညဉ့် တွင် အနိစ္စရောက်သည်။ ဘုရင်မင်းခေါင်သည် ဒလသို့ စုန်လာ ၍ သားတော်၏အရိုးတို့ကို မွန်တို့မြှုပ်ထားရာမှ ဖော်ယူပြီးလျှင် ရွှေအိုးတွင်ထည့်ကာ မထီးအဝ (ယခုပသီဝ) တွင် ချလေသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒေါက်တာ နိုင်ပန်းလှရာဇာဓိရာဇ်အရေးတော်ပုံကျမ်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  3. ဆရာလွန်း။ မှန်နန်းရာဇဝင်တော်သစ်။ ပထမတွဲ။